လှိုင်သာယာ မြို့နယ်ရှိ Great Well ဖိနပ် စက်ရုံ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြေလည်မှု မရှိသေးသည့်အတွက် အလုပ်သမားများက ရန်ကုန်တိုင်းအစိုးရအား ကြားဝင် ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။
ရွှေလင်ပန်း စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Great Well ဖိနပ်စက်ရုံ အလုပ်သမား ၂၃၀ ကျော်သည် နိုဝင်ဘာလ ၁ ရက် မှ စတင်ကာ ဆန္ဒပြ တောင်းဆိုကာ ညှိနှိုင်းလျက် ရှိသော်လည်း ပြေလည်မှု မရှိသေးဘဲ ယနေ့ ရန်ကုန်တိုင်း အစိုးရရုံးသို့ လာရောက် တောင်းဆိုကြခြင်း ဖြစ်သည်။
အဆိုပါ စက်ရုံမှ ယခင်က ပုံမှန်ပေးလျက် ရှိသော အလုပ်ရှင် အလုပ်သမား စာချုပ်ပါ ရက်မှန်ကြေးနှင့် ရှားပါးစရိတ်ကို မပေးတော့ခြင်း၊ လုပ်သက်ကြေးနှင့် အတတ်ပညာကြေး နှုန်းထားများကို လျှော့ချခြင်းများကြောင့် လက်ရှိ ရရှိနေသော ၁ လ လုပ်ခ လစာနှုန်းထားမှာ အခြားဖိနပ်ချုပ် စက်ရုံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက် ရှိကြောင်း အလုပ်သမားများက ပြောသည်။
ယင်းစက်ရုံ၏ လုပ်သက် ၈ နှစ် ရှိသည့် အလုပ်သမား ခေါင်းဆောင် မသိမ့်သိမ့်ဖြိုးက “လှိုင်သာယာထဲက စက်ရုံတွေ အကုန်လုံး ရက်မှန်ကြေး အကုန်ပေးတယ်။ ကျမတို့ စက်ရုံပဲ မပေးတာ။ ပြီးတော့ ဖယ်ရီ မရှိတဲ့အတွက် ကားခကိုလည်း အရင်က ၄၀၀ (ကျပ်) ကို ၈၀၀ တိုးတောင်းထားတာကို ၁၀၀ ပဲ တိုးပေးသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် အလုပ်သမားများဘက်မှ ရက်မှန်ကြေးကို ကျပ် ၂ သောင်း၊ အတတ်ပညာကြေးကို ကျပ် ၁ သောင်းခွဲ၊ လမ်းခရီးစရိတ်(ကားခ)ကို ကျပ် ၈၀၀ နှင့် လုပ်သက်ကြေးကို ကျပ် ၃ ထောင်မှ ၅ ထောင် အထိ ပေးရန်တောင်းဆိုလျက် ရှိကြောင်း သိရသည်။
စက်ရုံ အနေဖြင့်လည်း ယခင်က နှစ်များထက်က အော်ဒါများ ကျဆင်းနေခြင်းကြောင့် အချိန်ပိုများလည်း မဆင်းရတော့ သည့် အတွက် အလုပ်သမားများ ရရှိသော တလ လုပ်ခလစာ(ခံစားခွင့်များ အပါအဝင်)မှာ ကျပ် ၁ သိန်း ၆ သောင်းခန့် သာ ဖြစ်ခြင်းကြောင့် စားဝတ်နေရေးအတွက် အဆင်မပြေတော့ကြောင်း လုပ်သက် ၂ နှစ်ခန့် ရှိနေပြီ ဖြစ်သော မစိုးမြတ်စန္ဒာက ပြောသည်။
၎င်းက “အိမ်ငှား စရိတ်တင် တလကို ၅ သောင်းလောက် ရှိနေတာ ကျမတို့အတွက် ဘယ်လိုမှ အဆင်မပြေဘူး။ အခု လည်း အခွင့်အရေးတွေကို ပိုပြီး တောင်းနေတာ မဟုတ်ပါဘူး။ အကုန်လုံး အဆင်ပြေနိုင်မယ့် နှုန်းထားတွေကို တောင်း တာ အလုပ်ရှင်ဘက်က တိုးပေးတာတွေက အလုပ်သမားတွေ တောင်းတဲ့ သုံးပုံ တပုံလောက်တောင် တိုးမပေးဘူး” ဟု ဆိုသည်။
ထိုသို့ Great Well ဖိနပ် စက်ရုံ အငြင်းပွားမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ လာရောက် တောင်းဆိုမှုကြောင့် တိုင်းအစိုးရဘက်မှ လာမည့် နိုဝင်ဘာလ၂၈ ရက်တွင် သုံးပွင့်ဆိုင် ညှိနှိုင်း ဖြေရှင်းပေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သိ ရသည်။
ယင်းသို့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာများကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပါဝင်သော မြို့ နယ် ညှိနှိုင်း ဖြန်ဖြေရေးများနှင့် စက်ရုံအတွင်း အလုပ်ရှင် အလုပ်သမားများ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်မှာ ယခုလအတွင်း ပင် ၈ ကြိမ် ခန့် အထိ ရှိပြီး ပြေလည်မှု မရှိသေးကြောင်း အလုပ်သမားရေးရာ ဆောင်ရွက်ပေးနေသည့် Action Labour Right အဖွဲ့မှ စည်းရုံးရေးမှူး ကိုရန်နောင်သူက ပြောသည်။
“အလုပ်ရှင်က ရုံးစာရေးကိုပဲ လွှတ်ပြီး ဖြေရှင်းခိုင်းတယ်။ ဒါပဲပေးနိုင်မယ်၊ မညှိဘူး ဆိုပြီး အပြတ်ပြောလို့ တိုင်းအစိုးရထိ ရောက်လာတာပါ။ လုပ်သက်ကြေးတွေ ဘာတွေဆိုလည်း အလုပ်သမားတွေ တောင်းဆိုတဲ့နှုန်းထက် အများကြီး နည်းနေ တယ်။ ၁ ထောင်လောက်ပဲ တိုးပေးချင်တာ။ ညှိနှိုင်းတဲ့အခါမှာလည်း စက်ရုံဘက်က တကယ်ကို ပြောဆို ဆုံးဖြတ်နိုင်တဲ့ အဆင့်လောက် လာပြီး ညှိစေချင်တယ်” ဟု ၎င်းက ဆိုသည်။
You may also like these stories: