အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် ကာလကြာမြင့်စွာ စောင့်ဆိုင်းနေသည့် ပူးတွဲ အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး (JICM) ကို လာမည့်လတွင် ပြန်လည်ကျင်းပရန် ဆွေးနွေးနေသော်လည်း ရက်စွဲ အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသေးပေ။
JICM ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး တနှစ်ကြာ ဆိုင်းငံ့ထားသော တရားဝင်ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် နည်းလမ်းတခုအဖြစ် မြင်ကြသည်။
ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ သည် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် ယခုတပတ် နိုဝင်ဘာ ၁၉၊ ၂၀ နှင့် ၂၂ ရက်နေ့များတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် တွေ့ဆုံခဲ့ကြကြောင်း မြန်မာငြိမ်းချမ်းရေးကော်မရှင် (PC) ၏ အကြံပေး ဦးလှမောင်ရွှေက ပြောသည်။
JICM ကို ခရစ္စမတ်အားလပ်ရက် မတိုင်မီ ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် အစိုးရညှိနှိုင်းသူများ မျှော်လင့်နေ ကြောင်း ဦးလှမောင်ရွှေက ပြောသည်။ EAOs များသည် ဒီဇင်ဘာလ အစောပိုင်းတွင် ကျင်းပမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိန်းကြောင်းရေးအဖွဲ့ ဆွေးနွေးပွဲများအပြီးတွင် တုန့်ပြန်မည်ဖြစ်ကြောင်း မကြာသေးမီက အစည်း အဝေးတခုအပြီးတွင် သူက ပြောသည်။
တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်မစတင်မီ NCA အခြေခံမူများနှင့် အကောင် အထည်ဖော်မှု သာမက၊ ပူးတွဲအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ခြင်းတို့ကို အစိုးရ၊ တပ်မတော်တို့နှင့် အသေး စိတ် ဆွေးနွေးခြင်းကို ပိုမိုလိုလားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က ပြောကြားထားသည်။
EAO ကိုယ်စားလှယ်များသည် JICM ကို မကြာမီ ကျင်းပရေးအတွက် ညှိနှိုင်းနေကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။
တရားဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်မစတင်မီ အလွတ်သဘော ဆွေးနွေးမှုများ ကျင်းပသင့်သည်ဟူ သော KNU နှင့် RCSS တို့၏ သဘောထားကို သူ၏အဖွဲ့က ထောက်ခံကြောင်း ဧရာဝတီ သတင်းဌာနသို့ သူက ပြောသည်။
PC အတွင်းရေးမှူး ဦးခင်ဇော်ဦး ခေါင်းဆောင်သော ငြိမ်းချမ်းရေးညှိနှိုင်းသူများသည် KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောတာဒိုမူး ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် သောကြာနေ့က ဆွေးနွေးကြသည်။
“အောင်မြင်အကျိုးရှိသော KNU နှင့် ယနေ့ အစည်းအဝေး”ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးကြပ်သော နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြောခွင့်ရသူ ဦးဇော်ဌေးက ရေးသားသည်။
PC ကိုယ်စားလှယ်များသည် NCA လက်မှတ်ထိုးထားသော အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။
PC ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့်အတူ RCSS အဖွဲ့နှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် အတွက် နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးသည်။
၎င်းတို့ ဥက္ကဋ္ဌ သွားလာမည့် ကုန်းလမ်းကြောင်းကို တပ်မတော်က ပိတ်ဆို့ခဲ့ပြီးနောက် RCSS သည် အောက်တိုဘာ ၂၈ ရက်နေ့တွင်ကျင်းပသည့် NCA လေးနှစ်ပြည့် အခမ်းအနားကျင်းပမည့် အစီအစဉ်ကို တက်ရောက်ရန် ဖျက်သိမ်းခဲ့သည်။
ပုံမှန်တွေ့ဆုံခြင်းကြောင့် KNU နှင့် RCSS တို့အနေဖြင့် ၎င်းတို့၏ ပူပန်မှုများကို ဖော်ပြနိုင်ခဲ့ပြီး ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို တိုးတက်စေသည်ဟု ဦးလှမောင်ရွှေက ပြောသည်။
You may also like these stories:
အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ဆွေးနွေးမည်
ဘာ့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက KNU ထွက်ရသလဲ
ငြိမ်းချမ်းရေးပျက်၍ ပဋိပက္ခများ ပြန်ဖြစ်မည်ကို ပြည်နယ် ၅ ခုမှ ဒေသခံများ စိုးရိမ်