ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ ပြန်လည်လွတ်မြောက်ရေး အတွက် ယနေ့တွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ် စနေထောင့်၌ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆုတောင်းပွဲကို ရဲပရဟိတ အဖွဲ့မှ ဦးဆောင်၍ ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင် များက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဘုရားရင်ပြင်တော်ပေါ်၌ သံဃာတော် ၅ ပါး ပင့်ဖိတ်၍ သီလ ခံယူဆောက်တည်ကြကာ ဖမ်း ဆီးခံထားရသူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်း မေတ္တာပို့ခဲ့ကြသည်။
ရဲပရဟိတ ဥက္ကဋ္ဌ ကိုမြတ်သူဟိန်းက “ရခိုင်ပြည်နယ် AA သူပုန်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းများနဲ့ အပြစ်မဲ့ ပြည် သူတွေ အခုအချိန်ထိ မလွတ်သေးတာတွေ အများကြီး ရှိသေးတယ်။ သူတို့ကို ကျနော်တို့က အမြန်ဆုံး ပြန်လည်လွတ် မြောက်စေချင်တယ်။ ဘေးအန္တရာယ် ကင်းရှင်းစေချင်တယ်။ အဓိက ဖြစ်နေတဲ့ ပြဿနာက မဆိုင်တဲ့ကြားထဲက ပြည်သူ တွေကိုပါ အဖမ်းဆီးခံနေရတယ်။ ဒါကြောင့် ဒီကနေ မေတ္တာပို့ ဆုတောင်းပေးကြတာပါ”ဟု ပြောသည်။
ဆုတောင်းပွဲတွင် နိုင်ငံ့ဝန်ထမ်း၏ မိသားစုများ ပါဝင်လာနိုင်စေရန် အင်အား ၁၀၀ ကျော်ဖြင့် ပိုစတာများ၊ ဆင်တူဝတ်စုံများ ဝတ်ဆင်၍ ပြုလုပ်ရန် စီစဉ်ခဲ့ကာ ခွင့်ပြုမိန့်တင်ခဲ့သော်လည်း ခွင့်မပြုသည့် အတွက် ၆ ဦးဖြင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့ရ ကြောင်း ရဲပရဟိတ အဖွဲ့က ဆိုသည်။
အဆိုပါ ဆုတောင်းပွဲတွင် AA အဖွဲ့က ဖမ်းဆီးသွားသော ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များနှင့် အမှန် တကယ် လွတ်မြောက်စေချင်သူများက ဝန်းရံကြရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာက ဘုရားရင်ပြင်တော်တွင် လူစုလူ ဝေး မဖြစ်စေရန်အတွက် ခွင့်ပြုမပေးခဲ့ခြင်းဟု သိရသည်။
ကိုမြတ်သူဟိန်းက “ကျနော်တို့က ရခိုင်မှာနေတာ မဟုတ်သလို နိုင်ငံ့ဝန်ထမ်းလည်း မဟုတ်ဘူး။ ကျနော်တို့ အခုလို ဆု တောင်းပွဲ လုပ်ပေးခြင်းကြောင့် သက်ဆိုင်ရာ အာဏာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေ သိလိမ့်မယ်လို့ မြင် ပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို အများက စာနာနားလည်တယ်။ မိသားစုချင်း ကိုယ်ချင်း စာတယ် ဆိုတာကို ကျနော်တို့က ပြချင်တာပါ။ ဒါကို ကျနော်တို့ မန္တလေးမှာ ပြခွင့် မရဘူး” ဟု ဆက်လက် ပြောသည်။
၎င်းက “ငြိမ်းစုစီ ဥပဒေနဲ့အညီ အင်အား ၁၀၀ ကျော်နဲ့ လုပ်ဖို့ ၂၃ ရက်က တင်တယ်။ မနေ့က ချမ်းမြသာစည်မြို့နယ် ထွေ အုပ်က ကျနော့်ကို ခေါ်တွေ့ပြီးတော့ ဘုရားပေါ်မှာ အယောက် ၁၀၀ စုဝေးခွင့် မပေးဘူး ဆိုပြီး ပြောတယ်။ တကယ်လို့ လုပ်ချင်တယ် ဆိုရင် ဟစ်တိုင်းကွင်းမှာ လုပ်ပါလို့ ခွင့်ပြုပါတယ်။ ကျနော်တို့က တန်ခိုးကြီး ဘုရားမှာ ဝတ်ပြုဆုတောင်းတာ ဖြစ်တဲ့ အတွက် ဟစ်တိုင်ကွင်းမှာ လုပ်လို့ အဆင်မပြေပါဘူး။ ဒါကြောင့် ဒီနေ့မှာ ကျနော်တို့ ခေါင်းဆောင် ၆ ဦးပဲ တူညီ ဝတ်စုံဝတ်ပြီး သံဃာ ၅ ပါး ဆွမ်းကပ်၊ ဆုတောင်းပွဲ လုပ်ခဲ့တာပါ” ဟု ဆက်လက် ပြောသည်။
