စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ၂ ခုကို ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန အဖြစ် ပြောင်းလဲ သတ်မှတ်ရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြောင်းလဲ သတ်မှတ် ရန် အတွက် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လွှတ်တော်သို့ လာရောက် ရှင်းလင်းခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာ သဘောထား ကွဲလွဲမှုများ ရှိသဖြင့် လွှတ် တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၃၄၉ မဲ ၊ ကန့်ကွက်မဲ ၂၂၂ မဲ ရရှိပြီး ထောက်ခံ ဆန္ဒမဲ များသည့်အတွက် လွှတ်တော်မှ အတည်ပြုကြောင်း နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက “စက်မှုဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းပေါင်း ၂ သောင်း ကျော်နှင့် ၎င်းတို့၏ မိသားစုအတွက် အလုပ်အကိုင်နှင့် ဝင်ငွေ ဆုံးရှုံးမှာ မဟုတ်သည့် အပြင် ပုဂ္ဂလိက ဦးဆောင်သည့် စက်မှု ဖွံဖြိုးတိုးတက်မှု မှတဆင့် ၅၂ သန်းသော ပြည်သူများ၏ အကျိုးးစီးပွား ရယူဆောင်ရွက်မည့် အခြေခံကျသည့် ပေါင်းစည်းမှု ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုပေးပါ” ဟု ပြောကြားသွားသည်။
စက်မှုဝန်ကြီးဌာနတွင် ရှိသော ဝန်ထမ်းများ အခက်အခဲ မရှိစေရန်နှင့် စိတ်ဓာတ် မကျစေရန်တို့အတွက် အကောင်းဆုံး Change Management (အပြောင်းအလဲကို စီမံခန့်ခွဲခြင်း) ဖြင့် ဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံ ပေးချက်များကို အထူးထောက်ခံ ကြောင်းလည်း ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးဆက်အောင်က ဝန်ကြီးဌာန ၂ ခုကို တခုတည်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းမည့် အစီအစဉ်နှင့် ပတ်သက်၍ လာ ရောက် ရှင်းပြခဲ့သည်။
ထိုသို့ ပေါင်းစည်း ဖွဲ့စည်းရခြင်းသည် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတခုတည်း အောက်တွင် တစုတစည်းတည်းဖြင့် စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များနှင့် ပြုပြင်ပြောင်းလဲခြင်း ဆိုင် ရာ ကိစ္စရပ်များ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ အသွင်ကူးပြောင်းရေးနှင့် ပုဂ္ဂလိက ဦးဆောင်သည့် စက်မှု ကဏ္ဍ ဖွံဖြိုးတိုး တက်ရေး အတွက် ပံ့ပိုးကူညီပေးနိုင်သည့် အစိုးရ အဖွဲ့အစည်း တခု ပေါ်ပေါက်လာရေးအတွက် ပြင်ဆင် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဦးဆက်အောင်က ရှင်းပြခဲ့သည်။
လက်ရှိတွင် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် ဦးခင်မောင်ချို နုတ်ထွက်ပြီး ကတည်းက စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်းက ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ယူထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ရှိနေသည့် အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ၃၆ ခုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရတရပ် ဖြစ်လာသည့်အခါ တွင် ဝန်ကြီးဌာနပေါင်း ၁၅ ခု လျော့ချခဲ့ပြီး ဝန်ကြီးဌာနပေါင်း ၂၁ ခုဖြင့် လည်ပတ်ခဲ့သည်။
ထို့နောက် ယခုနှစ်ပိုင်းအတွင်း ဝန်ကြီးဌာန အသစ် ၄ ခု ထပ်မံ ဖွဲ့စည်းခဲ့ပြီး ၂၅ ခု ရှိရာမှ ယခုအခါမှာ ဌာန ၂ ခုပေါင်းစပ် လိုက်သည့် အတွက် ဝန်ကြီးဌာနပေါင်း ၂၄ ခုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ၂ ခုကို ပေါင်းမည်