အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ပြဋ္ဌာန်း သတ်မှတ်ချက် ဖြစ်သည့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ် ကိုင်နေသည့် ကလေးလုပ်သားများ၏ အသက် သတ်မှတ်နိုင်မည့် ပြဋ္ဌာန်းချက် မြန်မာနိုင်ငံ ပါဝင်နိုင်ရေး လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ သမ္မတထံမှ ပေးပို့သော အသက် အငယ်ဆုံး ပြဋ္ဌာန်းချက် အမှတ် ၁၃၈-၁၉၇၃ ကို မြန်မာနိုင်ငံက လက်ခံ ကျင့်သုံးနိုင်ရန် အတည်ပြု ပါဝင်နိုင်ရေး အတွက် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်သို့ လာရောက် တင်ပြခြင်း ဖြစ်သည်။
ILO ၏ အငယ်ဆုံး အသက် ပြဋ္ဌာန်းချက် အမှတ် ၁၃၈(၁၉၇၃)ကို မြန်မာနိုင်ငံက ကျင့်သုံးပါက စီးပွားရေးနှင့် ပညာရေး ဝန်ဆောင်မှုများ လုံလောက်စွာ ဖွံ့ဖြိုးမှု မရှိသော အဖွဲ့ဝင်နိုင်ငံအတွက် ပေါ့ပါးသည့် လုပ်ငန်းများတွင် အသက် ၁၃ နှစ်မှ ၁၅ နှစ်ထိ အစား အသက် ၁၂ နှစ်မှ ၁၄ နှစ် အထိ အလုပ် လုပ်ကိုင်ခွင့်များ ရရှိမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး က ဆို သည်။
ပြည်ထောင်စု ဝန်ကြီးက “ကလေး အလုပ်သမားများအား ပပျောက်ရေး၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ စီးပွားရေး တိုး တက်စေရန်၊ လူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြည့်ဝစွာ တိုးတက်မှုနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် ရည်ရွယ်၍ ပြဋ္ဌာန်းချက် ဖြစ်သည်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက အလုပ် လုပ်ကိုင်သည့် အငယ်ဆုံး အသက်ကို ၁၅ နှစ်ထက် မငယ်ရဟု သတ်မှတ်ထားသော်လည်း စီးပွားရေးနှင့် ပညာရေး ဝန်ဆောင်မှုများ လုံလောက်စွာ ဖွံ့ဖြိုးမှု မရှိသော အဖွဲ့ဝင် နိုင်ငံများအတွက် ကနဦးတွင် အငယ်ဆုံး အသက် ၁၄ နှစ်ဟု သတ်မှတ်နိုင်ခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (သို့) အကျင့်စာရိတ္တကို ထိခိုက်စေ သည့် သဘာဝရှိသော လုပ်ငန်းများအတွက် ၁၈ နှစ် သတ်မှတ်နိုင်ခြင်းတို့ ပါဝင်ကြောင်း ပြောဆိုသည်။
ယခုကဲ့သို့ ကွန်ဗန်းရှင်းတွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးသော်လည်း ကလေးလုပ်သားများ ပပျောက်မည် မဟုတ်ဘဲ လျော့ချသည့် အဆင့်သာ ရောက်ဦးမည် ဖြစ်ကြောင်း သို့သော် ကလေး လုပ်သားများအတွက် ကာကွယ် စောင့်ရှောက်မှု ပေးနိုင်မည့် အချက်များ ပါဝင်ကြောင်း အမျိုးသား လွှတ်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင် ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ဆိုသည်။
၎င်းက “ကွန်ဗန်းရှင်းကို လက်မှတ်ထိုးရင်တော့ ILO ရဲ့ နည်းပညာရော၊ ဥပဒေအရ အကာအကွယ်တွေရော အများကြီး ရမယ်ဆိုရင် ကလေးတွေအတွက် ပိုကောင်းမယ်လို့ ယူဆပါတယ်” ပြောသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိ ကျင့်သုံးနေသည့် ၁၉၅၁ ခုနှစ် ဥပဒေအရ အသက် ၁၄ နှစ်မှ ၁၆ နှစ် ကြားကို ကလေး လုပ်သား၊ ၁၆ နှစ်မှ ၁၈ နှစ်ကြားကို လူငယ်လုပ်သားဟု သတ်မှတ်ထားကြောင်း၊ ကလေး လုပ်သားများကို အန္တရာယ်ရှိ သည့် အလုပ်၊ ဝန်လေးသည့် မလုပ်ရနှင့် နေ့ အချိန်သာ ခိုင်းစေရမည်ဟူသည့် ပြဋ္ဌာန်းချက်များရှိကြောင်း ဦးကျော်ထွေးက ရှင်းပြသည်။
ILO ၏ အငယ်ဆုံး အသက်သတ်မှတ်ခြင်း ဆိုင်ရာကို မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဆိုပါက ဆောက်လုပ်ရေး လုပ်ငန်းခွင် များ၊ လမ်းခင်းသည့် လုပ်ငန်းပိုင်း၊ အအေးခန်း စက်ရုံနှင့် ငါးဖမ်းသည့် နေရာများတွင် ရောက်နေသည့် ကလေးများသည် ယင်းနေရာတွင် ကလေးလုပ်သားများ မရှိရ ဆိုသည့် ဥပဒေ တားမြစ်ချက်ကြောင့် ကလေးလုပ်သားများ ပပျောက်သွားနိုင် ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်-မြန်မာ (SCUM) တည်ထောင်သူ ဒေါ်မျိုးက ဆိုသည်။
ဒေါ်မျိုးက “စားသောက်ဆိုင်မှာ ရှိနေတဲ့ ကလေးတွေလည်း အန္တရာယ် မရှိဘူးလားဆိုတော့ အန္တရာယ် ရှိတာပဲ။ ရေနွေး အိုးတွေပေါ့။ ပြီးရင်လည်း အလုပ်ချိန်ပေါ့။ ကလေးတယောက်ရဲ့ အလုပ်ချိန်မက သူတို့မှာ လုပ်နေရတာ ရှိတယ်။ အဲဒါကို ပါ ဝန်ကြီးဌာနဘက်က တကယ် စည်းကြပ်နိုင်မယ်ဆိုရင် သူတို့တွေအတွက် အကာအကွယ်ရမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ အစိုးရနှင့် ILO တို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ ၄ နှစ် စီမံကိန်းဖြင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများမှအပ ကလေးအလုပ်သမား စစ်တမ်း ကောက်ယူခဲ့ရာ မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁ ဒသမ ၁ သန်းကျော် ရှိကြောင်း တွေ့ ရှိသည်ဟု ILO က ဆိုထားသည်။
၂၀၁၄ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် အလုပ်လုပ်ရန် အနိမ့်ဆုံး ရှိရမည့် အသက်ကို ၁၄ နှစ်ဟု သတ်မှတ်ထားသော်လည်း ကလေး အလုပ်သမား ဟူသည့် အဓိပ္ပာယ် သတ်မှတ်ချက်ကို တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိပေ။
သို့သော်လည်း နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် မူတည်၍ အလုပ် လုပ်ကိုင်နိုင်သည့် အနိမ့်ဆုံး အသက်ကို သတ် မှတ်၍ ရကြောင်း ပါရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ILO သို့ ၁၉၄၈ ခုနှစ်၌ ဝင်ရောက်ခဲ့ပြီးILO အဖွဲ့ဝင် နိုင်ငံ ၁၈၇ နိုင်ငံ ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ILO ပြဋ္ဌာန်းချက် ၁၈ ချက်ကို လက်ခံ ကျင့်သုံးလျက် ရှိကြောင်း အလုပ်သမားရေးရာ ဝန်ကြီးဌာနက သိရသည်။
အဆိုပါ အငယ်ဆုံး အသက် သတ်မှတ်နိုင်မည့် ပြဋ္ဌာန်းချက်တွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေး ကိစ္စရပ်အား ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း ပေးသွင်းနိုင်ရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာ ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
၂၀၁၉ ခုနှစ်အတွက် ကလေးအလုပ်သမား အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်
ဆင်းရဲခြင်းဟာ ကလေးအလုပ်သမားများကို မွေးထုတ်ပေးနေ