တာမွေဈေးသစ်ပြန်ဆောက်မည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ဈေးသူ၊ ဈေးသားများနှင့် ဝန်ကြီးချုပ် ဖြိုးမင်းသိန်းတို့ ရန်ကုန်မြို့တော်ခန်းမ၌ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ရှိဈေးများကဲ့သို့ အဆင့်နိမ့်သည့် ဈေးများ အာဆီယံနိုင်ငံများတွင်ပင် မရှိတော့သဖြင့် ဈေးများကို အဆင့်မြှင့်တင် ရမည်ဖြစ်ပြီး တောင်းဆိုချက်များမှ မသင့်လျော်သဖြင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “အခုတောင်းထားတဲ့ တောင်းဆိုချက်တွေက reasonable မဖြစ်တဲ့အတွက် ကျနော်တို့ leave မပေးတာ။ ကျနော်တို့ လုပ်ပေးနိုင်တဲ့ အချက်မျိုးဆိုရင် လုပ်ပေးဖို့စဉ်းစားတယ်။ ဆေးရုံကြီး ပေ ၂၀ မြှင့်ပေးပါပေါ့။ မြန်မာနိုင်ငံရဲ့ national building code ကို ယူပြီးတော့ လုပ်နေတာ” ဟု ပြောသည်။
တာမွေဈေးကို မည်သို့ မည်ပုံတည်ဆောက်မည်နှင့် ပတ်သက်ပြီး လုံးဝမသိရှိခဲ့ရဘဲ မီဒီယာများတွင်တွေ့မှသာ သိရှိရပြီး တွေ့ဆုံဆွေးနွေးမှုကိုလည်း မကျေနပ်ကြောင်း တာမွေဈေးတွင် ဈေးရောင်းချသူ ဦးသက်ထွန်းက ပြောသည်။
ဦးသက်ထွန်းက “အစည်းအဝေးနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိပါဘူး။ စကားပြောရတာက အခြေအတင်တွေ ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ကျနော်တို့ရဲ့ ဈေးသူဈေးသားတွေရဲ့ ခံစားချက်အမှန်ကို နားမထောင်ဘဲနဲ့ သူ့တို့ ဘာသာ လွှတ်တော်ရုံးမှာ ဒီကိစ္စကို ညှိနှိုင်းကြတာ ကျနော်တို့ ဈေးသူဈေးသားကို လုံးဝချမပြဘူး။ နောက်ဆုံး သိတာက ပြည်မြန်မာမှာ ပါလာမယ့် ဈေးကို ဒီပုံစံကြီးဆောက်မယ်ဆိုတာ သိတာ” ဟု ပြောသည်။
တာမွေဈေးတွင် ဈေးရောင်းချသူ ဒေါ်သင်းသင်းလွင်ကမူ ဈေးတည်ဆောက်မည့် အခြေအနေနှင့် ပတ်သက်ပြီး “ဈေးကြီးက မြင်လို့မကောင်း ရှု့လို့မကောင်း အခြေအနေဖြစ်နေတယ်။ လေတိုက်ရင်လည်း အိပ်ယာထဲကနေပြီးတော့ ငါတို့ဈေးများ ပြိုကျပြီလား။ သူခိုးသူဝှက်လည်း စိတ်မချရဘူးဆိုတော့ ကျမတို့က ဆောက်ချင်ပါတယ်” ဟု ပြောသည်။
Base Ment မြေအောက်ခန်း ပါဝင်ခြင်းကို သဘောမတူကြောင်း၊ မြေညီထပ် အမြင့်ကို ပေ ၂၀ ထားပေးရန်၊ ဈေးရှေ့ မျက်နှာစာနှင့် ပတ်လည်ဝင်ပေါက်များကို အပွင့် ထားရှိပေးရန်၊ ဆိုင်ခန်း ပတ်လည် လျှောက်လမ်း များကို ၈ ပေပတ်လမ်း ထားရှိပေးရန်၊ ဈေးဆိုင်ခန်းများကို သားငါးတန်းများတွင် ဆိုင်ခုံပြုလုပ်ပေးပြီး ကျန်ဆိုင်ခန်းများကို ဆိုင်ခုံ မပြုလုပ်ပေးဘဲ ဆွဲတံခါးများ ဖြင့် ပြုလုပ်ပေးရန်အတွက် တာမွေဈေးသူဈေးသားများက တောင်းဆိုသည်။
ထို့ပြင် ဈေးတည်ဆောက်ခြင်းနှင့် ပတ်သက်သော အစည်းအဝေးမှတ်တမ်း၊ စာချုပ်ကိစ္စများ လုပ်ဆောင်ပေးရန်၊ ဈေးအဆောက် အဦကို ရှေ့သို့ပေ (၃၀) တိုးပေးရန်၊ ဈေးသစ်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ကြန့်ကြာမှု မရှိရအောင် ဈေးသူဈေးသားများမှ တောင်းဆိုထားသော အချက်များအား ဆုံးဖြတ်ပေးနိုင်သော တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခွင့် ပေးရန်တို့ကို ဈေးသူ၊ ဈေးသားများကတောင်းဆိုထားကြခြင်းဖြစ်သည်။
ဦးဖြိုးမင်းသိန်း က “ကျနော်တို့ရဲ့ အဆင့်အတန်းက တအားကို နောက်ကျနေပြီ။ ဒါကိုမြှင့်တင်ရမှာ။ မြှင့်တင်ဆောင်ရွက်တဲ့ နေရာမှာ အားလုံးက ကိုယ့်နေရာ၊ ကိုယ့်ဌာန၊ ကိုယ်တာဝန်ယူရတဲ့ နေရာမှာ ချမှတ်ထားတဲ့ မူဘောင်တွေအတွင်းကပဲ ပါဝင်ကြဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆိုင်ခန်းက တာမွေးဈေးဟောင်းကနေ ယာယီဈေးကို ရွှေ့စဉ်က ၄၀၀ ကျော်သာ ရှိသော်လည်း ဆိုင်ခန်း ၂၀၀ ကျော်တိုးလာသဖြင့် အခန်းအရေအတွက်က ၆၄၂ ခန်းဖြစ်လာကြောင်း တာမွေဈေးသူ၊ ဈေးသားများထံမှ သိရသည်။