ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း တပ်မတော်နှင့် ပလောင် (တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ ကျော် အနက် ၃၀၀ ဦးရေခန့်မှာ ရာသီတုပ်ကွေး ဖြစ်ပြီး ဖျားနာနေကြသည်ဟု သတင်း ရရှိသည်။
စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၃၀၀ ခန့် တုပ်ကွေးဖြစ်ကာ ဖျားနာနေသည့် နေရာမှာ နမ့်ဆန်မြို့နယ်၊ ကျောက် ဖြူ လေးရွာရှိ စစ်ဘေးရှောင် စခန်းတွင် ဖြစ်ပြီး၊ ၎င်းတို့မှာ နိုဝင်ဘာ ၁၆ ရက်မှ ၂၃ ရက်ထိ ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်သည်။
ဧရာဝတီသတင်းဌာနမှ ကျောက်ဖြူလေးကျေးရွာသို့ နိုဝင်ဘာ ၂၅ ရက်က ရောက်ရှိစဉ် စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်ဦးရေ ၇၀၀ အနက် ၃၀၀ မှာ နှာစေး၊ ချောင်းဆိုးကာ ကိုယ်ပူပြီး ဖျားနေကြသည်ကို တွေ့ရသည်။
ကျောက်ဖြူလေး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလှိုင်နှင့် ကျောက်ဖြူလေး ကျေးရွာတွင် ရောက်ရှိပြီး ဆေးကုသ ပေးနေသည့် ကျေးလက် ကျန်းမာရေးဌာန (ကွမ်ဟယ်)မှ ကျန်းမာရေးမှူး ဒေါ်အေးအေးမူကလည်း စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၃၀၀ ခန့် ဖျားနာနေသဖြင့် ဆေးကုသပေးနေရသည်မှာ မှန်ကန်ပါသည်ဟု ပြောသည်။
ဧရာဝတီက သွားရောက်စဉ် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ကျောက်ဖြူလေး ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ၂၅ ပေ ပတ်လည် အဆောက်အဦး တခုတွင် ဦးရေ ၃၀ ခန့် စုဝေး နေထိုင်နေကြသည်ကို တွေ့ရသည်။
နမ့်ဆန်မြို့နယ် ကျေးလက်ကျန်းမာရေး ဌာနမှ တုပ်ကွေးရောဂါ ကုသရေးအတွက် ဆေးဝါးများနှင့် အတူ ကျေးလက် ကျန်းမာရေးမှူး တဦးနှင့် သားဖွား ဆရာမတဦးတို့ကိုလည်း ကျောက်ဖြူလေးကျေးရွာရှိ စစ်ဘေးရှောင်စခန်းသို့ ပို့ ဆောင်ထားသဖြင့် ကုသပေးနေသည်ကိုလည်း တွေ့ရသည်။
ကျေးလက် ကျန်းမာရေးမှူး ဒေါ်အေးအေးမူက “ကျမတို့ ၂၁ ရက်ကတည်းက ရောက်လာပြီး ကုပေးနေတာ ဒီနေ့ထိပဲ။ ဒီမှာ စစ်ဘေးရှောင် ၇၀၀ ထဲမှာ ၃၀၀ က ဖျားနေတာ။ တုပ်ကွေးက အသက်ရှူလမ်းကြောင်းကနေ တဆင့်ကူးတော့ သူတို့ကလည်း ကပ်သပ်နေရတော့ ကူးကုန်ပြီး ဖျားကြတာ” ဟု ပြောသည်။
ဖျားနာနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၃၀၀ ထဲတွင် ၇ နှစ်အောက် ကလေးငယ်များလည်း ပါဝင်ပြီး အသက် ၇၀ အထက် အဘိုးအဘွားများလည်း ဆေးကုသမှု ခံယူ နေရသည်ကို တွေ့ရသည်။
ဒေါ်အေးအေးမူက “သူတို့ အဖျားက ပြင်းတယ်။ ၁၀၃၊ ၁၀၄ တွေ ချည်းပဲ။ ၁၀၂ ကို မရှိကြတာ” ဟုလည်း ဆိုသည်။
ဖြစ်ပွားသည့် တုပ်ကွေးမှာ ဆောင်းရာသီအတွင်း ဖြစ်ပွားသည့် ရာသီတုပ်ကွေး ဖြစ်သော်လည်း စစ်ဘေးရှောင် ဒုက္ခ သည်များမှာ အဆောက်အဦး တခုတည်းတွင် လူဦးရေ ၃၀ ခန့် စုဝေး နေထိုင်နေကြရ သဖြင့် တဦးဖျားလျှင် အခြား သူများပါ အဖျားကူးပြီး လူအများအပြား စုပြုံ ဖျားနေကြခြင်း ဖြစ်သည် ဟုလည်း ဒေါ်အေးအေးမူက ဆိုသည်။
တုပ်ကွေးဖြစ်ရာမှ တဆင့် ဝမ်းပျက်ဝမ်းလျောများ ဖြစ်မည်ကိုလည်း စိုးရိမ်သဖြင့် ယင်လုံအိမ်သာများ စနစ်တကျ သုံး ရန်၊ သန့်ရှင်းရေးကို ဂရုစိုက်ရန် ကျန်းမာရေး အသိပေး ဟောပြောမှုများလည်း ပြုလုပ်ထားပါသည်ဟု ဒေါ်အေးအေး မူက ဆိုသည်။
