အမျိုးသမီးများ အပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်ခံရသည့် အမှုများသည် တနှစ်ထက် တနှစ် တိုးလာကြောင်း အမျိုးသမီး များ အဖွဲ့ချုပ် (မြန်မာနိုင်ငံ -WLB) ၏ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက ဧရာဝတီသို့ ပြောသည်။
နော်ဆဲဆဲက “ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) အနေနဲ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတည်းကိုပဲ ပံ့ပိုး ကူညီခဲ့တယ်။ တနေ့ တနေ့ အမှုတွေက တိုးတိုးလာတယ်လို့ ကျမတို့ ကောက်ခံထားတဲ့ မှတ်တမ်းတွေ အရ သိရ တယ်။ အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်တာ တရားမျှတမှု မရှိတာတွေလည်း များလာပြီး ကင်းလွတ်ခွင့် များလာတာ ကိုလည်း ကျမတို့ ပြောနိုင်တယ်” ဟု ပြောသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည်၂၀၁၆ ခုနှစ်တွင် ၁၄၀၅ မှု၊ ၂၀၁၇ ခုနှစ်တွင် ၁၅၈၃ မှု ဖြစ်ပွားခဲ့ပြီး ထိုအမှုများထဲမှ သက်ငယ် မုဒိမ်းမှုများမှာ ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှု၊ ၂၀၁၇ ခုနှစ် ၈၉၇ မှု၊ ၂၀၁၈ ခုနှစ်တွင် ၁၀၂၈ မှုနှင့် ၂၀၁၉ ခုနှစ် နှစ်ဝက် အထိ ၄၁၉ မှု ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း စစ်ပွဲ ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများတွင် အာဏာပိုင် များ၊ သြဇာအာဏာရှိသူများ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများတွင် အကြမ်းဖက် ကျူးလွန်သူများသည် ထိရောက်သည့် အပြစ်ပေး အရေးယူခံရခြင်း မရှိဘဲ ပြစ်ဒဏ်မှ ဆက်လက် ကင်းလွတ်ခွင့် ရနေသေးကြောင်း နော်ဆဲဆဲ က ထောက်ပြ ပြောဆိုသည်။
ထိုသို့ အမှုများ တိုးလာရခြင်းနှင့် ပတ်သက်ပြီး နော်ဆဲဆဲက “ဥပဒေ စိုးမိုးရေး မရှိဘူး။ ပြီးရင်လည်း တကယ့် တရားမျှတမှု လက်လှမ်းမီဖို့ကနေ အစိုးရ တာဝန်ရှိသူတွေက သူတို့မှာ ငွေကြေးအရရော၊ လူအင်အားအရ ပြီးရင် ကျား၊ မ ဆိုင်ရာ အတွေးအခေါ် အရရော အရမ်းအားနည်းနေတာတွေ တွေ့တယ်” ဟု ဆိုသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးစိုးအောင်က “ဒေသ အသီးသီးမှ ဆက်သွယ် တိုင်ကြားလာတဲ့ အကြမ်းဖက်မှုများကို ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိရာမှာ ၂၀၁၆ နိုဝင်ဘာလမှ ၂၀၁၉ အောက်တိုဘာလ အထိ တရားရင်ဆိုင်စရိတ် ထောက်ပံ့တဲ့ အနေနဲ့ ၅၂၉ ဦးကို ငွေကျပ် ၅၅ သန်းကျော်နဲ့ အသက်မွေး ဝမ်းကျောင်း ထောက်ပံ့တဲ့ အနေနဲ့ ၂၉၉ ဦးကို ၉၆ သန်းကျော် ထောက်ပံ့မှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။
ယမန်နေ့ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ် ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ရာ ဒုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ အဖြစ် ၎င်းတို့ဝန်ကြီးဌာန အနေဖြင့် ၂၄ နာရီ Help line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်တွင် စတင် ထူထောင်ထားကြောင်း ဒုဝန်ကြီးက ပြောသည်။
ဒု ဝန်ကြီး ဦးစိုးအောင်က “အကြမ်းဖက် ခံရသူများ၏ လုံခြုံရေး အတွက် နားခိုရာ နေရာတွေ စီစဉ်ပေးတာ၊ တရားရင်ဆိုင် ရေး၊ ကျန်းမာရေး၊ ပညာရေး အကူအညီတွေ ရရှိစေဖို့ ချိတ်ဆက် ပေးတာ စတာတွေလည်း ဆောင်ရွက်ပေးလျက် ရှိပါ တယ်” ဟု ပြောကြားသွားသည်။
အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ လိုက်လံ ကူညီပေးခဲ့သည့် လိင်အကြမ်းဖက်ခံရသည့် အမှုပေါင်းမှာ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၂၃၈ ခု ရှိခဲ့သည်ဟု WLB က ထုတ်ပြန်ထားသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်း ဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်း ဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ ဖြစ်သည်။
ထို့အပြင် တရားဥပဒေအရ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများ၏ ဘဝ ပြန်လည် ထူထောင်ရေးနှင့် ၎င်းတို့၏ ဘဝလုံခြုံရေး ကိစ္စရပ်များကိုလည်း ကာကွယ်ထားခြင်း မရှိသည့် အပြင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကလည်း မထွက်သေးသောကြောင့် အမျိုးသမီးများ အတွက် ပို၍ စိုးရိမ်စရာ အခြေအနေ ရှိနေသေးကြောင်းလည်း နော်ဆဲဆဲက ဆိုသည်။
၎င်းက “ကျမတို့က အဓိကက ဒီအကြမ်းဖက်မှုတွေ နေ့စဉ်နဲ့ အမျှ များလာတဲ့အပေါ်မှာ အစိုးရ တာဝန်ရှိသူတွေရော၊ ပြည် သူလူထုတွေရော ကာကွယ်ပြီးတော့ ဘယ်လို ပပျောက်အောင် လုပ်ကြမလဲလို့ ရည်ရွယ်ပြီး အောက်ခြေက လူထုတွေကို လည်း အသိပေးတာ ဖြစ်ရှိသလို လူကြီးပိုင်းကိုလည်း တိုက်တွန်းတာတွေ ရှိပါတယ်” ဟု ဆိုသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် အသိပညာပေး လှုံ့ဆော်မှုများကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက် အထိ ၁၆ ရက်တာ ကာလအတွင်း ကမ္ဘာနှင့် အဝှမ်းတွင် ကျင်းပကြသည်။
ဆက်စပ်ဖတ်ရှုရန်
ဒီမိုကရေစီ လမ်းကြောင်းပေါ်က အခွင့်အရေး ဆုံးရှုံးနေဆဲ အမျိုးသမီးများ
အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေပေါ်ထွက်လာတော့မလား
အမျိုးသမီး အကာအကွယ်ပေးရေး ဥပဒေ ချက်ခြင်းပြဌာန်းရန် တိုက်တွန်း