မြန်မာသည် ဓာတုလက်နက်များ ပိုင်ဆိုင်မှု ရှိနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များကို မြန်မာ့ တပ်မတော်က ငြင်းဆိုလိုက်ပြီး ဓာတုလက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်ပင် မရှိကြောင်း တုန့်ပြန်ပြောဆိုသည်။
မြန်မာနိုင်ငံသည် ဓာတုလက်နက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်သော ဓာတုလက်နက် သဘောတူညီချက် (CWC) တွင် ၂၀၁၅ ခုနှစ်က ပါဝင်လက်မှတ်ထိုးထားသဖြင့် ယင်းလက်မှတ်ထိုးပြီးနှင့် မထိုး ခင်ကတည်းက မည်သည့် ဆောင်ရွက်ချက်မှ တပ်မတော်ထံတွင် မရှိကြောင်း တပ်မတော်၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ခုနကပြောတဲ့ Chemical တင် မကပါဘူး။ ညူကလီးယား ဓာတု၊ ဇီဝလက်နက်တွေနဲ့ ပတ်သက်ပြီးတော့မှ ထုတ်လုပ်ဖို့ ရည်ရွယ်တာတို့ စမ်းသပ်တာတို့ သိုလှောင်ထားတာတို့ မရှိပါဘူး။ ရှိစရာလည်း အကြောင်း မရှိပါဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ဓာတုလက်နက်တားမြစ်ရေး တကမာ္ဘလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ထားပြီး ၁၉၈၀ ခု နှစ်များမှစ၍ ဓာတုလက်နက်များ သိုလှောင်ထားဖွယ် ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ သောမတ်စ်ဒီနန်နိုက နိုဝင်ဘာ ၂၅ ရက်၌ ပြောသည်။
မြန်မာနိုင်ငံတွင် အရေပြားကို လောင်ကျွမ်းစေတတ်သော ဓာတ်ငွေ့များ ထုတ်လုပ်ရာ သမိုင်းဝင် အဆောက်အအုံနေရာတခု၌ ဓာတုလက်နက်များ ဆက်လက်ရှိနေဆဲ ဖြစ်ဖွယ်ရှိသည်ဟု ဓာတုလက်နက် တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် အမေရိကန်က အထက်ပါအတိုင်း စွပ်စွဲ ပြောဆိုခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဓာတုလက်နက် ထားသိုတဲ့ နေရာမှာ ဓာတုလက်နက်တွေ ဆက်လက်သိမ်းဆည်းထား သိုထားနိုင်တယ်လို့ အမေရိကန်နိုင်ငံဟာ တော်တော်လေး ပူပန်နေပါတယ်”ဟု မစ္စတာ သောမတ်စ်ဒီနန်နို က ပြောသည်။
မြန်မာနိုင်ငံသည် အရေပြားကို လောင်ကျွမ်းစေသော ဆာလဖျူရစ်အက်စစ် ဓာတ်ငွေ့စီမံကိန်းနှင့် ဓာတု လက်နက် ထုတ်လုပ်ရေး အဆောက်အအုံအပါအဝင် ၁၉၈၀ ခုနှစ်များ၌ ဓာတုလက်နက်စီမံကိန်းတရပ် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်က သတင်းရရှိထားကြောင်းလည်း အမေရိကန်က ဆိုသည်။
တပ်မတော်ကမူ ၎င်းတို့အနေဖြင့် ၁၉၈၀ ခုနှစ်က အကြောင်းကိစ္စကိုမူ မသိကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ကြား ပဋိပက္ခတွင် ရဲက အသုံးပြုခဲ့သည်မှာ နိုင်ငံတကာတွင် အသုံးပြုနေသည့် မျက်ရည်ယိုဗုံးသာ ဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဒါတွေကိုပဲ တချို့ လူတွေက ရေးပါတယ်။ မီးလောင်ဗုံးဆိုပြီးတော့ . . . အဲဒါ မဟုတ်ဘူး။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ မျက်ရည်ယိုဗုံးပါပဲ။ ရေနဲ့ ထိတွေ့ လို့သာ မီးလောင်ဒဏ်ရာ ရသွားခဲ့တာပါ။ အဲဒါကြောင့် စွပ်စွဲချက် သက်သက်သာ ဖြစ်တယ်လို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့ က အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် သံဃာတော်နှင့် ပြည်သူ ၁၀ ဦးခန့်အထိ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ဖူးသည်။ ရဲတပ်ဖွဲ့က ဖော့စဖရတ် မီးစုန်းဓာတ် အသုံးပြုပြီး ဖြိုခွင်းခဲ့ခြင်းကြောင်း အသားအရေ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ်က လွှတ်တော်တွင် မှတ်တမ်းတင်ထားခဲ့ဖူးသည်။
ထို့ပြင် ၂၀၁၄ ခုနှစ်က ယူနတီဂျာနယ် သတင်းထောက်များ ရေးသားဖော်ထုတ်ခဲ့သည့် ပခုက္ကူမြို့နယ် ပေါက်ဒေသမှ ဓါတုလက်နက်စက်ရုံဆိုသည့် ကိစ္စကို တပ်မတော်က အရေးယူခဲ့သည်မှာလည်း လက်နက်စက်ရုံအကြောင်း ရေးသား၍ မဟုတ်ဘဲ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေအရ စက်ရုံနယ်မြေကို ကျူးကျော် ဝင်ရောက်၍ ဓါတ်ပုံရိုက်ယူခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက် ၄ ဦးတို့ကို နောက်ပိုင်းတွင် မကွေးတိုင်း တရားလွှတ်တော်က ထောင်ဒဏ် ၃ နှစ် လျှော့ချပေးခဲ့သည်။
ယခုလို အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များကို ၎င်းအနေဖြင့် ယခုသတင်း မှန်ကန်မှု မရှိကြောင်း အထောက်အထားများနှင့် ဆက်သွယ်လာသည့် မီဒီယာများကို ရှင်းပြလျက်ရှိပြီး အစိုးရ၊ သမ္မတရုံးသို့ ရှင်းလင်းမည့် ရုံးပိုင်းဆိုင်ရာ ကိစ္စများကိုမူ သက်ဆိုင်ရာဌာနများက ဆောင်ရွက်လိမ့်မည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဓါတုလက်နက်အပြင် တခြား နူကလီးယား၊ ဖျက်အားပြင်း လက်နက်တွေလို့ သတ်မှတ် ထားတဲ့ နူကလီးယား လက်နက်၊ ဘိုင်အိုလော်ဂျီကယ် လက်နက်၊ ဘိုင်အိုလော်ဂျီကယ် လက်နက်ဆိုတာတော့ ဇီဝလက်နက် ဒါနဲ့ ပတ်သက်ပြီးတော့ စမ်းသပ်တာတွေ၊ သိုလှောင်တာတွေ၊ ထုတ်လုပ်တာတွေ၊ ထုတ်လုပ်ဖို့ ရည်ရွယ်ချက် ရှိတာတွေ လုံးဝ မရှိပါဘူး။ ရှိလည်း မရှိခဲ့ဖူးပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ဓာတုလက်နက်ကဲ့သို့ လက်နက်များ အသုံးပြုခြင်းနှင့် သိုလှောင်ခြင်းများ ရှိနေသည်ဟု ယခင်က စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
You may also like these stories:
ဂူတာပြင် ဖြစ်စဉ် သံသယ ရှိသူများကို စစ်တရားရုံးဖြင့် စတင် စစ်ဆေးတော့မည်
TNLA ထံမှ ဖမ်းမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ် လေယာဉ်ပစ်ဒုံးများ ပါဝင်ဟုဆို
တိုင်းပြည်ဝင်ငွေတိုးရန် လက်နက်များ ရောင်းချပေးနိုင် ဟု တပ်မတော် ပြော