သတင်းစာ ဆရာမ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ၁၀၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲကို နိုဝင်ဘာလ၂၉ ရက် တွင် မန္တလေးခရိုင် အမရပူရမြို့နယ် အတွင်းရှိ တောင်လေးလုံးကျောင်းတိုက်၌ ကျင်းပသွားမည်ဟု မိသားစုဝင်များထံက သိရသည်။
လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက “ဒီနှစ်ပွဲက ထူးထူးခြားခြားရယ်လို့တော့ ဘာအစီအစဉ်မှတော့ မရှိပါဘူး။ အရင် နှစ်စဉ်နှစ်တိုင်းလိုပါပဲ၊ သံဃာတွေ ဆွမ်းကပ်ပြီး စာရေးဆရာ၊ ကဗျာဆရာ မိတ်ဆွေတွေကို ဝက်ကသည်း ချက်နဲ့ ဧည့်ခံသွားမှာပါ”ဟု ပြောသည်။
လူထု ဒေါ်အမာသည် မြန်မာ့ စာပေလောကနှင့် သတင်းစာလောကတွင် ထင်ရှားကျော်ကြားပြီး အမှန်တရားနှင့် ပြည်သူ လူထုဘက်မှ မားမားမတ်မတ် ရပ်တည်ကာ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ကလောင်အစွမ်းဖြင့် ဆောင်ရွက်ခဲ့သော စာရေးဆရာ၊ သတင်းစာ ဆရာမကြီး တဦးလည်း ဖြစ်ကာ အသက် ၉၃ နှစ်အရွယ် ဒေါ်အမာသည် ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက် နံနက်၌ မန္တလေးမြို့ရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။
လူထု ဒေါ်အမာ မွေးနေ့ကို အသက် ၇၀ ပြည့်သည့် ၁၉၈၅ ခုနှစ်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ကာ ယခုအခါ ၃၄ ကြိမ်မြောက် ကျင်းပ ခြင်းဖြစ်သည်။
မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က “ဒေါ်ဒေါ်က အရင်တုန်းကတည်းက သူ့မွေးနေ့ကို မလုပ်စေချင်ဘူး။ ဒါပေမယ့် တပည့်၊ သားမြေးများက ဒေါ်ဒေါ့်မွေးနေ့ကို အကြောင်းပြုပြီးတော့ ဆုံကြပြီးတော့ စာအကြောင်း ပေအကြောင်း ပြောကြ ဆွေးနွေးခဲ့ကြရတာ။ ဆုံကြရတဲ့ ကာလတွေတုန်းက တွေ့ဖို့ဆုံဖို့ ဆိုတာ အရမ်းကို ခက်ခဲကြတာ။ အဲဒီလို ခက်ခက်ခဲခဲ ကာလတွေမှာ တောင်လေးလုံး ဆရာတော် ဦးပညာရဲ့အရိပ်အောက်မှာ အားလုံးဆုံကြရတဲ့ အစဉ်အလာလေးကို ဆက် ထိန်းတဲ့ သဘောပါ” ဟု ပြောသည်။
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထု ဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် မန္တလေးမြို့ဂုန္တန်ရပ်၌ အဖဦးထင်၊ အမိ ဒေါ်စုတို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဒေါ်အမာ ဖြစ်သည်။
မွေးချင်း ၁၂ ယောက်အနက် စတုတ္ထမြောက်သမီးဖြစ်ပြီး အမျိုးသမီး နေရှင်နယ်ကျောင်း၊ အေဘီအမ်ကျောင်းနှင့် ဗဟို အမျိုးသား အထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ ၁၀ တန်း အောင်ခဲ့သည်။
၁၉၃၃ မှ ၁၉၃၅ ခုနှစ် အထိ မန္တလေး ဥပစာကောလိပ်၊ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘီအေတန်း တက်ရင်း ဒုတိ ယ ကျောင်းသားသပိတ်၌ ပါဝင်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာပင် အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမားဂျာနယ်များတွင် ခင်လ ဝင်း၊ မြမဉ္ဇူကလောင် အမည်များဖြင့် စာပေများ စတင် ရေးသားခဲ့သည်။
၁၉၃၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ကြီးပွားရေး ဦးလှနှင့် ထိမ်းမြား လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ထွန်းကားခဲ့သည်။
