နိုင်ငံတကာတရားရုံး(ICJ) တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲခံရမှုအား မြန်မာအစိုးရ၏ ဖြေ ရှင်းရန် ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်(NDAA/မိုင်းလား)တို့က ကြိုဆိုထောက်ခံကြောင်း ဧရာဝတီသို့ပြောသည်။
UWSA တောင်ပိုင်းဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက “တရားစွဲခံရတဲ့ကိစ္စမှာ မျက်စိမှိတ် ငြင်းပယ်နေတာထက် ဒီလိုမျိုး ရဲရဲဝံ့ဝံ့နဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ သွားရောက်ဖြေရှင်းမယ်ဆိုတာကို ကျနော်တို့ ကြိုဆို ထောက်ခံပါတယ်။ အမှန်တရားဆိုတာကတော့ ဖုံးကွယ်လို့ရမှာ မဟုတ်ပါဘူး။ ဂျီနိုဆိုက်ပြစ်မှု မြောက်တယ်၊ မ မြောက်ဘူးဆိုတာကတော့ တရားရုံးကဆုံးဖြတ်ပါလိမ့်မယ်။ ကိစ္စတွေကို ပိုမိုရှုပ်ထွေးသွားစေမယ့် အခြေအနေ မျိုး၊ ဖြေရှင်းချက်မျိုးတွေကိုတော့ ကျနော်တို့က အားမပေးပါဘူး” ဟု ပြောသည်။
တရားစွဲခံရမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်ကာ ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ သွားရောက်ဖြေရှင်းမည်ဖြစ်ပြီး ယင်းသို့ ဖြေရှင်းရန် တပ်မတော်အရာရှိ ၂ ဦးပါဝင်မည့် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူး အဖွဲ့ကို လည်း ဖွဲ့စည်းထားပြီးဖြစ်သည်။
အမျိုးသားဒီမိုကရေစီမဟာမိတ် NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က “ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်ဟာ ကျနော်တို့ကို ဒီလိုလျှောက်စွပ်စွဲတာကို ကျေနပ်မှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ ဖွဲ့ပြီးတော့မှ ဦးစီးပြီးမှ သွား ရောက်ဖြေရှင်မယ်ဆိုရင် ကျနော်တို့ အထူးဒေသ-၄ (မိုင်းလား)အနေနဲ့ဆိုလို့ရှိရင် ကျနော်တို့ထောက်ခံပါ တယ်”ဟု ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ကာ သွားရောက်ချေပ ပြောဆိုတုံ့ပြန်မှုဖြင့် ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းမည့် လုပ်ဆောင်ချက်အား လေးစားစွာ ဂုဏ်ယူကြောင်း လည်း UWSA က နိုဝင်ဘာ ၂၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသည့် ပြဿနာများမှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ပြီး နယ်မြေရောယှက်ခြင်း၊ ဘာသာ ရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစသည့် ရှုပ်ထွေးသည့် ပဋိပက္ခများအပေါ် မည်သည့် ဘက်လိုက်မှုမျိုးမဆို(သို့မဟုတ်) မသင့်လျော်သည့် နိုင်ငံတကာစွက်ဖက်မှုသည် မတည်မငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေမှု များ ပိုမိုဖြစ်စေနိုင်ပြီး UWSA အနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခအပေါ် တရားမျှတမှုမရှိသည့် မည့်သည့် ဖြေရှင်း ဆောင်ရွက်ချက်မျိုးမဆို ကန့်ကွက်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့( ARSA)၏ တိုက်ခိုက်မှုအပေါ် မြန်မာ့တပ်မတော်၏ တန်ပြန်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “လူမျိုးတုန်းသတ်ဖြတ် မှု”စွပ်စွဲချက်ဖြင့် အစ္စလာမ်မစ်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည့် (OIC) ကိုယ်စား အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ် (NDAA/မိုင်းလား) တို့က ကြိုဆိုထောက်ခံသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ပလောင်(တအန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA/ကိုးကန့်အဖွဲ့)၊ ရက္ခိုင့်စစ်တပ်(AA)တို့ကမူ မြန်မာ့တပ်မတော်၏ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန် သည့် လုပ်ရပ်များအပေါ် ICJ ၏ အရေးယူရန်ကြိုးပမ်းမှုများအား ထောက်ခံကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့တွင် သဘော ထားထုတ်ပြန်ခဲ့သည်။

သို့သော် ထိုသို့ မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့၏ ICJ၏ အရေးယူရန် ကြိုးပမ်းမှုကို ထောက်ခံကြောင်း ကြေညာ ချက်ကို လူ့အခွင့်အရေးလှုပ်ရှားသူ တချို့ နိုင်ငံရေး အမြတ်ထုတ်မှု တခုသာဖြစ်သည်ဟု ပြောဆိုထားသည်။
၎င်းတို့၏ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်းများစွာ လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေခြင်းအား နိုင်ငံတကာက အရေးယူမည်ဆိုသည့်အပေါ် ထောက်ခံခြင်း သာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီသို့ ပြောထားသည်။
ICJ အရေးတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် UWSA တို့အကြား သဘောထားကွဲလွဲမှုရှိသော်လည်း ၎င်းတို့ပါ ဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ(FPNCC)၏ စုဖွဲ့အပေါ် တ စုံတရာ ထိခိုက်မှုမရှိဘဲ ပုံမှန်ဆက်ဆံမှုရှိနေကြောင်း ဦးညီရန်းက ပြောသည်။
ဦးညီရန်းက “ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့လည်း ကျနော်တို့က နည်းနည်းကွဲလွဲတာတွေလဲရှိတယ်။ ကွဲလွဲ တယ်ဆိုတာကလဲ ကျနော်တို့ရဲ့ ဖြစ်တည်မှုအပေါ်မှာ အခြေခံတာပေါ့နော်။ အစိုးရနဲ့ကျနော်တို့ ငြိမ်းချမ်းရေးယူ လာတာကလည်း နှစ် ၃၀ ကျော်ရှိပြီ။ သူတို့ဒေသမှာကျတော့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ သူ တိ့ုက ရန်ဖက်လိုပုံစံမျိုးဖြစ်နေတော့ ရှုထောင့်ကလဲ ဘယ်တော့မှတူမှာမဟုတ်ပါဘူး။ သူတို့ရဲ့နယ်မြေဒေသတွေ မှာ ငြိမ်းချမ်းတဲ့တနေ့ကျရင် သူတို့ရဲ့ အမြင်သဘောထားတွေလည်း ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်ပါ တယ်” ဟု ပြောသည်။