တပ်မတော်အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၏ အရေးယူမှုကို ထောက်ခံကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ၏ ထုတ်ပြန်ချက်သည် နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် သဘောဖြင့် ဝင်ရောက် ထောက်ခံခြင်း ဖြစ်ကြောင်း လူ့ အခွင့်အရေး လှုပ်ရှားသူတချို့က ဝေဖန် ပြောဆိုသည်။
မြန်မာ့ တပ်မတော်၏ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များအပေါ် ICJ ၏ အရေးယူရန် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့က နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် မိမိကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုပြီး မြန်မာနိုင်ငံသား အများစုက ဘင်္ဂါလီဟု ခေါ်ဆိုသူများအရေး ဆောင်ရွက်လှုပ်ရှားနေသော အမေရိကန် နိုင်ငံ အခြေစိုက် တန်းတူ ညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ Civil Right Movement (CRM) မှ ဦးဌေးလွင်ဦးက မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့သည် “ရိုဟင်ဂျာများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နှင့် ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်ခံရမှုများ” ကို အသိအမှတ် မပြုလိုဘဲ “ရေပေါ်ဆီစုပ် အမြတ်ထုတ်လိုသည့် သဘောဖြင့် သံယောင်လိုက်”ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
“ရိုဟင်ဂျာတို့အား ဘင်္ဂါလီဟု ခေါ်သော မည်သူသည်မဆို ဂျီနိုဆိုက် တရားခံဖြစ်သည်ဟူသော ဥပဒေနှင့်အညီ MND AA, TNLA, AA တို့၏ ICJ , ICC တို့အား ထောက်ခံခြင်းအား လုံးဝ ပယ်ချလိုက်ပါသည်”ဟု CRM တာဝန်ခံ ဦးဌေးလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
လာမည့် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက “လူမျိုးတုန်း သတ်ဖြတ်မှု”ဖြင့် မြန်မာနိုင်ငံကို စွပ်စွဲထားခြင်းကို တရားဥပဒေလမ်းကြောင်းအတိုင်း ခုခံကာကွယ်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆန်းစုကြည် နယ်သာလန်နိုင်ငံ သဟိဂ်မြို့သို့ သွားရောက်ရန် ရှိသည်။ မြန်မာ့တပ်မတော်ကလည်း အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ပြောဆိုကာ နိုင်ငံတကာရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာ အထူးအဖွဲ့ တွင် အရာရှိ ၂ ဦး ပါဝင်စေလွှတ်မည်ဖြစ်သည်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က လုံခြုံရေးတပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့သော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့အား တန်ပြန်ထိုးစစ်ဆင်မှုသည် လူ ၇ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးမှုကို ဖြစ်စေခဲ့သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများသည် ဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးကို အနည်းဆုံး စာရွက်ပေါ်တွင် သဘောတူညီထားကြပြီးဖြစ်သော်လည်း လက်တွေ့တွင် ဒုက္ခသည်များ ပြန်လည်အခြေချရန် အလားအလာ မရှိသလောက် သို့မဟုတ် အနည်းငယ်သာ ရှိနေသည်။ ပြဿနာ၏ ရင်းမြစ်မှာ ရိုဟင်ဂျာများအဖြစ် တရားဝင် အသိအမှတ်ပြုရန် တဘက်က တောင်းဆိုနေပြီး မြန်မာအစိုးရဘက်ကမူ ရိုဟင်ဂျာ မရှိကြောင်း ပယ်ချကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ်စေမည်ဟု ရပ်ခံထားသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က “ဒီ ၃ ဖွဲ့က တကယ့်တကယ်တော့ သုံးသင့်တာ ကတော့ ၂ မျိုးစလုံး သုံးလည်း ရတယ်။ နိုင်ငံတကာကတော့ ရိုဟင်ဂျာလို့ လက်ခံထားတော့ ရိုဟင်ဂျာ-ဘင်္ဂါလီလို့ လည်း သုံးလို့ရတာပဲ”ဟု ပြောသည်။
ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ဦးအေးလွင်က လူမျိုးတမျိုး၊ လူတစုသည် မိမိမည်သူဖြစ်ခြင်းကို ထုတ်ဖော်ခွင့် ရှိသော်လည်း ပြဿနာ ဖြေရှင်းရာတွင် ပိုမိုလွယ်ကူစေရန် “ဘင်္ဂါလီ” နှင့် “ရိုဟင်ဂျာ” စကားလုံးတို့ကို မသုံး တော့ဘဲ ယင်းဒေသမှ အစ္စလမ် ဘာသာဝင်များ ဆိုသည့် စကားလုံးသည် အကောင်းဆုံး ဖြစ်ကြောင်း ပြော သည်။
“ဘင်္ဂါလီလို့ သုံးခြင်းသည် သူတို့ရဲ့ နဂိုအနေအထား အရှိ အခြေအနေမှန်တခုကို လက်မခံတဲ့သဘော ဖြစ်နေတဲ့ အတွက် ဘင်္ဂါလီလို့လည်း မသုံးဘူး။ ရိုဟင်ဂျာဆိုတာကလည်း သူတို့မှာ ရွေးချယ်ခွင့်ရှိသော်လည်းပဲ ပြဿနာကို ဖြေရှင်းတဲ့ နေရာ မှာ ဦးစားမပေးဘူးဆိုတဲ့ အတွက်ကြောင့် အဲဒီစကားလုံး ၂ ခုလုံးကို ရှောင်ရှားပါတယ်”ဟု ဦးအေးလွင်က ပြောဆိုသည်။
AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက“နာမည် အသုံးအနှုန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ စကားပြောနေလည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး နည်းပညာ တွေ တိုးတက်ပြီးတော့ DNA (မျိုးဗီဇ) စစ်လို့ ရနေတဲ့ ခေတ်မှာ ဒီနာမည် အသုံးအနှုန်းကိစ္စ စကားပြောနေလို့က လည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့ ထုတ်ပြန်ချက်၏ ရည်ရွယ်ချက်သည် တပ်မတော်က တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်းများစွာ လူမျိုးတုန်း သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းအား နိုင်ငံတကာက အရေးယူမည် ဆိုသည်ကို ထောက်ခံကြောင်း ပြောဆိုလိုခြင်း ဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့သည် အစိုးရနှင့် တပ်မတော် အပေါ်တွင် ယခုလို ပုံမှန် ပြောဆိုနေကြ ဖြစ်သဖြင့် အထွေအထူး ပြောစရာ မရှိကြောင်း ပြောသည်။
“လက်ရှိ နိုင်ငံတော် အစိုးရနဲ့ တပ်မတော် အပေါ်မှာ လက်နက်စွဲကိုင် တော်လှန်နေတဲ့ သောင်းကျန်းသူ အုပ်စု အတွက် ကတော့ ဒီလိုပဲ ထွက်မှာပေါ့။ ကျန်တဲ့ဟာ ထွက်စရာလည်း မရှိဘူး။ အဲဒါကြောင့် ထူးပြီး တုံ့ပြန် ပြောနေစရာလည်း အကြောင်း မရှိပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။