၁၉၄၅ ခုနှစ်တွင် လူထုဂျာနယ် လက်ထောက် အယ်ဒီတာ၊ ၁၉၄၆ ခုနှစ်တွင် လူထုသတင်းစာ အယ်ဒီတာများ အဖြစ် ဆောင်ရွက်ခဲ့ကာ သတင်းစာ ခေါင်းကြီးများ၊ သတင်းဆောင်းပါးများ၊ နိုင်ငံရေး ဝေဖန်ချက်များ၊ ယဉ်ကျေးမှုရေးရာ စာတမ်း များ၊ ဆောင်းပါးများ၊ ဘာသာပြန်များ စသည့် စာအုပ်စာတမ်းများစွာ ရေးသားပြုစုခဲ့သလို ၁၉၆၄ ခုနှစ်တွင် ပြည်သူချစ် သော အနုပညာသည်များ စာအုပ်ဖြင့် စာပေဗိမာန် မြန်မာ့ ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေ ပထမဆု ရရှိခဲ့သည်။
လူထု ဒေါ်အမာသည် စာအုပ်ပေါင်း ၄၀ ကျော် ရေးသား ထုတ်ဝေခဲ့သလို မကွယ်လွန်မီ အချိန်ထိ စာပေ၊ ယဉ်ကျေးမှုဆိုင် ရာ ဆောင်းပါးများ ရေးသားခဲ့ပြီး ကလောင်အမည်ခွဲများမှာ ခင်လဝင်း၊ ဇဗ္ဗူဒီပါ အောင်ထွန်း၊ ဖခင်အောင်နိုင်၊ ဖိုးသာ အောင်၊ မြမဉ္ဇူအမာ၊ အမာ(တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ)၊ အင်းလျားအဆောင်သူ တဦးတို့ ဖြစ်သည်။
သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပြည်သူလူထုဘက်မှ အစဉ်တစိုက် ရပ်တည် ရေးသားခဲ့ခြင်းကြောင့် လူထုမိခင်၊ စာပေ မိခင်ကြီး အဖြစ် လေးစားကြည်ညိုခြင်း ခံခဲ့ရသူလည်း ဖြစ်ပြီး လူထုဒေါ်အမာကြောင့် မန္တလေးကို ကမ္ဘာက ပို၍ သတိထားမိ လာစေခဲ့သည်။
“အမေမာဟာ စာရေးဆရာကောင်း တဦး ဖြစ်ခဲ့သလို သတင်းစာဆရာကောင်း တဦးလည်း ဖြစ်ခဲ့ပါတယ်။ သတင်းစာဆရာ တဦး ပီပီသသနဲ့ ပြည်သူ့ မျက်နှာကိုပဲ ကြည့်ခဲ့တယ်။ စစ်အာဏာရှင်ကို တော်လှန်ခဲ့တယ်။ လူထုဆိုတဲ့ အတိုင်း လူထု ဘက်ကပဲ သေတဲ့အထိ ရပ်တည်ခဲ့တာကြောင့်လည်း ဒီနေ့အချိန်အထိ အားလုံးက သတိတရ ရှိနေကြရတာပါ” ဟု စစ် ကိုင်း မြို့ခံ ကာတွန်းဆရာ ဝင်းမျင့်က ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် အတူ လက်တွဲ ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာစာပေဖွံ့ ဖြိုးရေးနှင့် သတင်းစာပညာရပ်များအတွက် နိုင်ငံခြား တိုင်းပြည်များသို့လည်း လေ့လာရေး ခရီးများစွာ သွားရောက်ခဲ့သည်။
လူထုဒေါ်အမာသည် ကိုယ်တိုင်တော်ပြီး ထူးချွန်ထက်မြက်ရုံတင် မဟုတ်ဘဲ လူထုအရိပ်၌ လာရောက် ခိုနားသူများ အတွက်ပါ စံပြပုဂ္ဂိုလ် တဦးအဖြစ် နည်ပေးလမ်းပြ သွန်သင် ညွှန်ပြပေးနိုင်ခဲ့သူလည်း ဖြစ်သည်။
ထိုသို့သော အကြောင်းအရာများစွာကြောင့် သတင်းစာဆရာမကြီး၊ စာရေးဆရာမကြီး လူထုဒေါ်အမာကို ယနေ့ထက်တိုင် မြန်မာနိုင်ငံ စာပေလောက၏ မိခင်ကြီးဟု ခေါ်ဆိုနေကြသလို တလေးတစား မြတ်နိုးစွာဖြင့် ဂုဏ်ပြုနေကြခြင်းလည်း ဖြစ် သည်။
လူထုဒေါ်အမာ၏ မွေးနေ့ပွဲသို့ အနယ်နယ် အရပ်ရပ်မှ စာပေသမားများ အစဉ်အလာမပျက် နှစ်စဉ် တက်ရောက်လေ့ရှိ ကြပြီး လူထုဒေါ်အမာနှင့် ပတ်သက်သည့် အမှတ်တရစာစု၊ စာအုပ်များ ဝေငှခဲ့လေ့ ရှိကာ ယခုနှစ်ပွဲတွင် တက်ရောက် လာသည့် ဧည့်သည်များကို လူထု မိသားစုမှ ထမင်း၊ ဝက်သားဟင်းလေးချက်၊ ဘူးသီးကြော်၊ မှန်ရောင်ဟင်းရည်များဖြင့် ဧည့်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – https://burma.irrawaddy.com/news/2015/11/26/102309.html