လွှတ်တော်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးချက်များတွင် တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များသည် လွှတ်တော် စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိ ဟုဆိုကာ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးလိုက်သည်။
ဦးတီခွန်မြတ်က “လွှတ်တော် အစည်းအဝေးအတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ အပြန်အလှန် လေးစားမှုထားပြီး လွှတ် တော်နဲ့ တဦးချင်းစီရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူပြောဆိုဆောင်ရွက်စေလိုပါတယ်”ဟု ပြောသည်။
ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက ကိုယ်တိုင်ဦးစီး၍ လွှတ်တော်တွင်း စည်းကမ်းနှင့် မညီညွှတ်သည့် ဆွေးနွေးချက်များကို မှတ်တမ်းအတွင်းမှ နုတ်ပယ်ခြင်း၊ ဆွေးနွေးခဲ့သည့် ဆွေးနွေးချက် များထဲမှ ဥပဒေပြဌာန်းချက်နှင့် ကိုက်ညီမှု မရှိသည့် စကားရပ်အချို့ကို လွှတ်တော်တွင် ဖတ်ကြားခဲ့ပြီး ပယ်ဖျက်ကြောင်း ကြေညာခြင်းများ ပြုလုပ်ခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သောင်းထိုက်စိုး ဆွေးနွေးချက်တွင် ‘အစည်းအဝေးကာလမှာလည်း မူဝါဒ၊ စနစ်ခိုင်မြဲစွာ သတ်မှတ်ထားခြင်းမရှိဘဲ ဖတ်ရှုလေ့လာစီစစ်ရင်း စနစ်ရှာနေတာ၊ ကောင်းနိုးရာရာ မူဝါဒချမှတ် နေတာ၊ စမ်းတဝါးဝါး လုပ်နေတာကြောင့် လုပ်ငန်းစဉ်တလျောက် အခက်အခဲ များတွေ့ကြုံလျက် ရှိသည်ဆိုသည့် ပြောကြားချက်များနှင့် မယောင်ရာဆီလူးနေရင်း ဝေ့လည်ကြောင်ပတ်လုပ်နေသည်ဆိုသည့်’ အသုံးအနှုန်းဖြစ်သည်။
ထို့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မြင့်၏ ဆွေးနွေးချက်တွင် ‘ ဒီနေရာမှာ အခါအခွင့်သင့်လို့ဆိုတာက စပြီး သွေးရိုးသားရိုးဟုတ်ရဲ့လားဟု ကျနော် ဒီနေရာ ကနေ မေးခွန်းထုတ်ချင်ပါတယ်’ ဟု ဆိုသည့် အသုံးအနှုန်း၊ ဗိုလ်မှူး ဇင်မျိုးလတ်မှလည်း ‘ဘာကြောင့် သဝေထိုးနေလဲ ဆိုတာကို စဉ်းစားမရပါဘူး’ ဆိုသည့် အသုံးအနှုန်း တို့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ကြီးသန်းသန်းဝင်း ဆွေးနွေးသည့် ‘ အချိန်ဆွဲနေတာလား၊ ပြင်ဆင်ဖို့ စေတနာ မရှိလို့ ဟန်ပြနေတာလား’ ဟူသည့် အစရှိသည့် စကားရပ်များမှာ လွှတ်တော်အစည်းအဝေးတွင် လိုက်နာရမည့် စည်းကမ်း ချက်များနှင့် ညီညွတ်မှုမရှိကြောင်း၊ လွှတ်တော်နှင့် လွှတ်တော်အစည်းအစည်းများ၏ ဂုဏ်သိက္ခာကို ထိပါးစေပြီး လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို အထင်အမြင်မှားစေသည့် ပြောဆိုဆွေးနွေးမှုများပါဝင်ကြောင်း တွေ့ရှိရသည်ဟု အသိပေးသည်။
ထိုကြောင့် လွှတ်တော်ကိုယ်စားလှယ် ၅ ဦး စည်းကမ်းချက်ကို ဖျောက်ဖျက်ဆွေးနွေးမှုများအား လွှတ်တော်မှတ် တမ်းမှ ပယ်ဖျက်ကြောင်းလည်း ကြေညာသည်။
လွှတ်တော် နာယက ဦးတီခွန်မြတ်က “လွှတ်တော် အစည်းအဝေးမှာ လိုက်နာရမယ့် စည်းကမ်းချက်များနဲ့ ညီညွှတ်မှု မရှိကြောင်း၊ လွှတ်တော်နဲ့ လွှတ်တော် အဖွဲ့ အစည်းများ၏ ဂုဏ်သိက္ခာကို ထိပါးစေပြီး လွတ်တော်အတွင်းဆောင် ရွက်ချက်များကို အထင်အမြင်မှားစေတဲ့ ဆွေးနွေး ပြောဆိုမှုများပါဝင်တာတွေ့ရှိရပါတယ်” ဟု ပြောသည်။
တပ်မတော်သား ကိုယ်ယ်စားလှယ်များ၏ ဆွေးနွေးချက်များမှာ ဥပဒေဘောင်အတွင်းမှ ဆွေးနွေးခြင်းသာ ဖြစ်ကြောင်း၊ ယခုလိုဆွေးနွေးချက်ကိုများအား ပယ်ဖျက်ခြင်းလိုက်ခြင်းမှာ လက်မခံလိုသော်လည်း နာယက၏ လုပ်ပိုင်ခွင့် ဖြစ်ခြင်း ကြောင့် အထွေအထူးပြောစရာမရှိကြောင်း တပ်တော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်များကိုပြောသည်။
