ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုက်ပွဲအတွင်းက ဖမ်းဆီးရမိသည်ဟုဆိုသော တပ်မတော်သား သုံ့ပန်း ၁၃ ဦးကို ဓာတ်ပုံနှင့်တကွ ဖော်ပြပြီး အစိုးရနှင့် တပ်မတော်အနေဖြင့် ဖမ်းဆီးထားသည့် ရခိုင်အရပ်သားများနှင့် လူချင်းလဲမည်ဆိုပါက ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေးမြန်းရာ AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ကျနော်တို့ဘက်ကတော့ စစ်သုံ့ပန်းတွေ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကလည်း စတိတ်မန့်ထုတ်ပြီးတော့လည်း ပြောထားပြီးပြီ။ ဗမာစစ်တပ်နဲ့ ဗမာ အစိုးရဘက်က သူတို့ မရားဖမ်းဆီးပြီးတော့ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးချုပ်နှောင်းထားတဲ့ ရခိုင်အရပ်သားတွေကို ပြန်လည်လွတ်ပေးမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း အပြန်အလှန်အားဖြင့် စစ်ဘက်နဲ့ ဆိုင်တဲ့ စစ်သုံ့ပန်းတွေကို ပြန်လည်လွှတ်ပေးဖို့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိဖြစ်ပွားနေသော စစ်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်အရပ်သားများမှာ ရာကျော် ရှိနေသည့်အတွက် မည်သည့် ပုဂ္ဂိုလ်များနှင့် လဲလှယ်လိုကြောင်းကို မေးမြန်းရာ တပ်မတော်ဘက်က သဘောတူမှသာ အသေးစိတ် ဖော်ထုတ်ပြောဆိုသွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ဆိုသည်။
ဦးခိုင်သုခက “ ပြောမယ်ဆိုလို့ ရှိရင်တော့ အခု လက်ရှိစစ်ဖြစ်နေတဲ့ ကာလအတွင်းမှာ အဖမ်းခံထားရတဲ့ ရခိုင်အရပ်သား အားလုံးကို ခြုံပြီးတော့ ပြောတာပေါ့ ။ သူတို့ဘက်က အားလုံးကို ပြန်လွတ်ပေးမည်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း သူတို့ဘက်က ဖမ်းထားတဲ့ လူတွေကို ပြန်လွတ်ပေးဖို့ အစီအစဉ် ရှိတာပေါ့။ တကယ် သူတို့ဘက်က အသေးစိတ်ညှိမယ်ဆိုရင် ကျနော်တို့ကလည် အသေးစစ် ပြန်ပြောဖို့ ရှိတာပေါ့။ အခုလောလောဆယ်တော့ အသေးစိတ် ပြန်ပြောဖို့ အစီအစဉ် မရှိသေးဘူး” ဟု ဆက်လက်ပြောကြားသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောက်ဖက် ၃.၇ ကီလိုမီတာ ( သို့မဟုတ် ) ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း)အနောက်ဖက်ရှိ တောင်တန်း ပေါ်တွင် တပ်မတော်မှ တပ်မ ၇၇ လက်အောက်ခံ မှော်ဘီ အခြေစိုက် ခမရ ၃၁၃ တပ်ရင်းနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ ဗိုလ်အဆင့် ရှိသူ ၁ ဦးနှင့် အရာခံဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သည် ၁၃ ဦးကို လက်ရဖမ်းဆီးရမိကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက AA သတင်းပြန်ကြား ရေးဌာနက ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် တပ်မတော်သား စစ်သုံ့ပန်း ၁၃ ကို ဖမ်းဆီးရမိသည်ဆိုသည့် AA ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သတင်းအမှားသာ ဖြစ်ပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု မရှိကြောင်း ငြင်းဆိုထားသည်။
ဗိုလ်မှူးကြီးဝင်းဇော်ဦးက “AA ထုတ်ပြန်ချက်က သတင်းအဟောင်းကြီးပါ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ဖြစ်ပွားခဲ့တဲ့ သတင်းပါဗျ။ အဲဒီတုန်း ဟိုနား ဒီနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ဟာကို ပြောတာနေမှာ။ ကျနော်ပြောလိုတာက သတင်းအမှားသာ ဖြစ်တယ်။ မနေ့က (နိုဝင်ဘာ ၁၉) အဲဒီ ပလက်ဝ ဘက်မှာ တိုက်ပွဲလည်း မဖြစ်ဘူး ” ဟု ဧရာဝတီသို့ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဖြေဆိုထားသည်။
ပလက်ဝမြို့နယ်တိုက်ပွဲအတွင်းက ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၁၃ ဦးနှင့်ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်အနေဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက AA သတင်း ပြန်ကြားရေးဌာနက တပ်မတော်သားများ၏ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လာသည်။
ယခုနောက်ဆက်တွဲ AA ၏ ထုတ်ပြန်ချက်နှင့် စစ်သုံ့ပန်းများကို ဖမ်းဆီးခံ ရခိုင်တိင်းရင်းသားများနှင့် လဲလှယ်လိုကြောင်း AA အဖွဲ့၏ ကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ ။
ယင်းသို့ အစိုးရနှင့်တပ်မတော်အနေဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော ရခိုင်အရပ်သားများကို ပြန်လည် လွတ်ပေးခြင်း မရှိလျှင် AA အနေဖြင့်လည်း တပ်မတော်သား စစ်သုံ့ပန်းများကို ဆက်လက် ဖမ်းဆီး ထားမည် ဖြစ်ကြောင်း ဦးခိုင်သုက ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါ ဖမ်းဆီးရမိသည့် တပ်မတော်သား စစ်သုံ့ပန်းများကို AA ၏ စစ်သုံ့းပန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်များနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားသလို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေများနှင့်အညီလည်း ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ဆိုသည်။
ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သားများအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး၏ အမည်နှင့် ဓာတ်ပုံများကို ဖော်ပြပြီး သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA အဖွဲ့က ကမ်းလှမ်းခဲ့ရာ စစ်သုံ့ပန်း ဆိုင်ရာ လဲလှယ်ခြင်း စည်းမျဉ်း၊ စည်းကမ်းတွင် အကျုံးမဝင်သည့်အတွက် အကြမ်းဖက်အဖွဲ့နှင့် သုံးပန်းချင်း မလဲလှယ်ကြောင်း တပ်မတော်က ငြင်းပယ်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကုလားတန်စီမံကိန်းကို AA တိုက်ခိုက်နေဟု တပ်မတော်ပြော
ပလက်ဝ တိုက်ပွဲအတွင်း သုံ့ပန်း ၁၃ ဦး ဖမ်းမိဆိုသည့် AA ထုတ်ပြန်ချက် မှားယွင်းဟု တပ်မတော် ပြော
ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