တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို လူကုန်းကူးခံရမှု သတင်းက ကျားဖောင်ငါးဖမ်းလုပ်ငန်းကို ရိုက်ခတ်ခဲ့ပြီး၊ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေသူများကို မိသားစုဝင်များမှ လာရောက်ပြန်ခေါ်မှုများ ရှိလာပြီဖြစ်ကြောင်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းရှင်တချို့မှ ပြောသည်။
အဆိုပါသတင်းက မိမိတို့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်အားလုံးအပေါ် ရိုက်ခတ်ခဲ့ကြောင်း၊ သို့ရာ တွင် ကျားဖောင်လုပ်ငန်းခွင်တခုလုံးသည် ယခုလို သတင်းမီဒီယာများနှင့် ပြည်သူအများ ပြောဆိုနေကြသည့် ငရဲခန်း ဆိုသည့်နေရာမျိုးမဟုတ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
ဖျာပုံမြို့၊ နောက်မီးကျေးရွာမှ ကျားဖောင်လုပ်ငန်းရှင် ဦးမြင့်အောင်က “လုပ်ငန်းခွင်မှာ လောလောဆယ် ထိခိုက်တယ်။ ဘာထိခိုက်သလဲဆိုတော့ နေရာအသီးသီးကလာတဲ့ တချို့မိဘတွေက သူ့သားသမီးကို ပြန်ခေါ်တယ်။ တချိုု့ကြတော့ ဒီလုပ်ငန်းကြီးကို တကယ့်လူသတ်ကွင်းကြီးလိုမြင်ပြီး လာခေါ်တာ။ တကယ်တမ်း နေရာထိုင်ခင်းလုပ်တော့လည်း တချို့တွေက ပြောကြပါတယ်၊ ရေးထားတာ တလွဲစီပါလို့ ပြောကြတာလည်း ရှိပါတယ်” ဟု ဆိုသည်။
မိမိတို့ ကျားဖောင်လုပ်ငန်းခွင်သည် ယခင်ကထက် လုပ်ငန်းတိုးတက်မှုများ နှစ်စဉ်ရှိလာခြင်းကြောင့် လုပ်သား လိုအပ်ချက် ပိုမိုများပြားလာပြီး၊ အနယ်နယ်မှ လုပ်သားရှာဖွေပေးရာတွင် တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်နေ ခြင်းမဟုတ်သည့် ပွဲစားများ အပေါ် ခိုင်းစေခဲ့ရပြီး ယခုလို လူကုန်ကူးမှုဆိုသည့် အခြေအနေကို တွေ့ကြုံလာရ ခြင်းဖြစ်သည် ဟု ဖျာပုံခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ကျားဖောင်လုပ်ငန်းရှင်များ၏ အသင်းဥက္ကဌ ဦးသံချောင်းက ဒီဇင်ဘာ ၃၀ ရက်နေ့က ဖျာပုံမြို့တွင် ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ကျားဖောင်ပိုင်ရှင်များသည် ယခင်က မိမိတို့ ဒေသတွင်းရှိသူများကိုသာ ကျားဖောင်လုပ်သားများအဖြစ် ခေါ်ယူအသုံးပြုလာ ရာမှ လုပ်ငန်းတိုးတက်မှုကြောင့် လုပ်သားလိုအပ်ချက်ကို အနယ်နယ်အရပ်ရပ်သို့ လုပ်သားခေါ်ယူရန် လက်လှမ်းမမီသဖြင့် အဆိုပါ လူခေါ်ပွဲစားများအပေါ် အသုံးပြုလာရာမှ မသမာသူ ပွဲစားတချို့ကြောင့် ယခုလို မိမိတို့ ကျားဖောင်လုပ်ငန်းအပေါ် ထိခိုက်ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဦးသံချောင်းက “လူစုပေးတယ်ဆိုတာ လိုင်စင်ရ အေးဂျင့်တွေ မဟုတ်တာတော့ မှန်ပါတယ်။ ဘယ်ကမှန်းမသိတဲ့ အလုပ်သမားတွေကို ကျနော်တို့ကလည်း လိုအပ်ချက်အရ ငှားရမ်းအသုံးပြုရတယ်။ အဲ့ဒီထဲမှာ လူဆိုးတွေ၊ သူခိုးတွေခန့်တယ်ဆိုတာ မဟုတ်ပေမယ့် တနွယ်ငင် စတင်ပါလည်း ပါလာပါတယ်။ ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ ကျနော်တို့ကလည်း လက်ခံရတာမဟုတ်ဘူး” ဟု ဆိုသည်။
