ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတင်ပြင်ကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်း စစ်ဆေးရေး ခုံရုံးက တွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများအား စစ်တရားရုံးဖြင့် ရုံးထိုင် စစ်ဆေးမှုကို
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်မည်ဟု သတင်း ရရှိသည်။
“နက်ဖြန်မှာ ဘူးသီးတောင် နယ်မြေခံတပ်က စစ်တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ အကျဉ်းစစ် တရားရုံး ပေါ့။ Summary General Court-Martial နဲ့စစ်ဆေးမှာ ဖြစ်ပါတယ်။ တရားရုံးကတော့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ နယ်မြေ ခံ တပ်မှာရှိတဲ့ အရာရှိကြီးတွေက ဦးဆောင်ပြီးတော့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပြသည်။
၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေအရ တပ်မတော်သားများသည် နယ်ဘက် ဥပဒေများကို ကျူးလွန်ပါက စစ်တရား ရုံး ဖြင့်သာ စစ်ဆေးရမည် ဖြစ်သော်လည်း လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှုများကို နယ်ဘက်တရားရုံးသို့ လွှဲပြောင်း ပေးရ မည် ဖြစ်ကြောင်း၊ သို့သော် ယင်းအမှု ၃ မျိုးကို တန်းပြည့် စစ်မှုထမ်းချိန်တွင် ကျူးလွန်ပါက စစ်တရားရုံးဖြင့် စစ်ဆေးခွင့် ရှိကြောင်း စစ်ဥပဒေချုပ် ရုံးမှ ဗိုလ်မှူးကြီး အောင်ခင်သိန်းက ပြောသည်။
“Summary General Court-Martial ဆိုရင် ၃ ဦး ရုံးထိုင် စစ်ဆေးရပါတယ်။ Summary General Court-Martial စစ်တရားရုံးက သေဒဏ်အထိ အပြစ်ပေးလို့ ရပါတယ်”ဟု ဗိုလ်မှူးကြီး အောင်ခင်သိန်းက ယမန်နေ့တွင် နေပြည်တော် ၌ သတင်းထောက်များကို ပြောပြသည်။
တပ်မတော်၏ အရေးယူ ဆောင်ရွက်မှုသည် ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားသည့် ဘူးသီးတောင် မောင်တော ဒေသ ဂူတာပြင် ကျေးရွာအနီး အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်း စစ်ဆေးရေး ခုံရုံး၏ စစ်ဆေး တွေ့ရှိချက်ကို စစ်တရားရုံး ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲဖြစ်စဉ်တွင် ဂူတာပြင်ကျေးရွာမှ အကြမ်းဖက် ရွာသားတချို့လည်း ပါဝင်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် သောင်းကျန်းသူ ၁၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတချို့လည်း ရှိခဲ့ကြောင်း တပ်မတော်က ပြောဆို ထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဂူတာပြင် ကျေးရွာဖြစ်စဉ်မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့ လို့ အရေးယူရန် အခြေအနေ ပေါ်ပေါက်လာတယ်။ ဒါကြောင့်မို့လို့ သက်သေခံ အကျဉ်းချုပ်တွေ ဆက်လက်ပြီးတော့ ရေးမှတ်ယူတယ်။ အဲဒါတွေ ပြီးတဲ့အခါမှာ ကျနော်တို့က စစ်ဘက်တရားစီရင်ရေး လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက် ရင်းကနေ ပြစ်မှု ကျူးလွန်သည်ဟု အကျဉ်းတွေ့ရှိသူများကို စစ်တရားရုံးနဲ့ ရုံးထိုင် စစ်ဆေးမှာ”ဟု ပြောသည်။