လက်ရှိတွင် ဖျားနာနေသူများကို နေ့စဉ် ဆေးပေးနေရသောကြောင့် ဆေးဝါးများ မလုံလောက်မည်ကို စိုးရိမ်ရသဖြင့် မြို့နယ်နှင့် ပြည်နယ်အဆင့် ကျန်းမာရေး ဌာနများကိုလည်း ဆေးဝါးများ ထပ်မံ ပို့ပေးရန် မှာထားသည်ဟုလည်း သိရသည်။
ကျောက်ဖြူလေး ကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ဒေါ်အေးဌေးက “ကျမ စပြေးလာတုန်းက မဖျားဘူး။ ဒီရောက်တော့ စောင်လည်းမရှိ တောင်ပေါ်ဆောင်းက အရမ်းချမ်းတော့ ဖျားကုန်တာ။ အခု ကျမ ကလေး နှစ်ယောက်လည်း ဖျားနေတယ်။ အိမ်မှာဆို သက်တောင့်သက်သာ နေရမှာ” ဟု ပြောသည်။
ဒေါ်အေးဌေးသည် အာပြောင်ကျေးရွာမှ ထွက်ပြေးလာရသူ တဦး ဖြစ်ပြီး ထွက်ပြေးလာစဉ် အဝတ်အစားအချို့သာ ယူလာရသည်ဟု ဆိုသည်။
တပ်မတော်နှင့် TNLA တို့သည် နိုဝင်ဘာ ၁၆ ရက်မှ စ၍ နိုဝင်ဘာ၂၃ ရက်ထိ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲနှင့် နမ့်ဆန်မြို့နယ်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဒေသခံများက နိုဝင်ဘာ ၂၄ ရက်ထိ ပစ်ခတ်သံများ ကြားနေရဆဲ ဖြစ်သည်ဟုလည်း ပြောသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က နမ့်ဆန်မြို့နယ် အတွင်း စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဖြစ်ရာ တပ်မတော်ဘက်မှ ရဟတ်ယာဉ်များဖြင့် နိုဝင်ဘာ ၂၁ ရက်ထိ ပစ်ခတ်မှုများ ပြုလုပ်သည်ဟု ဆို သည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်း တို့ကြောင့် မိုင်းငေါ့မြို့နယ်၊ နားလွေး ကျေးရွာမှ အရပ်သား ၇၀ ခန့်မှာ မန်ခေါက်ကျေးရွာ အုပ်စုသို့ နိုဝင် ဘာ ၁၆ ရက်မှ စ၍ ယနေ့ထိ ထွက်ပြေး တိမ်းရှောင်နေရသည်။
နမ့်ဆန်မြို့နယ်တွင်လည်း ကြက်သေရွာ၊ အာပြောင်ရွာ၊ ခုံငင်းရွာ အပါအဝင် အနီး ပတ်ဝန်းကျင်ရွာများမှ အရပ်သား များမှာ နိုဝင်ဘာ ၁၈ ရက်မှ စ၍ ထွက်ပြေးလာကြပြီး လက်ရှိတွင် ကျောက်ဖြူလေး ကျေးရွာတွင် လူဦးရေ ၇၀၀၊ ပန်နင်း ကျေးရွာ အုပ်စုတွင် ၃၆၀ ဦး တို့မှာ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် ခိုလှုံနေကြသည်။
ပန်နင်းကျေးရွာ အုပ်စုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၆၀ ဦးကိုလည်း တုပ်ကွေးဖြစ်ပြီး ကူးစက်ကြ မည်ကို စိုးရိမ်သဖြင့် ဖျားသည့် လက္ခဏာများ ရှိလာပါက ဆေးသောက်နိုင်ရန် ဆေးများ ပို့ပေးထားပြီးပြီဟုလည်း ဒေါ်အေးအေးမူက ဆိုသည်။
မန်ခေါက်ကျေးရွာတွင် လာရောက် ခိုလှုံနေကြသူများမှာ ဖျားနာခြင်း မရှိကြဟု အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြော သည်။
စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံနေသည့် မန်ခေါက်ကျေးရွာ၊ ကျောက်ဖြူလေး ကျေးရွာနှင့် ပန်နင်း ကျေးရွာတို့မှာ မိုင်းငေါ့မြို့နယ်ခွဲမှ ဆိုင်ကယ်၊ ကားဖြင့် တဆင့် သွားရသည့် တောင်ပေါ်ရွာများ ဖြစ်သည်။
စစ်ရေး အခြေအနေ မတည်ငြိမ်သဖြင့် တောင်ပေါ်ရွာများသို့ သွားသည့် လမ်းများတွင် ညနေ ၄ နာရီကျော်နှင့် မနက် ၈ နာရီကြား လုံခြုံရေးအရ TNLA ဘက်မှ မိုင်းထောင်ထားသဖြင့် မသွားလာကြရန် ဟူသည့် သတင်း စကားများ လည်း ဒေသခံများကြားတွင် ပျံ့နှံ့နေသည်။
ဆက်စပ်ဖတ်ရှုရန်
TNLA ၏ လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော် သိမ်းဆည်းဟု ဆို
TNLA ထံမှ ဖမ်းမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ် လေယာဉ်ပစ်ဒုံးများ ပါဝင်ဟုဆို