ပဲခူးတိုင်း ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲတွင် ပုဂ္ဂလိက မီဒီယာများအား သတင်းရယူခွင့် တားမြစ်ခြင်းအပေါ် တိုင်ကြားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် တောင်ရေကန် ဘုန်းတော်ကြီးကျောင်းတွင် နိုဝင် ဘာလ ၂၂ ရက်က ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်နှင့် ပြည်သူလူထု တွေ့ဆုံပွဲ၌ ပုဂ္ဂလိက သတင်းထောက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ တိုင်း ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက နိုင်ငံပိုင် မီဒီယာများကိုသာ သတင်းယူခွင့် ပြုပြီး ပုဂ္ဂလိက သတင်းမီဒီယာများ သတင်းရယူခွင့်ကို တားမြစ်ခဲ့ခြင်း ဖြစ်သည်။
သတင်းယူခွင့် တားမြစ်ခံရသည့် ပုဂ္ဂလိက မီဒီယာများမှ သတင်းထောက်များမှာ မန္တလေးမြို့အခြေစိုက် VOM သင်းဌာနမှ သတင်းထောက် မဝေဇင်ကြည်၊ ပဲခူးတိုင်းအတွင်း ထုတ်ဝေသည့် Bago Weekly ဂျာနယ်မှ သတင်းထောက် ကိုသက်ခိုင် နှင့် Bago Post မှ အလွတ်တန်း သတင်းထောက် ကိုမုန်တိုင်း တို့ ဖြစ်ကြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း NLD ပါတီ ဗဟိုအဆင့်၊ တိုင်းအဆင့်နှင့် သတင်း မီဒီယာ ကောင်စီတို့ အား တိုင်ကြားသွားမည် ဖြစ်ကြောင်း မဝေဇင်ကြည်က ပြောသည်။
၎င်းက “တိုင်းပါတီ ဥက္ကဋ္ဌ ဦးသိန်းဒန်ကို ဖုန်းနဲ့မေးတော့ သူက ဖုန်းနဲ့တိုင်တာတော့ ကျနော်တို့ အရေးယူလို့ မရဘူးတဲ့။ တိုင်စာနဲ့ တိုင်ပေးပါဆိုလို့ ကျမတို့ သတင်းထောက် သုံးယောက် ပေါင်းပြီး ဒီရက်ပိုင်းအတွင်း တိုင်စာနဲ့ကို တိုင်မှာပါ။ နိုင်ငံပိုင် မီဒီယာနဲ့ ပုဂ္ဂလိက မီဒီယာကို ခွဲခြား ဆက်ဆံခံရတဲ့အပေါ် အရေးယူ ပေးဖို့ တိုင်မှာပါ” ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်အား မေးမြန်းခဲ့ရာတွင် တားမြစ်မှုမှာ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ခြင်း မရှိဘဲ သူ့သဘောဖြင့် တားမြစ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပါတီအနေနှင့် သတင်း မီဒီယာများ အား သတင်းယူခွင့် ပိတ်ပင်ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု Bago Weekly ဂျာနယ်မှ သတင်းထောက် ကိုသက်ခိုင်က ပြောသည်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က “နစ်နာသူက တိုင်ကြားတယ်ဆိုရင် တိုင်းဗဟိုစည်းကမ်း ထိန်းသိမ်း ရေး ကနေပြီးတော့မှ ပါတီစည်းကမ်း ချိုးဖောက်ကြောင်း ပေါ်ပေါက်ရင် အရေးယူဖို့ပါ။ တိုင်းသတင်းပြန်ကြားကို အရေးယူ ဖို့ ဆိုတာ ပဲခူးတိုင်း စည်းကမ်း ထိန်းသိမ်းရေးက လုပ်ရမှာပါ ခင်ဗျာ” ဟု ဧရာဝတီကို ပြောဆိုသည်။
တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လူထု တွေ့ဆုံပွဲတွင် ပြည်သူများအား သတင်းမှန် တင်ပြနိုင်ရန် ပါတီသတင်းနှင့် ပြန်ကြားရေး တာဝန်ခံများကို သွားရောက် သတင်းယူရန်သာ ဖြစ်ပြီး အဆိုပါ ပွဲများတွင် လိုက်နာရမည့် ပါတီ၏ စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားကြောင်း NLD ပါတီ၏ ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးသိန်းဒန်က ဧရာဝတီကို ပြောသည်။
၎င်းက “တိုင်ကြားလာခဲ့ရင် တိုင်းစည်းကမ်း ထိန်းသိမ်းရေးက မေးမြန်းပြီးတော့ မှတ်ချက်ပေးရတယ်။ စာနဲ့ သတိပေး တာတို့ အဲဒီပြစ်ဒဏ်တွေတော့ ကျနော်တို့က မှတ်ချက်ပေးပြီး ဗဟိုကို တင်ပြပြီး အတည်ပြုချက် ရပြီဆိုရင် ကျနော်တို့က စာထုတ်ရတယ်။ အဲဒီလို အဆင့်ဆင့် အရေးယူရတယ်။ တာဝန် ရပ်စဲတာတို့၊ အဖွဲ့ချုပ်ကနေ ထုတ်ပစ်တာတို့ကတော့ ဗဟိုကနေ ကိုင်တွယ်တာပေါ့နော်” ဟု ရှင်းပြသည်။
ဒေါက်တာ မျိုးညွန့်ကလည်း “ကျနော်တို့ ပါတီရဲ့အဓိကကတော့ ပြည်သူကို ပွင့်လင်းစွာနဲ့ ပါတီရဲ့လုပ်ဆောင်ချက်တွေကို ပိုသိစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက နိုင်ငံတော်ရဲ့ အဓိက အကျဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ် တယ်။ ဒါကြောင့်မို့ ကျနော်တို့က ပြည်သူကို ဖြစ်နိုင်သမျှ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ အမြဲတမ်း တိုက်တွန်းနေပါ တယ်” ဟု ပြောသည်။
ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အောက်တိုဘာလ ၅ ရက်တွင်လည်း နတ်တလင်းမြို့နယ် ဒမငယ် ကျေးရွာ လူထု တွေ့ဆုံပွဲ၌ ဆရာ၊ ဆရာမများ၏ ဝန်ထမ်းအိမ်ရာ ရရှိရေးနှင့် ပတ်သက်၍ မှားယွင်းပြောဆိုမှုကြောင့် ဆရာ၊ ဆရာမများ အား တရားဝင် တောင်းပန်ခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်
ပဲခူးတိုင်းဝန်ကြီးချုပ်အပေါ် ဆရာများအဖွဲ့ချုပ်၏ တိုင်ကြားမှု NLD စစ်ဆေးမည်