ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုတွင် ကွန်ကရစ်လောင်းထားသည့် နေရာ ပြိုကျသည့် အတွက် မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦးအပါအဝင် ဆောက်လုပ်ရေးလုပ်သား ခုနစ်ဦးသေဆုံးပြီး အခြားသူနှစ်ဦး အပြင်းအထန် ဒဏ်ရာရသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီတွင် ရေနံအဆောက်အအုံ ပြိုကျခြင်းဖြစ်ပြီး အလုပ်သမား ကိုးဦး အပျက်အစီးများအောက်တွင် နစ်မြုပ်သွားခြင်းဖြစ်ပြီး၊ မြန်မာအမျိုးသမီး အလုပ်သမားတဦးနှင့် ထိုင်းအမျိုးသား အလုပ်သမားတဦးတို့ကို ကယ်ဆယ်နိုင်ခဲ့သည်။
သေဆုံးသူများထဲ တွင် မြန်မာအမျိုးသမီး အလုပ်သမားတဦးလည်း ပါဝင်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်စိုးဝင်း၏ အဆိုအရ သိရသည်။
မတော်တဆမှုအတွင်း သေဆုံးသွားသော မြန်မာအလုပ်သမားများဖြစ်ကြသည့် မကေသီခိုင်နှင့် ကိုနေမျိုးဝင်း တို့သည် ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုအလုပ်သမား သံအရာရှိက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
မမျိုးမျိုးရီသည် ပြင်းထန်သော ကျောရိုးနှင့် လက်မောင်းဒဏ်ရာများ ခံစားရပြီး တတိယသေဆုံးသူ ကိုစအောင်အောင်သည် နှစ်ဖက် အလုပ်သမားအလုပ်အကိုင် သဘောတူညီချက်အရ ၂၀၁၇ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြောင်းလည်း သူက ပြောသည်။
“အလုပ်သမားတွေရဲ့ ဈာပနကို အရင်ဆုံးလုပ်မယ်။ ပြီးတော့မှ သေဆုံးမှုတွေအတွက် ဥပဒေအရ ခံစားခွင့်နဲ့ လျှော်ကြေး ကိစ္စလုပ်မယ်” ဟု ဦးကျော်စိုးဝင်းက ပြောသည်။
မတော်တဆမှုဖြစ်ပွားစဉ်က ထို ဆီသိုလှောင်ရုံတည်ဆောက်သော လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ၃၀ ခန့် လုပ်ကိုင်နေကြောင်း သိရသည်။
စစ်ဆေးရေးအဖွဲ့၏ အဆိုအရ အင်ဂျင်နီယာပိုင်းဆိုင်ရာ မှားယွင်းမှုများကြောင့် မတော်တဆဖြစ်ရကြောင်း ဘန်ကောက်ရှိ မြန်မာပြည်ပ အလုပ်အကိုင် အေဂျင်စီများအဖွဲ့ချုပ်နှင့် မြန်မာသံရုံးကို ကိုယ်စားပြုသော ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ပြောသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော်ခရိုင်တွင် ကားမတော်တဆမှုအတွင်း မြန်မာ အလုပ်သမား လေးဦး သေဆုံးသည်။ ထိုစဉ်က အလုပ်သမား ၂၃ ဦး ပါဝင်သော အုပ်စုတခုသည် ထိုင်းမှ မလေးရှားသို့ တရားမဝင်သွားရောက်ရန် ကြိုးစားစဉ် ထိုသို့ဖြစ်ပွားခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များဖြစ်သော တက်နှင့်ကမ်ဖန်ပက်တွင် ဖြစ်ပွားသည့် မော်တော်ယာဉ် မတော်တဆမှု နှစ်ခုအတွင်း မြန်မာအလုပ်သမား ၃၀ အထိ သေဆုံးသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းထောက် ဇော်ဇော်ထွေး ရေးသားသည့် Three Myanmar Workers Among Seven Killed in Construction Accident in Thailand ကို ဘာသာပြန်သည်။