လွန်ခဲ့သောတပတ် ကြာသပတေးနေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မတော်တဆမှုတွင် သေဆုံးသူ မြန်မာနိုင်ငံသားများအပါအဝင် အလုပ်သမား ၇ ဦး၏ မိသားစုတခုစီအတွက် လျှော်ကြေးများ ထုတ်ပေးမည်ဖြစ်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာန လူမှုဖူလုံရေးရုံးက ကြေညာသည်။
ထိုင်းအစိုးရက ထိုအလုပ်သမားများ၏ ဆယ်နှစ်စာ လခ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ၇၂၀၇၂၀ ဘတ် (အမေရိကန်ဒေါ်လာ ၂၃၈၆၀) ကို ထိုသေဆုံးသူများ၏ မိသားစု တစုစီသို့ ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် ထိုင်းအစိုးရသည် သေဆုံးသူများ၏ ဈာပနစရိတ်အတွက် မိသားစုတစုလျှင် ဘတ် ၃၃၀၀၀ ပေးအပ်မည်ဖြစ်သည်။
ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီတွင် ဆောက်လုပ်ဆဲ လောင်စာဆီသိုလှောင်ရုံ ပြိုကျသောကြောင့် မြန်မာနိုင်ငံသား လေးဦးနှင့် ထိုင်းနိုင်ငံသား ငါးဦးအပါအဝင် နေ့လယ်စာစားနေသော လူ ၉ ဦးမှာ အပျက်အစီးများ အောက်တွင် ပိတ်မိကုန်သည်။ ထိုသူများအနက် နှစ်ဦးဒဏ်ရာရပြီး ကျန် ၇ ဦး သေဆုံးသွားသည်။
ဒဏ်ရာရသော အလုပ်သမားများကို တနှစ်စာအထိ လခ၏ ၇၀ ရာခိုင်နှုန်းနှင့် ဆေးကုသမှုအတွက် ဘတ် ၂ သန်း ပေးမည်ဟု ထိုင်းလူမှုဖူလုံရေး ရုံးအတွင်းဝန် တိုဆာပို ကရစ်တဝေါင်ဝီမင်က သောကြာနေ့တွင်ပြောသည်။ ဒဏ်ရာရသော အလုပ်သမားများ မစွမ်းမသန်ဖြစ်သွားပါက ၎င်းတို့လစာငွေ၏ ၇၀ ရာခိုင်နှုန်းကို အချိန်အကန့်အသတ်မရှိ ပေးအပ်မည်ဖြစ်သည်။
ဒေသဆိုင်ရာ မြူနီစပယ်က ထိုတည်ဆောက်ရေး လုပ်ငန်းများရပ်ဆိုင်းရန် နိုဝင်ဘာလ ၆ ရက်နေ့က ညွှန်ကြားခဲ့သော်လည်း ဆက်လက်လုပ်ကိုင်ခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။
မြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားသည့်ကြားမှ ဆက်လက်လုပ်ကိုင်နေကာ လူသေဆုံးပြီး ပြင်းထန်သော ဒဏ်ရာများဖြစ်စေသည့် ပေါ့လျော့မှုအတွက် ထို ဆောက်လုပ်ရေး လုပ်ငန်း၏ မန်နေဂျင်းဒါရိုက်တာကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း Phuket News ၏ သတင်းတပုဒ်အရ သိရသည်။
မြန်မာအလုပ်သမားများဖြစ်သော မကေသီခိုင်နှင့် ကိုနေမျိုးဝင်းတို့သည် ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်လုပ်ကိုင်နေပြီး မတော်တဆမှု ဖြစ်ပွားသောနေရာတွင်ပင် ထိုင်းအလုပ်သမား လေးဦးနှင့်အတူ သေဆုံးကြသည်။
အခြား မြန်မာနိုင်ငံသားတဦးဖြစ်သော ကိုစအောင်အောင်မှာ ပြိုကျစဉ်ကရရှိသော ဒဏ်ရာများကြောင့် နောက်ပိုင်းတွင်သေဆုံးသွားသည်။ သူ၏ ဇနီးဖြစ်သူ မမျိုမျိုးရီမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။
၎င်းတို့နှစ်ဦး၏ အလုပ်ရှင်သည် ၎င်းတို့ကို အလုပ်ခိုင်းစေခြင်းအတွက် လူမှုဖူလုံရေးသို့ အခွန်ဆောင်ထားခြင်း မရှိသော်လည်း ထိုင်းလူမှုဖူလုံရေးရုံးက မမျိုးမျိုးရီ၏ ဒဏ်ရာအတွက်နှင့် သူ၏ခင်ပွန်းသေဆုံးမှုအတွက် လျှော်ကြေးပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်စိုးဝေက ပြောသည်။
အလုပ်သမားများအတွက် လူမှုဖူလုံရေးအခွန် ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ၎င်းတို့၏အလုပ်ရှင်ကို ဒဏ်ငွေရိုက်ခဲ့သည်။ ထိုဒဏ်ငွေကို မမျိုးမျိုးရီကို လျှော်ကြေးပေးရန် သုံးမည်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိက ပြောသည်။
“ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေအတွက် သူတို့လျှော်ကြေးပေးမယ်လို့ လူမှုဖူလုံရေးရုံးက ဒါရိုက်တာက ကျနော်တို့ကို အတည်ပြုပြော ပါတယ်။ ဒါပေမယ့် လျှော်ကြေးတောင်းခံဖို့ ရုံးလုပ်ငန်းအဆင့်ဆင့်ကို ကျနော်တို့ လိုက်နာဖို့လိုတယ်” ဟု ဦးကျော်စိုးဝေက ပြောသည်။
ကိုစအောင်အောင်အတွက် ဈာပန အခမ်းအနားကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး မကေသီခိုင်နှင့် ကိုနေမျိုးဝင်းတို့အတွက် ဈာပနကို အင်္ဂါနေ့ကပြုလုပ်ခဲ့သည်။
မမျိုးမျိုးရီသည် လက်နှင့် တင်ပဆုံရိုးတို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် မကြာသေးမီက ဆေးရှုံမှ ပြန်လည်ဆင်းခဲ့သည်။
ခန့်မှန်းခြေ မြန်မာအလုပ်သမား ၄ သန်းခန့်သည် ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသည်။ မြန်မာအလုပ်သမား ဝန်ကြီးဌာန၏ အဆိုအရ နှစ်နိုင်ငံအကြား ထူထောင်ထားသော နားလည်မှုစာချွန်လွှာအရ လစဉ် မြန်မာအလုပ်သမား ၂၀၀၀၀ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည်ဟု သိရသည်။ လစဉ် မြန်မာလုပ်သား ၆၀၀၀ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည်။
(Zaw Zaw Htwe ၏ Thai Govt to Compensate Families of Myanmar Workers Killed in Construction Collapse ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှု မြန်မာအလုပ်သမား သုံးဦးသေဆုံး
လူမူဖူလုံရေးကြေးပေးရန် ထပ်မံပျက်ကွက်က တရားစွဲမည်ဟု World Jin အထည်ချုပ်ကို သတိပေး
ကလေးလုပ်သား အသက် သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး လွှတ်တော်တွင် ဆွေးနွေးမည်