မန္တလေး ပြည်ကြီးတံခွန် စက်မှုဇုန် ၁ အတွင်းရှိ အချို့သော စက်ရုံများတွင် အနိမ်ဆုံး လုပ်ခလစာ မရှိခြင်း, အလုပ်ရှင် က EC စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေခြင်း၊ သမဂ္ဂ ဖွဲ့စည်းသည့် အလုပ်သမားများကို အလုပ်မှ ထုတ်ပစ်ခြင်း၊ ဖိနှိပ်ခြင်း စသည့် အခြေအနေများ ကြုံတွေ့ ရင်ဆိုင်နေရကြောင်း သတင်းရသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ သမဂ္ဂများ အဖွဲ့ချုပ် MICS မှ အထက်မြန်မာပြည် စည်းရုံးရေးမှူး ကိုမင်းသက်ထွေးက “ဇုန် ၁ က အလုပ်သမား ၄၀၀/၅၀၀ စသည်ဖြင့် ရှိနေတော့ ပြသနာပိုများတယ်။ အခုချိန်ထိ တချို့စက်ရုံတွေမှာ အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာငွေ အတိုင်း မရကြသေးဘူး။ သူတို့ စက်ရုံတွေကို ထုတ်ဖော်ပြောဖို့က အခုအချိန် အဆင်မပြေသေးတာ။ အလုပ်သမားတွေကလည်း အခွင့်အရေးဆိုတာ လည်း မသိကြဘူး”ဟုဆိုသည်။
ထိုသို့သော ပြဿနာများကို အလုပ်သမားများမှ တိုင်ကြားပါက အလုပ်ရှင်များဘက်မှ သတင်းရရှိသည့်အတွက် ကြိုတင်ပြင်ဆင်ချိန် ရရှိသွားပြီး၊ စစ်ဆေးသည့် အခါ ၎င်းတို့ ညှိနှိုင်းထားသည့် အလုပ် သမားများက ဖြေကြားမှုများ ပြုလုပ်သွားကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ သမဂ္ဂများ အဖွဲ့ချုပ် MICS သည် အလုပ်သမားများ၏ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ၊ အကျိုးခံစားခွင့်များ ရရှိရေး၊ အလုပ်သမားများ စွမ်းရည်မြှင့်တင်ရေး စသည် တို့ကို လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။
“ပြသနာဖြစ်လို့ စစ်ရင် အလုပ်သမားတွေကို မင်းတို့ ဒါကို မတောင်းပဲ ထားပါလား။ တောင်းလို့ အလုပ်ပြုတ်သွားတာထက် ဒီအတိုင်းထားတာမှ ကောင်းအုံးမယ်ဆိုတာမျိုး ဌာနဘက်က ပြောတယ်၊ တဖက်လှည့်နဲ့ အလုပ်သမားတွေက မတောင်းချင်အောင် လုပ်တာ ဖြစ်တယ်။ လူမှုဖူလုံရေးဆိုရင်လည်း ဆရာဝန်က ၁၀ နာရီကျော်မှလာတယ်။ စောပြန်တယ်။ အလုပ်သမားက ဆေးခွင့်ယူရင်လည်း ဘာလို့ဆေးခန်းက ခွင့်ပေးရတာလဲဆိုတာမျိုး အလုပ်ရှင်က သွားပြောတယ်။ နောက်ပိုင်း အလုပ်သမားက တခုခု ဖြစ်လို့ ဆေးခန်းပြရင် ခွင့်ပေးဖို့ တွန့်သွားတာမျိုး ဖြစ်တယ်” ဟု ကိုမင်းသက်ထွေး က ရှင်းပြသည်။
