မြန်မာနိုင်ငံအတွင်းရှိ လိင်လုပ်သားများကို အကြမ်းဖက်ခံရခြင်းမှ ကာကွယ် ပေးနိုင်မည့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး က “ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ လုပ်မယ့် အစား ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ဆိုပြီးတော့ ပြန်လည် ပြင်ဆင်ရေးဆွဲ နေတယ်။ ပြည့်တန်ဆာဆိုင်ရာ ဥပဒေမှာတော့ ပြည့်တန် ဆာလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီးတွေကို အဓိက အကာ အကွယ် ပေးဖို့ပါ” ဟု ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် ပြုလုပ်သည့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြော သည်။
မြန်မာနိုင်ငံတွင် Sex Worker များကို အရေးယူမှုများ လုပ်ဆောင်ရာတွင် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့် ကျင့်သုံး နေရာ ခေတ်ကာလ ပြောင်းလဲ လာသည်နှင့်အမျှ ဥပဒေများ ပြောင်းလဲရန် လိုအပ်သဖြင့် ယင်းဥပဒေကို ခေါင်းစဉ်မှ စတင် ပြောင်းလဲထားကြောင်း၊ ပြည့်တန်ဆာများအား အကာ အကွယ် ပေးထားသည့် အချက်အလက်များ အပြင် ၎င်းတို့ ယင်း နယ်ပယ်မှ လွတ်မြောက်လာရန်နှင့် ကျန်းမာရေး လိုအပ်ချက်များ၊ လူမှုဘဝ စီးပွားရေး လိုအပ်ချက်များပါ ဆောင်ရွက်ပေး မည့် အချက်အလက်များကို ထည့်သွင်း ရေးဆွဲထားကြောင်း ဒေါက်တာ စန်းစန်းအေးက ရှင်းပြသည်။
မြန်မာနိုင်ငံရှိ လိင်လုပ်သားများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံနေရသည့် အပြင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရ သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း၊ ခေတ်ကာလ ပြောင်းလဲလာသည်နှင့် အမျှ လိင်လုပ်သားများမှာ အမျိုးသမီးများ သာမကဘဲ အမျိုးသားများမှာ ရှိလာပြီ ဖြစ်သဖြင့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေမှာ ထွက်ရန် လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည် က သုံးသပ် သည်။
“နိုင်ငံတကာနဲ့ ယှဉ်ပြီး ရင်ဘောင်မတန်းနိုင်သေးဘူး။ ယဉ်ကျေးမှုတွေ ရှိနေတယ်။ ဒါလေးကို ဖောက်ထွက်ပြီးတော့ လိင်လုပ်သားတွေ အကြမ်းဖက် မခံရဖို့၊ ခေါင်းပုံ အဖြတ်မခံရဖို့ကို ဆက်လက် ညှိနှိုင်းမှာ ဖြစ်တဲ့အတွက် ဥပဒေ ထွက်ရှိဖို့ နည်းနည်း ကြာဦးမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာ ကွယ်ရေး ဥပဒေ (PoVAW) မူကြမ်းကို ယခုကျင်းပနေသည့် ၁၄ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးသို့ တင်ပြ ပြီးပါက လာမည့် ၁၅ ကြိမ်မြောက် လွှတ်တော်တွင် အဆိုပါ ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို တင်သွင်းနိုင်ရန် ကြိုးပမ်း နေကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
လိင်လုပ်သားများမှာ လူသိရှင်ကြား လုပ်ကိုင်မရသည့် အလုပ် ဖြစ်နေရာ ၎င်းတို့၏ လုပ်အားခ ၃ ပုံ ၂ ပုံခန့်သည် ခေါင်းပုံဖြတ်ခံနေရကြောင်း၊ တိုင်ကြားမှု ပြုလုပ်ပါကလည်း ထိရောက်သည့် အပြစ်ပေးမှုနှင့် ကာကွယ်ပေးမှု အပြည့်အဝ မရရှိသဖြင့် တရားဥပဒေကို ယုံကြည်မှု ကင်းမဲ့လာကြကြောင်းကို အမျိုးသမီးရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက သုံးသပ်ကြသည်။
မြန်မာနိုင်ငံမှ လိင်လုပ်သားများ အများဆုံး အလုပ်လုပ်ကိုင်သည့်နေရာမှာ တရုတ်နယ်စပ်၊ မူဆယ်တွင် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးမှာ မန္တလေးမြို့ ဖြစ်ကြောင်းလည်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။
ကျား/မ ရေးရာ တန်းတူ ညီမျှရေးကွန်ရက်မှ ဒါရိုက်တာ မေစပယ်ဖြူကလည်း “ဥပဒေ အပေါ်မှာ ယုံကြည်အားကိုးမှု၊ ယုံ ကြည်စိတ်ချမှု အားနည်းလာတဲ့ အခါမှာ ငါတို့ တိုင်လည်း အလကားပါပဲကွာ ဆိုပြီး မတိုင်တော့တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိတယ်။ တိုင်ကြားမှု နည်းလေလေ ကျူးလွန်တဲ့သူတွေက လွတ်မြောက်လေလေ ဖြစ်နေတာပေါ့” ဟု သုံးသပ်သည်။
ပြည့်တန်ဆာ ဆိုင်ရာ ဥပဒေ အပြင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေ (PoVAW) မူကြမ်းကို မကြာမီ ကာလအတွင်း လွှတ်တော်သို့ တင်ပြနိုင်မည်ဖြစ်ကြောင်း၊ ယင်းဥပဒေ ထွက်ပေါ်လာပါက အမျိုးသမီး များ အပေါ် အကြမ်းဖက်မှုများကို ဥပဒေ အကြောင်းအရာအရ ပိုမိုကာကွယ် စောင့်ရှောက်ပေးနိုင်မည် ဖြစ်ကြောင်းလည်း အထက်ပါ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ ကျင်းပသည့် ပဲွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် အကြမ်းဖက်ခံရသူများ၏ လုံခြုံရေးအတွက် ခိုနားရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အကူအညီများ ရစေရန် ချိတ်ဆက်ပေးခြင်း စသည်များလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယာယီနားခိုနိုင်သည့် One Stop Women Support Center (OSWSC) များကိုလည်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် နှင့်လားရှိုး မြို့ များတွင် ဖွင့်လှစ်၍ အကြမ်းဖက်မှု ပြဿနာများကို ခံစားနေရသည့် အမျိုးသမီးများအား ယာယီ လက်ခံ စောင့်ရှောက် ပေးပြီး စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။