ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ပေါ်ရှိ မြန်မာ့စီပွားရေး ဘဏ်မှငွေကျပ် သိန်းပေါင်း ၂၀၀၀ ကျော် လုယက်ခံရမှုတွင် ကျူးလွန်သူ တရားခံများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ကာ စုံစမ်း ရှာဖွေ နေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၆ ညနေ ၅နာရီခွဲ အချိန် မြန်မာ့စီပွားရေးဘဏ်မှ တာဝန်ရှိသူများက တရက်တာ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သဖြင့် ဆောင်ရွက်နေကျအတိုင်း ငွေသေတ္တာအား မြို့မရဲစခန်းထဲရှိ ဘဏ်တိုက်ခန်းတွင် ထားရှိရန် ဆိုက္ကာဖြင့် တင်ဆောင်ပြီး သွားရောက်စဉ်လမ်းတွင် မျက်နှာဖုံးစွပ် လူ ၂ ဦးမှ လုယူသွားခြင်း သိရသည်။
ဒုရဲမှူးကြီး မောင်မောင်စိုးက “ကျနော်တို့ အခင်းဖြစ်ကတည်းက ရှာဖွေမှုတွေကို လုပ်နေတယ်ဗျ။ လောလောဆယ် တရားခံတွေကိုတော့ မမိသေးဘူး။ အဲဒီအနီးဝန်းကျင်တွေကိုလည်း ပိတ်ဆို့ပြီး လိုက်လံပြီး စုံစမ်း ရှာဖွေနေတာ ရှိတယ်” ဟု ဧရာဝတီသို့ပြောသည်။
ကျောက်တော် မြန်မာ့စီပွားရေးဘဏ်တည်ရှိသည့်နေရာအနီးဝန်းကျင်တွင် မြို့နယ် အထွေထွေအုပ်ချုုပ်ရေး ဦးစီးဌာနရုံး ၊ ပြည်သူ့ဆေးရုံ ၊ သစ်တောဦးစီးမှူးရုံး ၊ မြို့မရဲစခန်းတို့ ရှိကြ သည်။
ယင်းသို့ ငွေသေတ္တာအား အလုခံရသည့်နေရာမှာ မြန်မာ့စီပွားရေးဘဏ်မှနေ မြို့မရဲခန်းသို့ သွားရောက်စဉ် သစ်တောဦးစီးဌာနရုံးရှေ့အနီးတွင် မျက်နှာဖုံးစွပ် လူ ၂ ဦးမှ သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်ကာ လုယူသွားခြင်း ဖြစ်ကြောင်းလည်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
ထိုသို့ ဘဏ်ငွေသေတ္တာလုယူခြင်းခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဘဏ်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က အသေးစိတ်အချက်အလက်များကိုတိတိကျကျ သတင်းထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း အလုခံရာတွင် ငွေသိန်းပေါင်း ၂၁၀၀ ပါသွားကြောင်းလည်း မြို့ပေါ်လူထုအကြား တွင် သတင်း ပျံနှံ့နေသည်။
မြန်မာ့စီးပွားရေးဘဏ်မှာ ဘဏ်ငွေသေတ္တာလုယုမှုခံရခြင်းရသည့် ဖြစ်စဉ်အပေါ် မြို့ပေါ်လူများ ကလည်း အံ့သြနေရပြီး တချို့က လက်နက်ကိုင်အဖွဲ့အစည်းတခုမှ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသလို တချို့ကလည်း တရားဥပဒေ စိုးမိုးမှု ယိုးယွင်းပျက်စီးနေမှုကို အခွင့်ကောင်းယူပြီး တခြားသူများကလုယူသွားခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးအမျိုးမျိုးပေးကာ ဝေဖန်ပြောဆိုနေကြသည်။
ဖြစ်စဉ်အပေါ် အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ ကျောက်တော်မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံး နှင့်မြို့မရဲစခန်းမှူးထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ထုံစံအတိုင်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။
ဆက်စပ်ဖတ်ရှုရန်
ပုသိမ်က အချုပ်သား ၃ ဦးထွက်ပြေးမှု ရဲ ၅ ဦး အချုပ်ထဲရောက်
မန္တလေးတွင် လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူမှု ဖြစ်ပွား
မန္တလေး သေနတ် ပစ်ခတ်မှုက လုယက်ရန် အတွက်ဟု ဆို