သက်ဆိုင်ရာ ဌာနများသည် အချို့ စက်ရုံများမှ အနိမ်ဆုံး အခကြေးငွေ အတိုင်း လစာပေးရန် မပြည့်မီမှုများကိုလည်း တိုင်ကြားပြောဆိုမှသာ စစ်ဆေးကြောင်း၊ EC စာချုပ်ကိုလည်း အလုပ်ရှင်က ဖတ်ရှုခွင့် မပေးဘဲ ချက်ချင်း လက်မှတ်ထိုး စာချုပ်ချုပ်ရန် ခြိမ်းခြောက်မှုရှိကြောင်း၊ စာချုပ်ကို သေချာစွာ မဖတ်ရသဖြင့် လက်မှတ် မထိုးသည့်အခါ စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ စွပ်စွဲလာကြောင်း သိရသည်။
ထို့ပြင် ကျွမ်းကျင် HR ဝန်ထမ်းများ ခန့်အပ်မထားဘဲ ထိုဝန်ထမ်းများက အလုပ်ရှင်ပြောသမျှသာ လုပ်ပြီး အလုပ်သမားများ၏ ညှိနှိုင်းချက်ကို လက်မခံကြောင်း၊ လူမှုဖူလုံရေးဆေးခန်းများတွင်လည်း ဆရာဝန် အလာ နောက်ကျခြင်း စောပြန်ခြင်းများကြောင့် ပြသရမှုတွင် အခက်အခဲများ ရှိကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
အီလန်ဆပ်ပြာမှုန့် ထုတ်လုပ်သည့် Unilever EAC Company မှ လုပ်သက် နှစ် ၂၀ ကျော်ရှိသူ မရင်ရင်စိုး က “အလုပ်ရှင်က ကျမတို့ရဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့တာကို လက်မခံချင်ဘူး။ သမဂ္ဂမှာပါတဲ့ လူတွေကို ချောင်ထိုးထားတယ်။ အလုပ်သမားအသစ်တွေ ခေါ်တယ်။ သူတို့ကို လစာ၊ ရပိုင်ခွင့် အခွင့်အရေး ပိုပေးတယ်။ ခွဲခြားဆက်ဆံတယ်” ဟု ပြောသည်။
ထို့အပြင် “အလုပ်ရှင်တွေက အမြဲပြောတယ်။ ငါတို့က ဥပဒေနဲ့ အညီပဲ အလုပ်လုပ်မယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် အလုပ်သမားတွေ အပေါ် တော့ အမြဲဖိနှိပ်တယ်။ ရှောင်တခင်ခွင့် ယူချင်ရင်တောင် ၂ လလောက်နေမှ ၁ ရက်လောက် ရတာမျိုးတို့၊ လစာမဲ့ ခွင့်လိုချင်လို့ တောင်းရင်လည်း ငြင်းတာမျိုးက အရင် လုပ်တယ်။ တချို့စက်ရုံတွေမှာ အလုပ်သမား ခန့်မယ်ဆိုရင် အခု ဘယ်လိုလုပ်လာကြလဲ ဆိုတော့ မင်းအနေနဲ့ အလုပ်သမား သမဂ္ဂထဲ မဝင်ဘူးဆိုရင် အမြဲတမ်း ဝန်ထမ်းခန့်မယ် ၊ စာချုပ် ချုပ်ရမယ် ဆိုတာမျိုး လုပ်တယ်”ဟု မရင်ရင်စိုးက ရှင်းပြသည်။
အဆိုပါစက်ရုံ အလုပ်သမားသမဂ္ဂ အနေဖြင့် အလုပ်သမားများ၏ စွမ်းရည် မြှင့်တင်ရေးကိုသာ ဦးစား ပေး လုပ်ဆောင် နေသော်လည်း အလုပ်ရှင်ဘက်မှ ကြည်ဖြူမှု မရှိဘဲ သမဂ္ဂ ဖွဲ့စည်းမှုကို ရန်သူဟု သဘောထားသည်ဟု ယူဆရ ကြောင်း အလုပ်သမားများက ပြောကြသည်။