ဂူတာပြင် ကျေးရွာတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက ARSA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော် စစ်သည် များသည် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rule of Engagement) အတိုင်း ဆောင်ရွက်မှု မရှိသည်ကို ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်သည့် တပ်မတော် စုံစမ်း စစ်ဆေးရေး ခုံရုံးက စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စတခုကို ၂၀၁၉ ခုနှစ်ရောက်မှ စစ်ဆေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင် သော်လည်း မစစ်ဆေးဘဲ နေသည်ထက် စစ်ဆေးခြင်းက ကောင်းသည်ဟု ပြောနိုင်ကြောင်း၊ သို့သော် ယခုလို ဖြစ် ရပ်မျိုး အင်းဒင်ကျေးရွာ ဖြစ်စဉ် ရှိခဲ့ဖူးပြီး အရေးယူခဲ့သော်လည်း မြန်မြန်ဆန်ဆန် ပြန်လွှတ်လိုက်ခြင်းကြောင့် နိုင်ငံ တကာ၏ ဝေဖန်မှုကို ခံခဲ့ရကြောင်း ရခိုင်အရေး စောင့်ကြည်သူ ဦးမောင်မောင်စိုးက ပြောသည်။
“စစ်ဆေးမှု ရှိသလို ဒီစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အပြစ်ပေးမယ်ဆိုရင်လည်း လုံလောက်တဲ့ အပြစ်ပေးမှု၊ ဆိုလိုတာ က နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ အပြစ်ပေးမှုမျိုး လိုအပ်မယ်လို့ ထင်ပါတယ်။ လက်ရှိ အနေအထားမှာတော့ ဘယ်လိုပဲ ငြင်းပယ်သည် ဖြစ်စေ၊ ဖိအားတွေကြောင့် ဆောင်ရွက်တယ်လို့ပဲ နိုင်ငံတကာကတော့ ပြောကြမှာပါပဲ”ဟု လည်း ဦးမောင်မောင်စိုးက ပြောဆိုသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် အရေးယူထားသည့် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦးနှင့် စစ်သည် ၃ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ထို့ပြင် ဂူတာပြင် ကျေးရွာအနီးတွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ ခုတွင် အစုလိုက် အပြုံလိုက် မြှုပ်နှံ ကြောင်း၊ ယင်းတို့ကို အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားသဖြင့် ရုပ်ပျက် ဆင်းဖျက် ဖြစ်နေကြောင်း AP သတင်း ဌာန၏ ဖော်ပြချက်ကို သမ္မတရုံးက မှန်ကန်မှု မရှိကြောင်း ၂၀၁၈ ဖော်ဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
တပ်မတော်ကမူ ယင်းဖြစ်စဉ်နှင့် ယခု စုံစမ်း စစ်ဆေးနေသည့် ဖြစ်စဉ်သည် မတူကြောင်း တုံ့ပြန်ထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ ARSA က ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များလည်း ထွက်ပေါ်လာ ခဲ့သည်။
ယင်း စစ်ဆင်ရေးများတွင် တပ်မတော်သည် အင်အားအလွန်အကျွံ သုံးခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။
ယခုလည်း အစ္စလမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုခြင်း၊ မြန်မာ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်းများ အာဂျင် တီးနား တရားရုံးတွင် တရားစွဲခံရခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) က မြန်မာကို စုံစမ်း စစ်ဆေးရန် သဘောတူသည့် ဖြစ်ရပ်များသည် နိုင်ငံတကာ ဖိအားများ တိုးလာနေကြောင်း သက်သေပြလျက် ရှိသည်။
မြန်မာကမူ ICC နှင့် အာဂျင်တီးနား ကိစ္စရပ်များကို လက်ခံစဉ်းစားမည် မဟုတ်သော်လည်း ICJ အရေးနှင့် ပတ်သက် ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ဖြေရှင်းမည် ဟု အစိုးရက ထုတ်ပြန်ထားသည်။
You may also like these stories:
ဂူတင်ပြင်တွင် တပ်မတော်၏ တွေ့ရှိချက် AP သတင်းဖော်ပြမှုနှင့် မသက်ဆိုင်ဟုဆို
ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်