ဘုရင့်နောင်ပွဲရုံတန်းမြေနေရာ သက်တမ်းတိုးပေးရန် တပ်ချုပ်ထံ တင်ပြမည်
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံတန်းနေရာ မြေဂရံစာချုပ် သက်တမ်းတိုးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ပွဲရုံ လုပ်ငန်းရှင်များက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင် အပါအဝင် အသင်းဝင်များ ဖြစ်ကြသော ပွဲရုံလုပ်ငန်းရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ဘဏ်လုပ် ငန်းရှင်များနှင့် ကားဂိတ်ပိုင်ရှင်များသည် လက်ရှိ မြေဂရံစာချုပ်အား သက်တမ်း တိုးမြှင့်ပေး မပေး မသိရသေးသဖြင့် လို အပ်သော အရင်းအနှီးအတွက် ဘဏ်ချေးငွေများ ရယူရန် အခက်အခဲ ကြုံနိုင်၍ သက်တမ်း တိုးမြှင့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးခင်ဟန်က “ဒု သမ္မတ ၁ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ တင်ထားတယ်။ အခုထိ ဘာမှတော့အကြောင်း မပြန်သေးဘူး။ နောက်ထပ် နှစ်ဘယ်လောက် ပေးမယ်ဆိုတာ ထပ်တောင်းနေတာ။ အရင်ကလို နှစ်ပေါင်း ၄၀၊ ၅၀၊ ၆၀ လောက် လိုချင်တာပေါ့။ အခု ဒီလထဲမှာ ဘုရင့်နောင်က ကုမ္ပဏီတွေစုပြီး အစည်းဝေး ထိုင်ထားတယ်။ အစည်းဝေးအရ ကာကွယ်ရေး ဦးစီးချုပ်ကို ဖိတ်ပြီးတော့ တင်ပြဖို့အတွက် လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပွဲရုံနယ်မြေ အတွင်းရှိ နေရာများအား မြေဂရံစာချုပ် သက်တမ်း တိုးမြှင့်ရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အ စည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဒု သမ္မတ ၁ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲ ၃၀ ကြိမ်မြောက်တွင် တင်ပြထားကြောင်း သိရသည်။
အဆိုပါ ဘုရင့်နောင် ကုန်စည်ဒိုင် မြေနေရာကို ၁၉၉၁- ၁၉၉၂ ဝန်းကျင်က တပ်မတော်ထံမှ ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် တွင်း၌ ၂၅ နှစ် ပြည့်ပြီ ဖြစ်သောကြောင့် တပ်မတော်မှ ထပ်မံ၍ သက်တမ်း တိုးပေးခဲ့သည်မှာ လာမည့် ၂၀၂၁ ခုနှစ်တွင် သက်တမ်း ပြည့်မည် ဖြစ်သည်။
မြေဂရံသက်တမ်း ကုန်ဆုံးခါနီးဖြစ်သောကြောင့် ဘဏ်မှ ချေးငွေသက်တမ်းများ အလိုက် ချေးငွေများ ပြန်တောင်းခြင်း ၊ ဘဏ်ချေးငွေ ချေးယူရာတွင် ဂရံကို ကြည့်၍ ချေးငွေချထားပေးခြင်းကြောင့် ထပ်မံ ချေးယူရန် အတွက်လည်း အခက် အခဲများ ရှိလာနိုင်သည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။
၎င်းက “အခု လောလောဆယ်ကတော့ သက်တမ်းက ရှိနေသေးတယ်။ ဒါပေမယ့် နောက်ထပ် တက်လာမယ့် အစိုးရသစ် လက်ထက်မှာ သက်တမ်းတိုး ပေးမလား၊ မပေးဘူးလား။ ဒါဆိုရင် အဆောက်အအုံတွေ ဖျက်မှာလား ရွှေ့ရမလား။ တပ်က လစာနဲ့ ထပ်ငှားမလား ဆိုတာ ကြိုပြီးသိနိုင်အောင် တပ်နဲ့ အစိုးရ ကြားထဲမှာ ကျနော်တို့က ဘာမှ အဖြေမရသေးလို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ဦးသန်းဦးက “ဘုရင့်နောင်လို မြန်မာတနိုင်ငံလုံးက ကုန်စည် ဖြန့်ဖြူးတဲ့ နေရာက ချက်ချင်း ပြီးသွားမယ့် နေရာ မဟုတ်ဘူး။ နှစ်နဲ့ချီပြီ တည်ဆောက်ရတာ အခုလောလောဆယ် တပ်ကတော့ ဘာအဖြေမှ မပေးဘူး။ အဲဒီတော့ မြို့တော်ဝန်ကလည်း ဘာမှ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။
လက်ရှိတွင် ဘုရင့်နောင် သာယာရေးအဖွဲ့က ထူထောင်ထားသော ကုမ္ပဏီများက ဦးစီးပြီး လက်ရှိ ဘုရင့်နောင်ပွဲရုံတန်း နေ ရာကို တပ်မတော်မှ ထပ်မံငှားရမ်းမပေးပါက လုံလောက်သောမြေဧက အကျယ်အဝန်းနှင့် အဆောက်အအုံများ လုပ် ဆောင်ရန်အတွက် အစိုးရသို့ တင်ပြရန်လည်း ပြင်ဆင်နေကြောင်း ၎င်းက ပြောဆိုသည်။
တပ်မတော်သို့ မြေငှားရမ်းခ အနေနှင့် ကျပ်ထောင်ဂဏန်းမှ ယခုအချိန်တွင် ကျပ်သိန်း အထိသာ ပေးဆောင်ရကြောင်း ပွဲရုံလုပ်ငန်းရှင်များ ထံက သိရသည်။
ဘုရင့်နောင် ပွဲရုံတန်း မြေနေရာများမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလအတွင်းက မြေငှား သက်တမ်းပြည့်ပြီဖြစ်သော ကြောင့် တပ်မတော်မှ ပြန်တောင်းနေသည့်အတွက် ရွှေပြည်သာမြို့နယ် ဝါးတရာသို့ ပြောင်းရွှေ့ရန် ပြည်ထောင်စု အစိုး ရနှင့် ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား ထားသည်။
ထိုသို့ ပွဲရုံတန်း ရွှေ့ပြောင်းရမည်ဆိုလျှင် ရွှေ့ပြောင်းရမည့် နေရာတွင် ရေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ် ရေး အစရှိသည် တို့ကို ကောင်းမွန်အောင် အစိုးရအနေနှင့် လုပ်ဆောင်ပေးသင့်ကြောင်းလည်း လုပ်ငန်းရှင်များက ထောက်ပြ ပြောဆို ထား သည်။
ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ငါးပိငါးခြောက်ပွဲရုံများ၊ ဆန်ပွဲရုံများ၊ ပဲပွဲရုံများ၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် စားသောက်ကုန် ခြောက် အရောင်းဆိုင်များကို အဓိက လက်လီလက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်