ဗိုလ်မှူးချုပ်မောင်မောင်က “ဒီလို ဆွေးနွေးမယ်ဆိုတည်းက သေချာစီစစ်ပြီးတော့မှ ဝိုင်းဝန်းစဉ်းစားပြီးဆွေးနွေးချက်တွေကို အားလုံး တင်ပြကြတာပါ။ ကျနော်တို့ အနေနဲ့ကတော့ ကိုယ့်ရဲ့လုပ်စရာရှိတဲ့ အတိုင်း ဆက်လုပ်နေမှာဖြစ်ပါတယ်” ဟု ပြောသည်။
လွှတ်တော်အတွင်း နာယကမှ ထိုသို့ သတိပေးပြောဆိုမှုများ ရှိသော်လည်း ယနေ့ အစည်းအဝေးတွင် ဗိုလ်မှုးချုပ် အောင် စန်းချစ် တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စား လှယ်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ လေ့လာစိစစ် ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင်လည်း လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် အချင်းချင်း အပြန်အလှန်ကန့်ကွက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
အချို့သော လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များသည် ယနေ့အစည်းအဝေးစတင်တဲ့အချိန်မှာ နာယကကြီး ၏ လမ်းညွှန်များနှင့် တိုက်ရိုက်ကို သွေဖယ်နေသည်ကိုတွေ့ရကြောင်း လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီအတွင်းရေးမှုး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ တင်ပြခဲ့သည်။
ဒေါက်တာ မြတ်ဉာဏစိုး က “ဥပဒေကို လက်တစ်လုံးခြား ဆောင်ရွက်သလို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗျူဟာချမှတ်ဆောင်ရွက် နေတာ လား၊ ပါတီတခုကိုလည်း ရည်ရွယ်ပြောဆိုပြီးတော့ ဆွေးနွေးနေတာရှိပါတယ်။ နာယကရဲ့ လမ်းညွှန်ချက်တွေကို လိုက်ပါ ဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့် ဒီဟာတွေကို အလေးအနက် ကန့်ကွက်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု လွှတ်တော်နယကထံ တင်ပြခဲ့သည်။
ထို့အတူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးကလည်း NLD ပါတီမှ ကိုယ်စားလှယ်တဦး ဆွေးနွေးချက်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မြစ်ဖျားခံရာ ရေသောက်မြစ်ဖြစ်သော အမျိုးသားညီလာခံကို ညောင်နှစ်ပင် ညီ လာခံဟု တရားမဝင်အသုံးအနှုန်း သုံးနှုန်းသွားကြောင်း၊ ယင်းအသုံးအနှုန်းကို တရားဝင်ကန့်ကွက်ပြီး မှတ်တမ်းမှ ပယ် ဖျက်ပေးရန် တောင်းဆိုလိုကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၀ ပါ စည်းကမ်းချက်များနှင့် မညီသဖြင့် ကန့်ကွက်ရခြင်းဖြစ်ပြီး တင်ပြခဲ့သည်။
လွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့ ဆွေးနွေးမှုအားလုံးပြီးစီးပါက ဆွေးနွေးမှုများအား လုံးကောက်ပြန်ဖော်၍ နာယ ကကိုယ်တိုင် ဦးစီးပြီး ဥပဒေနှင့် မညီသည့် အချက်များကို နုတ်ပယ်သွားမည်ဟု ကန့်ကွက်သူများကို ဦးတီခွန်မြတ်က ပြောသည်။
လွှတ်တော် နာယက ဦးတီခွန်မြတ် က “အားလုံးဆွေးနွေးမှုပြီးဆုံးရင် လုံးကောက်များ ပြန်ဖော်မှာဖြစ်ပါတယ်။ လုံးကောက် များပြန်ဖော်ပြီးမှ ဥပဒေနဲ့ မညီတဲ့ အချက်တွေကို မှတ်တမ်းက နုတ်ပယ်ဖို့ မိမိမှာ အစီအစဉ်ရှိကြောင်း အားလုံးကို အသိပေးအပ်ပါတယ်”ဟု လွှတ်တော်တွင် ကြေညာခဲ့သည်။
You may also like these stories:
အတိုက်အခံပါတီများ ဖျက်သိမ်းခံရမည်ဟု UEC သတိပေး
ရွေးကောက်ပွဲကော်မရှင်ကို သံသယ ရှင်းစေလိုကြောင်း ကော်မရှင် ဥက္ကဋ္ဌ ပြော
တပ် ကိုယ်စားလှယ်များ လူထု တွေ့ဆုံမှု ကျင့်ဝတ်နှင့် မညီဟု NLD အမတ်များ ပြော