NLDမှ နုတ်ထွက်ခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင် ဦးဆောင်ပါဝင်သည့် ပြည်သူ့ ရှေ့ဆောင်ပါတီ (People’s Pioneer Party – PPP)သည် ခေါင်းဆောင်တဦး တည်းကို အားကိုးသည့် ပါတီမဟုတ် ကြောင်း ပါတီတည်ထောင်သူများက ပြောဆိုလိုက်သည်။
ယနေ့ ရန်ကုန်မြို့ Melia ဟိုတယ်တွင် ပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ မိတ်ဆက် ရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာ သက်သက်ခိုင်က “ကျမတို့ပါတီဟာ ဗဟိုဦးစီးစနစ်နဲ့ သွားမယ့် Paternalistic Party မဟုတ်သလို သြဇာ တိက္ကမကြီးမားတဲ့ ခေါင်းဆောင်တဦးတည်းကိုသာ အားကိုးတဲ့ Personalistic Party လည်း မဟုတ်ပါဘူး။ ကျမတို့ ပါတီဟာ ပြည်သူလူထု တရပ်လုံး လူမှုစီးပွားဖွံ့ဖြိုးဖို့ တိကျတဲ့ မူဝါဒမူဘောင်နဲ့ လုပ်ငန်းစဉ်တွေအပေါ် အခြေခံပြီး တည်ဆောက်သွားမယ့် Programmatic Party ဖြစ်ပါတယ်” ဟု ပြောသည်။
Programmatic Party ဟု ဆိုရာတွင် လူတစုတယောက်၏ ထင်မြင်ယူဆချက်အပေါ် အခြေမခံဘဲ ယုံကြည်စိတ်ချရ သည့် သုတေသန တွေ့ရှိချက်များ၊ လက်တွေ့ကျသည့် သုံးသပ်ချက်များအပေါ် အခြေခံပြီး မူဝါဒများချမှတ်ခြင်း၊ နိုင်ငံ တော်မှ လက်ရှိ အကောင်အထည်ဖော်နေသည့် လုပ်ငန်းစီမံချက်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်မူဝါဒများ ချ မှတ်သွားမည်ဟုလည်း ၎င်းက ရှင်းလင်းပြောဆိုသည်။
“စုပေါင်းခေါင်းဆောင်မှုကို သွားမယ်လို့ အားလုံးက သဘောတူထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ထဲရဲ့ အရှိန်အဝါနဲ့ တဦးတယောက်တည်းရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ချက်နဲ့ သွားလို့ရှိရင် မှားနိုင်တဲ့ အနေအထားလေးတွေ ရှိနိုင် ပါတယ်။ အဲဒါကြောင့် အားလုံးရဲ့ သဘော ဆန္ဒနဲ့ ဆုံးဖြတ်ချက်နဲ့ သွားမယ်လို့ စဉ်းစားထားခြင်း ဖြစ်ပါတယ်” ဟုလည်း ပါတီ၏ သဘာပတိ ဦးမြင့်မောင်ထွန်းကလည်း ဖြည့်စွက်ရှင်းပြသည်။
ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၁၉ အောက်တိုဘာ ၂၃ ရက်နေ့တွင် တည်ထောင်ခွင့်ကျခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင်မှ ပါတီရုံးခန်းကို တရားဝင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အတွက်ကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်မည်၊ မပြိုင်မည်ကို မဆုံးဖြတ်ရသေးသကဲ့သို့ မည်သည့်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မည်၊ ညှိနှိုင်းဆောင်ရွက်မည် ဆိုသည်ကိုလည်း အချိန်စောနေသေးသဖြင့် တိတိကျကျ ပြောရန် ခက်ခဲနေသေးသည်ဟု ဦးမြင့်မောင်ထွန်းက ပြောသည်။
“ကျနော်တို့က အခုမှစပြီး ထူထောင်ထားတဲ့ ပါတီဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အနေအထားနဲ့ ပြည်သူ လူထု ဘယ်လောက် စိတ်ဝင်စားလဲ။ ကျနော်တို့ ပါတီအပေါ် စိတ်ဝင်စားတဲ့အပေါ်မှာ မူတည်ပြီး နယ်မြေတွေ ရွေးချယ်ရ မှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီမှ တာဝန်ရှိသူများ၏ တင်ပြပြောဆိုမှုများအရ PPP သည် အင်စတီကျူးရှင်းတခုကို အခြေခံ သည့် နောက်ပိုင်းတွင် မူဝါဒကိုပါ အခြေခံမည့် ပါတီတခုဟု ခန့်မှန်းရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ၏ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က သုံးသပ်သည်။
