ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဇေကမ္ဘာကုမ္ပဏီ၏ မြရိပ်ညို အထပ်မြင့် အိမ်ရာစီမံကိန်းကို နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ ဖယ်ရှားပေးရန် တပ်မတော်က သတိပေးလိုက်သည်။
အဆိုပါစီမံကိန်းဆောက်လုပ်ရန် တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား သဘောတူထားခြင်း ဖြစ်သော်လည်း ကုမ္ပဏီဘက်မှ နားလည်မှုစာချွန်လွှာ ပါသဘောတူညီချက်များကို ချိုးဖောက်သည်ဟုဆိုကာ ဖယ်ရှားပေးရန် သတိပေး လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ သတိပေးစာအရ ဇေကမ္ဘာကုမ္ပဏီက ယခု နိုဝင်ဘာလကုန်ပိုင်းတွင် နောက်ဆုံး ဖယ်ရှားခြင်း မရှိပါက အင်အားသုံး ဖယ်ရှားသွားရန်လည်း စီစဉ်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တဦးက ဧရာဝတီသို့ ပြော သည်။
၎င်းက “ဒီလကုန် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ကို တပ်ဘက်က နို့တစ်ပေးတယ်။ သူကတော့ မဖယ်ပေးရင် အင်အား သုံးမယ်ဘာမယ်ပေါ့” ဟု ဆိုသည်။
တပ်မတော်က ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိတဦးက အခွင့်ရအာဏာပိုင်အဖြစ် ခွင့်ပြုချက်ရယူပြီး ဇေကမ္ဘာကုမ္ပဏီကို မြရိပ်ညို အထပ်မြင့် စီမံကိန်းဝန်း အတွင်းမှ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
ဇေကမ္ဘာကုမ္ပဏီကို မြရိပ်ညိုဝန်းအတွင်းမှ ဖယ်ရှားနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း စစ် ဌာနချုပ်မှ အရာရှိတဦးကို ပြီးခဲ့သည့် လအတွင်းက အခွင့်ရအာဏာပိုင်အဖြစ် ခွင့်ပြုပေးထားပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဧရာဝတီသို့ ပြောသည်။
ဦးမင်းထိန် က “ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအရ တပ်မတော်က တင်ပြလာတဲ့အတွက် အခွင့်ရအာဏာပိုင် အဖြစ်ပေး လိုက်တယ်။ ကျန်တာကတော့ သူ့ဘာသာ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လုပ်မှာပေါ့” ဟု ပြောသည်။
ယင်းဥပဒေအရ ဇေကမ္ဘာကုမ္ပဏီ အနေဖြင့်လည်း ယခုသတိပေးစာနှင့် ပတ်သက်ပြီး ပြန်လည် အယူခံ တင်ပိုင်ခွင့် ရှိ ကြောင်း အမည်မဖော်လိုသည့် တပ်မြို့စည်ပင်မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “အင်အားသုံးရှင်းတာတွေဘာတွေက နို့တစ်စာရဲ့ သတ်မှတ်ချိန်ကျော်တာနဲ့ ချက်ချင်းလုပ်လို့မရပါဘူး။ ကုမ္ပဏီဘက်ကလည်း ပြန်ပြီး အယူခံတင်လို့ရတယ်။ အဲ့ဒီအဆင့်မှာ မပြေလည်ဘူး ဒီစာကို ပယ်ဖျက်ပြီးမှ အင်အားသုံး ဖယ်ရှားတဲ့ အဆင့်ကို သွားရမှာပေါ့” ဟု ဆိုသည်။
မြရိပ်ညို အိမ်ရာစီမံကိန်းသည် တပ်ပိုင် မြေဧက ၁၃ ဧက ကျော်ပေါ်တွင် အကောင်အထည်ဖော်မည့် ၁၂ ထပ်ပါ အထပ်မြင့် အဆောက်အဦး စီမံကိန်း တခုဖြစ်သည်။
ဇေကမ္ဘာ ကုမ္ပဏီ အနေဖြင့် တပ်မတော် နှင့် နှစ်ဘက်သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ချိုးဖောက်ခြင်း ၊ မြေအသုံးပြု ငှားရမ်းခ များကို ပေးသွင်းရန်ပျက်ကွက်ခြင်း၊ ဇေကမ္ဘာကုမ္ပဏီသည် တရုတ်ကုမ္ပဏီ တခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက်တစုံတစ်ရာ မယူဘဲ လုပ်ကိုင်ခြင်း၊ ယင်းအပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ် ဆိုနိုင်ခြင်း မရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်း မရှိဘဲ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန်အိမ်အပါအဝင် အခြားအဆောက်အဦး ၂ လုံးကို ဖြိုဖျက်ခြင်း စသည့် အကြောင်းပြချက်များဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်ထဲတွင် အဆိုပါစီမံကိန်းကို ပိတ်ပင် ရပ်ဆိုင်းခဲ့သည်။
ယင်းအပြင် အဆိုပါစီမံကိန်းသည် မြို့နယ် ၈ မြို့နယ် ရေပေးဝေနေသည့် ကုက္ကိုင်းရေလှောင်ကန် မြေနေရာကို ထိခိုက် နိုင်သည် ဆိုသော ကန့်ကွက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ၂၀၁၈ ခုနှစ်အတွင်း၌ စီမံကိန်းကို ရပ်ဆိုင်းထားရန် တားမြစ်ထားသည်။
အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ဇေကမ္ဘာကုမ္ပဏီ၏ မြရိပ်ညို စီမံကိန်းဒါရိုက်တာတို့ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြေကြားပေးခြင်း မရှိပါ။