သတင်း

အနိမ့်ဆုံး လုပ်ခလစာ ၇၂၀၀ ကျပ် သတ်မှတ်နိုင်ရန် တောင်းဆိုမည်

အနိမ့်ဆုံး လုပ်ခလစာကို ၇၂၀၀ ကျပ် တောင်းဆိုနိုင်ရန် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော် မတီတွင် တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (CTUM) က သိရသည်။

အလုပ်ချိန် ၈ နာရီတွင် ၁ နာရီ လုပ်အားခ ၉၀၀ ကျပ်နှုန်းထားသည် CTUM အဖွဲ့မှ ကောက်ယူထားသည့် စစ်တမ်း အပေါ် တွင် အခြေခံခြင်းဖြစ်ပြီး အခြား အလုပ်သမား အရေး ဆောင်ရွက်နေသည့် အဖွဲ့များ ကောက်ယူရရှိသည့် နှုန်းထားများနှင့် လည်း ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဝင်၊ CTUM ဗဟို ကော်မတီဝင်လည်း ဖြစ်သူ  ဦးဝင်းဇော်က ပြောသည်။

ဦးဝင်းဇော် က “ဘုံသဘောတူညီချက်ကို ဆွေးနွေးရဦးမှာပေါ့။ အလုပ်သမား အနေအထားအရ ၇၂၀၀ ကတော့ တောင်းဆိုမယ်ပေါ့။ ကျနော်တို့ အခု ကောက်ထားတဲ့ ၇၂၀၀ က တကယ့် နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် လုံလောက်တဲ့ အနေအထား မဟုတ် သေးဘူးပေါ့။ သို့သော် ဒီ ၇၂၀၀ သည် သင့်တင့်မျှတတဲ့ နှုန်းထား တခုတော့ ဖြစ်တယ်” ဟု ဆိုသည်။

CTUM မှ လူတဦးလျှင် တနေ့တာ လိုအပ်ချက် ဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး အပေါ်တွင် အဓိက ထားကာ စစ်တမ်း ကောက်ခံခြင်း ဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တို့တွင် ကွင်းဆင်းပြီး စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အထည်ချုပ် အလုပ်သမ တဦး ဖြစ်သည့် မနန်းခင်မွှေး က “ဆန်တောင် အနိမ့်ဆုံး တပြည် ၁၆၀၀ လောက် ရှိတယ်။ ဟင်း စား တင်၂၀၀၀ ဖိုးကုန်တယ်။ ဆီစား၊ ကြက်သွန် မပါသေးဘူး။ ကလေးမုန့်ဖိုးနဲ့ဆို ၃၅၀၀၊ ၄၀၀၀ ဖြစ်နေပြီ။ ၁ ရက်ကို ၇၀၀၀ လောက် အနည်းလေး ကုန်တယ်။ အိမ်ငှားခတွေ ဘာတွေ မပါသေး။ အိမ်ငှားခ ၅ သောင်း၊ မီးဖိုးက ၅ ထောင် ကျော်တယ်” ဟု ဆိုသည်။

ထို့ပြင် အစိုးရနှင့် လုပ်ငန်းရှင်များ၏ သဘောထား၊ တိုင်းပြည်၏ ဂျီဒီပီ စသည့် အချက်များ ရှိနေသော်လည်း အကောင်းဆုံး နှုန်းထား တရပ်ကို ရရှိရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးဝင်းဇော်က ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်တွင် အင်းလျားလိတ်၌ ကျင်းပမည့် ဖိုရမ်တွင်မှ ဘုံသတ်မှတ်ချက်ဖြင့် စစ်တမ်းကောက်ယူရမည့် ပုံစံ ကို ဆွေးနွေးမည် ဖြစ်သဖြင့် အနိမ့်ဆုံး လုပ်ခလစာနှင့် ပတ်သက်ပြီး ယင်းစစ်တမ်း ကောက်ယူပြီးမှသာ ပြောကြားနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေ ထွေ အတွင်းရေးမှူး ကိုသက်နှင်းအောင် ပြောသည်။

ကိုသက်နှင်းအောင် က “၃၀ ရက်ကျမှ စစ်တမ်းထဲမှာ ဘာတွေ ထည့်မယ်ဆိုတာ ဆွေးနွေးမယ်။ အစိုးရရော လုပ်ငန်းရှင်ရော တက်မယ်။ ပြီးပြီဆိုမှ ဒီစစ်တမ်းထဲမှာ ဘာတွေထည့်မလဲ ဆိုတာ ဆွေးနွေးမယ်။ စစ်တမ်းကောက်ဖို့ ကျနော်တို့ အဖွဲ့ချုပ် တခုတည်း မဟုတ်ဘဲ အားလုံး ဘုံသတ်မှတ်ချက်နဲ့ ထည့်မှာ” ဟု ဆိုသည်။

စစ်တမ်းအရ ရရှိထားသည့် နှုန်းထား  ၇၂၀၀ သည် ယခင် သတ်မှတ်ချက် ၄၈၀၀ နှင့် နှိုင်းယှဉ်ပါက အတော်ကွာဟ နေသ ဖြင့် အဆိုပါ တောင်းဆိုမှု အတိုင်း ရရှိရန် အခက်အခဲများ ကြုံနိုင်ကြောင်း CTUM က ပြောဆိုသည်။

ဦးဝင်းဇော်က “အခက်တွေကတော့ အများကြီး ကြုံနိုင်တယ် ၄၈၀၀ နဲ့ ၇၂၀၀ ဆိုတော့ ကြားထဲမှာ ကွာဟမှုက မြင့်တယ် ဆိုတဲ့ အခါကျတော့ အမျိုးသားအဆင့် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးတဲ့အခါမှာ စိန်ခေါ်မှုက တော့ မြင့်မယ်။ ကျနော်တို့ အလုပ်သမား ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဖြစ် အောင်တော့ ကြိုးစားသွားရမှာပဲ”  ဟု ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ ပြီး နည်းဥပဒေများကို၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်၌ ပြဋ္ဌာန်းခဲ့သည်။

အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ် သတ်မှတ်နိုင်ခဲ့ပြီး နေရာ ဒေသ ၏နှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တနေ့ အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်းသတ်မှတ် ထုတ်ပြန်ခဲ့သည်။

အလုပ်သမား အဖွဲ့အစည်းများက အနိမ့်ဆုံး လုပ်ခလစာကို ကျပ် ၅၆၀၀ တောင်းဆိုထားသော်လည်း အလုပ်သမား အဖွဲ့ အစည်း အများအပြား ကန့်ကွက်နေသည့် ကြားမှ ကျပ် ၄၈၀၀ ဖြင့်သာ ၂၀၁၈ ခုနှစ် မေလတွင် အတည်ပြုပေး ခဲ့သည်။

အနည်းဆုံး အခကြေးငွေဥပဒေတွင် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂ နှစ် တကြိမ် သုံးသပ် ပြင်ဆင် ပြင်ဆင်ရမည် ဟု ပြဋ္ဌာန်းထားသဖြင့် တတိယ အကြိမ် နှုန်းထား ပြင်ဆင်မှုကို၂၀၂၀ မေလတွင် ပြင်ဆင် သတ်မှတ်ရမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် 

အလုပ်သမားတဦး တနေ့ ကုန်ကျစရိတ် ကျပ် ၇ ထောင်မှ ၉ ထောင်ကြား ရှိဟု စစ်တမ်းကဆို

Loading