Lucky ဂျယ်လီစက်ရုံမှ အိုးချက်တာဝန်ခံ ကိုအောင်ကျော်လင်း ကလည်း “ ကျနော်တို့တွေက EC စာချုပ် ချုပ်ထား တယ်။ ငါတို့ခိုင်းတာလုပ် မလုပ်ရင် လက်မှတ်ထိုးရမယ် လုပ်တယ်။ အမှန်ဆိုရင် EC စာချုပ်အရ အလုပ်သမားသည် ပထမအကြိမ် ဖောက်ဖျက်ရင် နှုတ်ဖြင့် သတိပေး၊ ဒုတိယအကြိမ်ဆိုရင် စာနဲ့ သတိပေး၊ တတိယအကြိမ်မှ လက်မှတ် ထိုးပြီး လေးကြိမ်မြောက်မှ အလုပ်ထုတ်ရတာပါ။ ဒါပေမယ့် စက်ရုံမှာက ပထမဆုံးမှာတင် လက်မှတ်ထိုးခိုင်းတဲ့ အကျင့်ရှိတယ်။ အလုပ်ရှင် အလုပ်သမားစာချုပ် ၂၀၁၃ တုန်းက ချုပ်ထားပေမယ့် သဘောတူထားတဲ့ အချက်တွေ လည်း အခုထိ မရပါဘူး” ဟု ပြောသည်။
အလုပ်ရှင်ဘက်သို့ လုပ်ငန်းခွင် ရေးရာ တိုးတက်ရေးကို ထောက်ပြ ညှိနှိုင်းသော်လည်း လုံးဝ လက်မခံကြောင်း၊ ရိုးရိုး ဝန်ထမ်းများကိုလည်း ဆန်ဆီ ထောက်ပံ့မှု၊ လစာမဖြတ်ဘဲ ခွင့်ရက်ပေးရန် ညှိနှိုင်းခဲ့ကာ ၂၀၁၃ ခုနှစ်ကတည်းက သဘောတူလက်မှတ် ထိုးထားသော်လည်း ယနေ့ အထိ မရကြောင်း သိရသည်။
အဆိုပါ စက်မှုဇုန် ၁ အတွင်းရှိ စက်ရုံ အများစုမှ အလုပ်သမားများသည် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားခြင်း၊ အခွင့်အရေး ချိုးဖောက်ခံရခြင်းများ ကြုံတွေ့ရပါက အလုပ်ရှင်နှင့် ဦးစွာ ညှိနှိုင်းကြောင်း၊ အလုပ်ရှင်မှ လက်မခံမှသာ သက်ဆိုင်ရာဌာနများသို့ တိုင်ကြောင်း၊ ဌာနများမှ ဆုံးဖြတ်ပေးမှုကို လက်မခံနိုင်သည့်အခြေအနေ မှသာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ကြောင်း သိရသည်။
“ကျမတို့ကတော့ အမြဲ စစ်ဆေးနေပါတယ်။ ဥပဒေနဲ့ မညီဘူးဆိုရင် တိုင်လို့ရတယ်။ အနည်းဆုံး လုပ်ခလစာ မပြည့်မီဘူးဆိုတာမျိုးက အလုပ်ရှင်ရဲ့ Pay Bill ကို စစ်တယ်။ အခု ကျမတို့ဆီမှာ အများဆုံး တိုင်ကြတာက EC စာချုပ်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်တာတွေ၊ အနည်းဆုံး အခကြေးငွေ ကိစ္စပေါ့။ တိုင်ကြားမှု အပေါ်မှာ ဟုတ်၊ မဟုတ်ကတော့ စိစစ်ရတယ်” ဟု မန္တလေးတိုင်းဒေသကြီး အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမွန်စိုးက ရှင်းပြသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် စက်မှုဇုန် ၁ နှင့် ၂ ရှိပြီး စက်မှုဇုန် ၁ သည် လုပ်သား အင်အား ၃၀၀ ၊ ၄၀၀ ခန့် သုံးကာ အလုပ် လုပ်ကိူင်သည့် စက်ရုံကြီးများ များပြားကြောင်း၊ စက်မှုဇုန် ၂ သည် အိမ်တွင်း လုပ်ငန်းကဲ့သို့ လုပ်ငန်းငယ်များသာ ပိုများကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဧပြီလ မှ အောက်တိုဘာလကုန်အထိ ပုဂ္ဂလိက ကဏ္ဍတွင် အလုပ်အကိုင် ရရှိသူ လူဦးရေ ၈၅၄၅ ဦး ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဖော်ပြထားသော သတင်းအချက်အလက်များ အရ သိရသည်။