ရက္ခိုင့် စစ်တပ်(AA) အနေဖြင့် အောက်တိုဘာ ၂၆ ရက်က ရသေ့တောင်မြို့နယ် အတွင်းရှိ ရေမျက်ကျေးရွာအနီးတွင် စစ် တွေမှ ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်ကို တားဆီးကာ ရေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၅၀ ကျော်ကို စက်လှေ ၃ စီးဖြင့် ဖမ်းခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရမှုတွင် ပါဝင်ခဲ့သည့် ဒုရဲအုပ် မျိုးကိုကို၏ မိခင် ဒေါ်ခင်သန်းညွန့်က “သားလေး ရခိုင်မှာ တာဝန်ကျတဲ့ ၃ နှစ် အ တွင်း တခါမှ မတွေ့ခဲ့ရပါဘူး။ အခု ဆိုရင် အဖမ်းခံထားရတာ၂၈ ရက် ရှိပါပြီ။ အန်တီ့ ရင်ထဲမှာ ပူလောင်နေပြီးတော့ တမိ သားစုလုံးလည်း မီးလောင်တိုက်သွင်းသလို ရင်ထဲမှာ ခံစားနေရပါတယ်။ ဒါကြောင့် အန်တီ့သားလေးနဲ့ အဖမ်းခံထားရတဲ့ ကလေးတွေ အားလုံးကို သက်ညှာသောအားဖြင့် ကယ်ပေးပါလို့ နိုင်ငံရဲ့အကြီးအကဲတွေ အားလုံးကို အသနားခံပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများတွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင်၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦး၊ အရပ်သား ၁၃ ဦး၊ စုစုပေါင်း ၅၈ ဦး ပါဝင်ခဲ့ပြီး အချို့ကို အောက်တိုဘာလ အတွင်း ပြန်လည် လွှတ်ပေးခဲ့ကြသည်။
AA မှ ဖမ်းဆီး ခေါ်ဆောင်သွားသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆုတောင်းပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင် ပြည်မြို့ရှိ ရွှေဆံတော် ဘုရားတွင်လည်း ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည်ဟု ဆိုသည့် တပ်မတော်သား သုံ့ပန်း ၁၃ ဦးကို ဓာတ်ပုံနှင့်တကွ ဖော်ပြပြီး အစိုးရနှင့် တပ်မတော်တို့ ဖမ်းဆီးထားသည့် ရခိုင် အရပ်သားများနှင့် လူချင်းလဲမည် ဆိုပါက ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း AA အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရွှေနဒီ အမြန်ရေယာဉ်ကို AA က ဖမ်းဆီး
ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ
AA ဖမ်းဆီးသွားသူများမှ ၁၄ ဦးကို တပ်မတော် ပြန်ကယ်တင်နိုင်
စစ်သုံ့ပန်းများနှင့် ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသားများ လဲလှယ်လိုကြောင်း AA ထပ်ကမ်းလှမ်း
ရွှေနဒီရေယာဉ်မှ ကယ်ဆယ်ရရှိသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး၊ အရပ်သား ၅ ဦး ပါဝင်
ရွှေနဒီ အမြန်ရေယာဉ်မှ ဖမ်းဆီးခံ အရပ်သား၂၅ ဦး AA ပြန်လွှတ်ပေး
သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA အဖွဲ့ထုတ်ပြန်
AA ဖမ်းဆီးထားသည့် ဓားစာခံများ လွတ်မြောက်ရေး ကြိုးစားမည်ဟု တပ်မတော် ပြော
စစ်သုံ့ပန်းများနှင့် ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသားများ လဲလှယ်လိုကြောင်း AA ထပ်ကမ်းလှမ်း