ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ယခုလ အတွင်း၌ ဆက်တိုက် မြင့်တက်လျက် ရှိပြီး စက်သုံးဆီ ၁ လီတာကို ကျပ် ၁၀၀၀ နီးပါးအထိ ရှိလာကြောင်း စက်သုံးဆီဆိုင်များက သိရသည်။
ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ဈေးနှုန်းများ အရ ဒီဇယ် ၁ လီတာကို ကျပ် ၉၇၀၊ ပရီမီယံ ဒီဇယ် ၁ လီတာ ကျပ် ၉၈၀၊ အောက်တိန်း ၉၂ တလီတာကို ကျပ် ၈၉၀ နှင့် အောက်တိန်း ၉၅ တလီတာကို ကျပ် ၉၉၀ အထိ ဈေးတက်လျက် ရှိသည်။
ယင်းနှုန်းများသည် နိုဝင်ဘာလ ပထမ အပတ်အတွင်းက ဈေးနှုန်းများထက် စက်သုံးဆီ ၁ လီတာကို ကျပ် ၃၀ မှ ၄၀ ကျော်အထိ ဈေးနှုန်း မြင့်တက်ခြင်း ဖြစ်ကြောင်း ပြည်တွင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများ အရ သိရသည်။
ပြီးခဲ့သည် သြဂုတ်လအတွင်းတွင် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် ဒီဇယ် တလီတာကို ကျပ် ၈၈၅ ၊ ပရီမီယံ ဒီ ဇယ် တလီတာကို ကျပ် ၈၉၅၊ အောက်တိန်း ၉၂ တလီတာကို ကျပ် ၇၉၀ နှင့် အောက်တိန်း ၉၅ တလီတာကို ၈၈၀ ကျပ် သာ ရှိခဲ့ပြီး ယနေ့ စက်သုံးဆီ ဈေးနှုန်းများသည် ၁ လီတာကို ကျပ် ၁၀၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လျက် ရှိနေခြင်း ဖြစ်သည်။
ဒေါ်လာဈေးနှင့် ပြည်ပမှ တင်သွင်းရသော စက်သုံးဆီ ဈေးနှုန်းများ အပြောင်းအလဲ သိပ်မရှိသော်လည်း ပြည်တွင်းရှိ စက် သုံးဆီ လက်ကျန် နည်းပါးခြင်းကြောင့် ဈေးနှုန်း ပြန်တက်လာခြင်း ဖြစ်ကြောင်း စက်သုံးဆီ လက်လီလက်ကား လုပ်ငန်း လုပ်ကိုင်နေသော Best Oil (BOC) ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “အဓိကက စက်သုံးဆီ သင်္ဘောတွေ ဝင်တာက တလလောက် ကြန့်ကြာသွားတော့ အခုက ဆီလက်ကျန်နည်း နေတဲ့ အချိန်ဆိုတော့ ထိန်းရောင်းနေကြလို့ ဈေးတက်လာတာပါ။ အခုက သင်္ဘောတွေလည်း ပုံမှန် ပြန်ဝင်လာနေပြီ ဆိုတော့ ဒီရက်ပိုင်းလောက်မှ ပြန်ကျလာနိုင်ပါတယ် ” ဟု ဆိုသည်။
ပြည်တွင်း စက်သုံးဆီဈေးနှုန်း အတက်အကျမှာ ကမာ္ဘ့ပေါက်ဈေးနှုန်း အတက်အကျများနှင့် ရက်ပိုင်းခန့် ကွာခြားလျက်ရှိ ပြီး စက်သုံးဆီဆိုင်များသည် ကမာ္ဘ့ဈေးနှုန်း မြင့်တက်နေသော်လည်း အကျဈေးနှုန်းများဖြင့် ဝယ်ထားပြီးသော စက်သုံးဆီ များကို၊ ဈေးနှုန်း အနည်းငယ်သာ တက်၍ ရောင်းချကြကာ အတက်ဈေးဖြင့် ဝယ်ယူထားသည့် စက်သုံးဆီများကိုသာ ဈေး နှုန်းလိုက် တက်ရောင်းချလေ့ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်များ အသင်း၏ ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က “အသင်း အနေနဲ့ကတော့ စင်ကာပူက တင်သွင်းရသည့် စက်သုံးဆီဈေးနှုန်း (Mops) အပေါ် မူတည်ပြီး တွက်ချက်ပြီး ဈေးနှုန်းတွေ ကို ထုတ်ပြန်ပေးနေတယ်။ ဒါပေမယ့် ကုမ္ပဏီ တခုချင်း ရောင်းချတဲ့ ဈေးနှုန်းကတော့ သူတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ ဈေး ကွက်ကိုလည်း ကျနော်တို့ လိုက်ပြီး မထိန်းချုပ်ဘူး။ ဈေးကွက်မှာ လွတ်လွတ်လပ်လပ် ရောင်းချကြတာပါ။ YP (Yangon Petrol) ဆိုရင် သူ့ဈေးနှုန်းနဲ့ သူပဲလေ” ဧရာဝတီသို့ ပြောသည်။
သို့သော် လက်ရှိ စက်သုံးဆီဈေးနှုန်း ပြန်လည် မြင့်တက်လာခြင်းနှင့် ပတ်သက်၍ မည့်သည် မှတ်ချက်မှ မပေးလိုကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ရေနံထွက်ရှိသော်လည်း နည်းပညာ အခက်အခဲနှင့် အရင်းအနှီး အခက်အခဲများကြောင့် စက်သုံးဆီ မထုတ်လုပ်နိုင်ခြင်းနှင့် ပမာဏများများ သိုလှောင်နိုင်မည့် သိုလှောင်ကန်များ မရှိခြင်းတို့ကြောင့် ပြည်ပ၌ ပြဿနာရပ်တစုံ တရာ ဖြစ်ပေါ်တိုင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း အပေါ် လာရောက် ရိုက်ခတ်လေ့ ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း၌လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် အမေရိကန်ဒေါ်လာဈေး မြင့်တက်မှု ကြောင့် ၁ လီတာကို ကျပ် ၁၀၃၅ မှ ၁၁၀၀ ဝန်းကျင် အထိ စံချိန်တင် မြင့်တက်ခဲ့ဖူးသည်။
စက်သုံးဆီ ဈေးနှုန်း ကျဆင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ထားသော Yangon Petrol စက်သုံးဆီဆိုင်၏ နိုဝင်ဘာ ၂၆ ရက် ဈေးနှုန်းများမှာ ဒီဇယ် ၁ လီတာကို ကျပ် ၈၉၀၊ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၉၀၀၊ အောက်တိန်း ၉၂ တလီတာကို ကျပ် ၈၄၀ နှင့် အောက်တိန်း ၁ လီတာကို ကျပ် ၉၄၀ ရှိကြောင်း YP စက်သုံးဆီ ဆိုင်များထံက သိရသည်။
YP စက်သုံးဆီဆိုင်၏ ဈေးနှုန်းများသည် အခြား ပြည်တွင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများနှင့် ကျပ် ၅၀ မှ ၆၀ ဝန်းကျင် အထိ ကွာခြားလျက် ရှိသည်။
လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်နေသော်လည်း ရွှေဈေးနှင့် ဒေါ်လာဈေးမှာ အကျဘက်သို့ သွားနေကြောင်း သိရ သည်။
ဆက်စပ်ဖတ်ရှုရန်
ရွှေဈေး ဆက်လက် ကျဆင်းဖွယ် ရှိနေ