ထို့အပြင် “ကျနော်တို့မှာလည်း လာတဲ့သူအားလုံးကို သေသေချာချာ မစိစစ်နိုင်ဘူး။ တချို့ပွဲစားတွေက လူ ၁၀ ဦး ခေါ် လာ တယ်။ ဖျာပုံလည်းရောက်ရော ဒီက ဆိုင်ကယ်သမားတွေက ဖြတ်ခေါ်ပြီး ကျားဖောင်လုပ်ငန်းထဲပို့တာလည်း ရှိတယ်။ ကျနော်တို့ဆီ လာလုပ်ကြတဲ့ လုပ်သားရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ သေချာတိကျတဲ့ အချက်အလက်ကို ပြောတာ မဟုတ်ဘူး။ နာမည်၊ နေရပ်လိပ်စာ အတိကျ ပြောတဲ့သူတွေမဟုတ်ဘူး” ဟု ဆက်လက်ပြောသည်။
ထို့အပြင် ကိုမြတ်သူရထွန်း လူကုန်ကူးခံရမှုသတင်းထွက်လာသည်ကို သိပြီးနောက် ယနေ့အထိ ကျားဖောင် လုပ်ငန်းခွင် သို့ သွားရောက်သည်ဟု သတင်းရရှိထားသော်လည်း မိသားစုဝင်များထံ လုပ်ခလစာ ပေးပို့ထားခြင်း မရှိသလို သတင်း မရ၍ ရန်ကုန်မြို့ရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့(လူကုန်တား) ထံသို့ ဆက်သွယ် အကူအညီ တောင်းခံလာမှု တချို့ ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့က လူကုန်တား ရဲတပ်ဖွဲ့ရုံးသို့ မှော်ဘီမြို့နယ်နှင့် ဇလွန်မြို့နယ်မှ မိသားစု နှစ်စုမှာ ၎င်းတို့၏ မိသားစုဝင်များ ကျားဖောင်လုပ်ငန်းခွင့်သို့ ရောက်ရှိနေကြောင်း၊ သေသည် ရှင်သည်ဆိုသည်ကိုမူ အဆက်အသွယ်မရ ကြောင်း လာရောက်တိုင်ကြားသည်ကို ဧရာဝတီမှ သိရှိခဲ့သည်။
ဇလွန်မြို့နယ်မှ မဥမ္မာကျော်က မိမိ၏ အမျိုးသားသည် လှိုင်သာယာမြို့နယ်ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်နေရင်း အောက်တိုဘာ ၈ ရက်နေ့တွင် ကျားဖောင်လုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်မည်ဟု သတင်းရရှိပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ ယနေ့အချိန်အထိ အသက်ရှင်လျှက် ရှိမရှိကို စုံစမ်း၍မရသေးကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျမ အမျိုးသား ကိုဗိုလ်စိုးက သူကျားဖောင်မှာသွားလုပ်မယ်ဆိုပြီး ကျမကိုဖုန်းနဲ့လှမ်းပြောပြီး ထွက်သွားတာ။ သူ့လုပ်ခ လစာတွေ၊ ကြိုတင်ထုတ်ယူငွေတွေ ဘာတွေမှ ကျမဆီ လှမ်းပို့ပေးတာမျိုး မရှိခဲ့ဘူး။ အခု သူ့သတင်းလည်း ဘာမှ ထပ်မ ကြားရတော့ဘူး။ အခုလို ကျားဖောင်လုပ်ငန်းခွင်မှ လူကုန်ကူးမှုတွေဖြစ်တယ်၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းကြားရတော့ ကျမစိတ်တအားပူတယ်။ ကျမမှာ ကလေး ၂ ယောက်နဲ့။ သူ့လုပ်စာပေါ်ပဲ မှီခိုနေရတာ။ သူသေတယ် ဆိုလည်း သေတယ်၊ ကျိုးပဲ့နေတယ်ဆိုလည်း ကျိုးပဲတယ်ပေါ့။ တိတိကျကျ သိချင်တယ်” ဟု သူကဆိုသည်။
ထို့အပြင် ဖျာပုံမြို့သို့ ဧရာဝတီသတင်းအဖွဲ့ ရောက်ရှိသည့် နေ့တွင်ပင် ညီဖြစ်သူ ပျောက်ဆုံးသွားရာ ဧရာဝတီတိုင်းအတွင်း ရောက်ခဲ့သည်ဟု သတင်းရသဖြင့် လူပျောက်ကြော်ငြာနှင့် အတူ ကျားဖောင်လုပ်ငန်းရှင်များ အသင်းသို့ လာရောက် အကူအညီ တောင်းခံသည့် ရန်ကုန် တောင်ဥက္ကာပမြို့နယ်မှ ကိုကျော်မင်းထွန်းဆိုသူကို တွေ့ခဲ့ရသည်။
ကိုကျော်မင်းထွန်းက “ကျနော့်ညီ မောင်နေလင်းဦးက ၂ဝ၁၇ ထဲက ပျောက်သွားတာ။ ပျောက်သွားပြီး နောက်တပတ်မှာ ဖျာပုံမြို့နယ် အနီးမှာ တွေ့ခဲ့တယ်လို့ တယောက်က သတင်းပေးတယ်။ ကျနော်တို့သွားရှာခဲ့တယ်။ မတွေ့ခဲ့ဘူး။ အခု ကိုမြတ်သူရထွန်း သတင်းထွက်လာတော့ သူလည်း ကျားဖောင်လုပ်ငန်းခွင်ထဲ ရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်တခေါက် ပြန်လာရှာတာ” ဟု ဆိုသည်။