ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်တွင် တက္ကသိုလ် ကျောင်းသားတဦး လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ နောက်ဆက် တွဲအဖြစ် လူကုန်ကူးမှု ၂ မှုကို ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ (လူကုန်တား) မှ တရားလိုပြုကာ ထပ်မံ အမှုဖွင့်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကျားဖောင် လုပ်ငန်းခွင်သို့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှ အသက် ၂၀ အရွယ် ကိုမြတ်သူရထွန်းသည် လူကုန်ကူးခံရပြီး နောက် ၎င်း၏ ထုတ်ဖော်ပြောဆိုချက်အရ အခြား လူကုန်ကူးခံခဲ့ရသူ ၂ ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့သည်။
ထိုသို့ ကယ်တင်ခံရသူများ၏ ထွက်ဆိုချက်အရ ဒလမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ကျားဖောင်လုပ်ငန်းခွင်သို့ ပို့ ဆောင်ပေးခဲ့သည့် ပွဲစားများကို အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု လူကုန်တား ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်ကြွယ်က ပြော သည်။
ဒုရဲမှူးကြီး ခင်မောင်ကြွယ် က “သူနဲ့အတူ လူကုန်ကူးခံရတဲ့ မောင်သက်ရဲ့ ထွက်ဆိုချက်အရ ဒလမှာ ၁ မှုဖွင့်တယ်။ နောက် တခု တက္ကသိုလ် ကျောင်းသားလေးဖြစ်တဲ့ ကိုမြတ်သူရထွန်းနဲ့ အတူ တဖောင်ထဲမှာ နေခဲ့တဲ့ သူကို (မောင်ညီသွေး) စစ်ဆေး လိုက်တဲ့အခါ သူလည်း လူကုန်ကူးခံရသူ ဖြစ်နေတာကြောင့် ကျနော်တို့ ပြန်ကယ်တင်လိုက်နိုင်တယ်။ အဲဒါကြောင့် သူ့ကို ချိတ်ဆက်ပြီး ကျားဖောင်ဆီပို့ကာ လုပ်အားခ ခေါင်းပုံဖြတ်ထားသူတွေကိုလည်း လှိုင်သာယာ ရဲစခန်းမှ အမှုထပ်ဖွင့် လိုက်တယ်။ ကိုမြတ်သူရထွန်း အမှုရဲ့ နောက်ဆက်တွက်၂ မှု ထပ်ဖွင့်ထားတာပေါ့” ဟု ဆိုသည်။
ဒလမြို့နယ်တွင် ထပ်မံဖွင့်ခဲ့သည့်အမှုတွင် လက်ရှိ ကိုမြတ်သူရထွန်း အမှုနှင့် ပတ်သက်၍ ထွက်ပြေး တိမ်းရှောင်နေသည့် မအေးသက်မာနှင့် ၎င်း၏ မိခင် ဒေါ်နိုင်နိုင်ကျော်၊ ဝင်းလင်းထွန်း(ခ) ကောင်ကြီးနှင့် အမည်မသိ အမျိုးသားတဦး တို့ကို လူကုန်တား ဥပဒေ ပုဒ်မ ၂၅/ ၃၂ ဖြင့် အမှုဖွင့်ကာ ဝင်းလင်းထွန်း(ခ) ကောင်ကြီး ကိုတော့ ဖမ်းဆီးထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လှိုင်သာယာမြို့နယ်တွင် ထပ်မံ ဖွင့်ခဲ့သည့် အမှုသည် အသက် ၂ဝ အရွယ် မောင်ညီသွေး(ခ) ဖိုးတုတ်သည် တက္က သိုလ် ကျောင်းသား ကိုမြတ်သူရထွန်းနှင့် အတူ တဖောင်တည်းတွင် အလုပ် လုပ်ခဲ့ရသူဖြစ်ပြီး ဖောင်ပေါ်သို့ ရောက်သည့် အခါ လှိုင်းမူးသဖြင့် အလုပ်မလုပ်နိုင်ကြောင်း ဖောင်ဦးစီးကို ပြောသည့်အခါ ၎င်းအတွက် ကြိုတင်ငွေကို ပွဲစားများက ထုတ် ယူသွားပြီး ဖြစ်သဖြင့် ဖောင်ပေါ်တွင် လုပ်ခလစာ မရရှိဘဲ ၂ လခန့် အလုပ်လုပ်ခဲ့ရကြောင်း လူကုန်တား ရဲတပ်ဖွဲ့၏ အမှု ဖွင့်တိုင်ကြားစာ၌ ပါဝင်သည်။
ကိုမြတ်သူရထွန်း လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရန် အတွက် ကမ်းပေါ်သို့ တက်ရောက်လာပြီး စစ် ဆေးသည့်အခါမှ မိမိကိုယ်တိုင်လည်း လူကုန်ကူးခံရပုံကို ပြောပြတိုင်ကြားကာ မောင်ညီသွေး၏ အမှုကို လှိုင်သာယာ မြို့ နယ်တွင် လူကုန်တား ဥပဒေပုဒ်မ ၂၅/ ၃၂ ဖြင့်ပင် ထပ်မံ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
မောင်ညီသွေး၏ အမှုတွင် ပွဲစားများဖြစ်သည့် မောင်စိုး(ခ)မဲကြီး၊ ကြည်လွင်နှင့် ၎င်း၏ဇနီးဖြစ်သူ ချိုချိုဝင်း၊ ဇော်မင်းထွန်း တို့အပြင် ပွဲစားများကို လုပ်အားခ ခေါင်းပုံဖြတ်သည်ကို သိသိလျက် ငွေထုတ်ပေးခဲ့သည့် သဉ္ဇာထွန်း ကျားဖောင်လုပ်ငန်းမှ စာရေးဖြစ်သူ သာယာလင်း(ခ)သားကြီး တို့ကို အမှုဖွင့်ခဲ့ပြီး မောင်စိုး(ခ) မဲကြီးကိုတော့ ဖမ်းဆီးထားလိုက်နိုင်ပြီ ဖြစ် ကြောင်း သိရသည်။
ဖျာပုံမြို့နယ်မှ ကျားဖောင် လုပ်ငန်းခွင်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး လာမည့် ဒီဇင်ဘာ၂ ရက် တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများက အဆိုပါဒေသသို့ သွားရောက်ကာ စုံစမ်းစစ် ဆေးတော့မည် ဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်က ပြောသည်။
၎င်းတို့အဖွဲ့သည် သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ကျားဖောင် လုပ်ငန်းရှင်များနှင့် လုပ်သားများကို တွေ့ကာ စုံစမ်းစစ်ဆေး မေးမြန်းသွားမည် ဖြစ်ပြီး ကျားဖောင်လုပ်ငန်းခွင်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ် သွားမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ဦးယုလွင်အောင် က “ကျနော်တို့ ကော်မရှင်အဖွဲ့ဝင် ဦးဘုန်းကြွယ်နဲ့ ဒေါက်တာ မြင့်ကြည်တို့ ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်း စစ်ဆေးမှာပါ။ အဲဒီမှာ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်ခံနေရလဲပေါ့။ အဲဒီကနေ တွေ့ရှိလာတဲ့ အချက်တွေပေါ်မူတည် ပြီး ကျနော်တို့ ကော်မရှင်က သုံးသပ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘယ်လို လုပ်သင့်လဲကို အကြံပြုသွားပါ့မယ်။ လတ်တလောတော့ ကွင်းဆင်း စစ်ဆေးချက်တွေ တိတိကျကျ မသိရသေးတော့ တခြားမှတ်ချက် မပြုလိုပါဘူး” ဟု ဆို သည်။
ဆက်စပ်ဖတ်ရှုရန်
ကျားဖောင်တွင် ရောင်းစားခံရမှု သံသယ တရားခံ ဓာတ်ပုံ ရဲတပ်ဖွဲ့ အတည်ပြု