လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် လူဦးရေ အခြေခံ မဲစာရင်း ကောက်ယူပြီး ဖြစ်ကာ မဲပေးခွင့် ရှိသူ လူဦးရေ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင် က ပြောသည်။
နေပြည်တော်ရှိ UEC ရုံး၌ ယနေ့ (နိုဝင်ဘာ ၂၇ရက်) မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က ပြောကြားခြင်း ဖြစ်သည်။
ဦးမြင့်နိုင်က “လက်ရှိ အခြေခံ မဲစာရင်း အရေအတွက်က ၃၇ သန်းကျော်ပေါ့။ ၂၀၁၅ တုန်းကတော့ ၃၄ သန်းကျော်ဆို တော့ ဒီထဲမှာ တပ်မတော်သားတွေနဲ့ အတူနေ မိသားစုတွေရဲ့ မဲစာရင်းတော့ မပါသေးဘူး။ တပ်မတော်သားတွေကတော့ ရွှေ့တာပြောင်းတာတွေ ဖြစ်တော့ နီးကပ်လာတဲ့ အချိန်မှာ သူတို့ဆီက ရမှာပါ” ဟု ဆိုသည်။
ထိုသို့ မဲစာရင်း ကောက်ယူရာတွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသရှိ မြို့နယ် ၅ ခုကို စာရင်း ကောက်ယူမှု မပြုလုပ်နိုင် သေးကြောင်း၊ ပြီးခဲ့သည့်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း ယင်းမြို့နယ်များတွင် မကျင်းပနိုင်ခဲ့ ကြောင်း သို့သော် ယခုလာမည့် ရွေးကောက်ပွဲတွင် ကျင်းပနိုင်ရန် မဲစာရင်း ကောက်နိုင်ရေး ကြိုးပမ်းနေကြောင်း ၎င်းက ဆို သည်။
ဦးမြင့်နိုင်က “အဲဒီ ၅ မြို့နယ်က လွဲရင်တော့ အခြေခံ မဲစာရင်းကို ကျန်တာတွေ အကုန်လုံး ကောက်ပြီးပါပြီ။ ရခိုင်လည်း ပြီး ပါပြီ” ဟု ပြောသည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲရက်ကို မည်သည့်ရက်၌ ကျင်းပမည်ကို အတိအကျ မပြောနိုင်သေးကြောင်းနှင့် ယခု ပြုစု ထားတဲ့ အခြေခံ မဲစာရင်းကိုလည်း Update အမြဲ လုပ်နေမည် ဖြစ်ကြောင်း၊ မဲစာရင်း၌ ကွယ်လွန်ခြင်း၊ ပြောင်းရွှေ့ခြင်းများ နှင့် အစရှိသည့် လိုအပ်ချက်များကို ပြုစုသွားမည် ဖြစ်ကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။
ရွေးကောက်ပွဲ ဆိုင်ရာ လေ့လာစောင့်ကြည့်နေသည့် New Myanmar ဖောင်ဒေးရှင်းမှ စီမံကိန်း ဒါရိုက်တာ ဦးကျော်ထင် က “၂၁၀၅ တုန်းက ဆိုရင် မဲစာရင်းတွေက မှန်လား မှားလား ဆိုတာကို၊ ကျန်ခဲ့လား မကျန်ခဲ့လား ဆိုတာကို ပိုင်းလော့ ပရောဂျက် အနေနဲ့ ကော်မရှင်နဲ့ တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း ကော်မရှင်နဲ့ တွဲပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီး တိကျတဲ့ အဖြေရမယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အဓိက စိန်ခေါ်မှုမှာ ရွှေ့ပြောင်းမဲ ဆန္ဒရှင်များ မဲစာရင်းတွင် ပယ်ဖျက်ခြင်း၊ ကျန်ခဲ့သည့်ကိစ္စများ မှာ မှားနေကြကိစ္စ တခုဖြစ်ကြောင်း၊ ကော်မရှင် အနေနဲ့ မဲစာရင်းကို စီမံခန့်ခွဲသည့် အပိုင်းတွင် ဝေဖန်မှုများစွာ ခံခဲ့ ကြောင်း၊ ယခုကဲ့သို့ မဲစာရင်းများကို ကြိုတင်ပြုစုခြင်းမှာ ကောင်းမွန်ကြောင်း ဦးကျော်ထင်က ဆိုသည်။
ထိုသို့ ကော်မရှင်၏ လုပ်ဆောင်ချက်ကို အဆက်မပြတ် ဖော်ပြသွားမည် ဖြစ်သဖြင့် သတင်းမီဒီယာများအား UEC ရုံးတွင် တပတ်ကို တကြိမ် ဗုဒ္ဓဟူး နေ့တိုင်း သတင်းစာ ရှင်းလင်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်ထံ မှ သိရသည်။
၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် အစီရင်ခံစာ တွင် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသည့် နေရာများကို ထည့်သွင်း ဖော်ပြခဲ့ပြီး ကချင်ပြည် နယ်ရှိ မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့ နယ် ၇ ခု၊ ပဲခူးတိုင်းရှိ မြို့နယ်၂ ခု၊ မွန်ပြည်နယ်ရှိ မြို့နယ် တခု၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၇ ခုတို့၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သူ ၁၂၀၀ ခန့်၊ ပြည်ပ စောင့်ကြည့် လေ့လာသူ ၁ ထောင်ခန့်နှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ထောင်ပေါင်းများစွာက ကန့်သတ်ချုပ်ခြယ်မှု မရှိဘဲ၊ တပ်မတော် စခန်းဝင်း အတွင်း မဲရုံများတွင်လည်း အကန့်အသတ်မဲ့ လေ့လာ စောင့်ကြည့်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံက သိရသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ၌ ချင်း ၃ပါတီ ပေါင်းထားသည့် CNLD ဝင်ပြိုင်မည်
၂၀၂၀ ရွေးကောက်ပွဲ ဟန်ပြမလုပ် စံပြလုပ်မည်ဟု ကော်မရှင် ဥက္ကဌ ကတိပေး