SNLD ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) တွင်လည်း နည်းပညာအကြံပေး အဖြစ် ဆောင်ရွက်နေသည့် စိုင်းကျော်ညွန့်သည် ယနေ့ PPP က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် တိုင်းရင်းသားရေးရာ ကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးပေးရန် ဖိတ်ကြားခံရခြင်း ဖြစ်သည်။
တဦးတယောက်၏ လုပ်ဆောင်မှုနှင့် သွားမည်မဟုတ်ဘဲ စုပေါင်း လုပ်ဆောင်မည်၊ ခေါင်းဆောင်မည် ဟူသည့် ပြောဆို ချက်များ၊ စုံလင်ကွဲပြားမှုကို စံတန်ဖိုးအဖြစ် ထည့်သွင်းထားသည်ဟူသော တင်ပြချက်များ ကောင်းမွန်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုသွားသည်။
“ဒီနိုင်ငံမှာ စုံလင်ကွဲပြားမှု ဒီစံတန်ဖိုးက အင်မတန်အရေးကြီးပါတယ်။ ဒါတွေ မရှိခဲ့လို့ပဲ သမိုင်းကို ပြန်ကြည့်လိုက်ပါ။ ပါတီတခုရဲ့ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်အုပ်စု တခုတည်းကနေ ကျနော်တို့နိုင်ငံကို အုပ်ချုပ် မင်းလုပ်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံဟာ မျှော်မှန်းသလို ဖွံ့ဖြိုးတိုးတက်ခဲ့တာ မရှိပါဘူး” ဟု စိုင်းကျော်ညွှန့်က သုံးသပ်သည်။
ဆက်လက်၍ ၎င်းက “ဒီနိုင်ငံက လူမျိုးပေါင်းစုံ နေထိုင်တယ်။ အင်မတန်မှ စုံလင်ကွဲပြားတယ်။ လူတဦး တယောက် အဖွဲ့အစည်း တခုရဲ့ အောက်မှာပဲ ငါခိုင်းတာလုပ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ စုပေါင်းလုပ်ဆောင်တဲ့ ခေါင်းဆောင်တဲ့ အလေ့ အကျင့်တွေ စုံလင်ကွဲပြားမှုကို လက်ခံတဲ့ အလေ့အကျင့်တွေ ကျနော်တို့ တိုင်းပြည်က တည်ဆောက်နိုင်မယ်ဆိုရင် တော့ဖြင့် မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အနာဂတ်ကို မြင်ရမှာဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီကို နယ်ပယ်အသီးသီး၌ အောင်မြင်နေကြသည့် တတ်သိပညာရှင်များ၊ လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ၊ အတွေ့အကြုံရင့်ကျက်သူများ၊ တိုင်းရင်းသားများနှင့် ပညာတတ်လူငယ်များက စုပေါင်း ဦးဆောင်ကြမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ပါတီဝင် လာလျှောက်ထားသူ ၉၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ တည်ဆဲနိုင်ငံရေးပါတီများစာရင်းအရ နိုင်ငံရေးပါတီပေါင်း ၉၆ ပါတီ ရှိကာ ပြည်သူ့ရှေ့ဆောင်ပါတီသည် ပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးရရှိထားသည့် ပါတီဖြစ်ပြီး ထပ်မံလျှောက်ထားသည့် ပါတီများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။
ဆက်စပ်လင့်ခ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် NLD ပါတီမှနုတ်ထွက်
You may also like these stories
နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ
လူထုက ပါတီတခုတည်း ကြည့်၍ မဲပေးမည် မဟုတ်တော့ကြောင်း NLD သတိပေး
၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော