ချင်းပြည်နယ် အတွင်း မဏိပူရ်ကသည်း လက်နက်ကိုင်များ ရှိနေခြင်းသည် မလုံခြုံသည့်အတွက် အလိုမရှိ ကြောင်း တီးတိန်မြို့တွင် ဒေသခံ တိုင်းရင်းသားများက ယနေ့ ဆန္ဒပြပွဲ ပြုလုပ်သည်။
ဇိုမီးကျောင်းသားလူငယ်အဖွဲ့၏ စီစဉ်မှုနှင့် ဒေသခံလူထု ပါဝင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ရခြင်းမှာ နိုဝင်ဘာ ၁၇ ရက်က တွန်းဇံမြို့ တွီးဗျာလ်ဇန် ကျေးရွာမှ မူလတန်းပြ ဆရာမတဦးကို မဏိပူရ် ကသည်းလူမျိုး ဘိနော့ဆိုသူက သေနတ်ဖြင် ပစ်သတ်ခြင်းက အစပြုခဲ့ပြီး၊ ထို့အတွက် ဇိုမီး အရပ်ဖက်အဖွဲ့အစည်း ၂၈ဖွဲ့က ကသည်းလက်နက် ကိုင်အဖွဲ့များ နေထိုင်ခွင့် မပြုရန် တောင်းဆိုသည့် ကြေညာ ချက် ထုတ်ခဲ့သည်။
ဇိုမီးကျောင်းသားလူငယ်အဖွဲ့၏ တာဝန်ခံ ပေါင်ကိမ်းတွောင်က “ကသည်းတွေကို မမုန်းပါဘူး။ တရားမဝင်ပဲနဲ့ ဒီနိုင်ငံမှာ လက်နက်ကိုင်ပြီးတော့ ချင်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ အခြေကျနေတဲ့ လက်နက်ကိုင် တွေ ရှိလို့ ကျနော်တို့ လုံခြုံရေးအန္တရာယ်ရှိလို့ ပြောတာဖြစ်တယ်။ လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှု လုံးဝမရှိပါဘူး” ဟု ပြောသည်။
ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားမဝင် လက်နက်ကိုင်များကြောင့် ဒေသတွင်းတွင်မလိုလားအပ်သည့် ပြသနာများမဖြစ်ထွန်းစေရန်၊ နယ်စပ်ဒေသရှိ အစိုးရဝန်ထမ်းများ ဘဝလုံခြုံရေး ရရှိရန်၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံတော်အခြေခံမူ အခန်း(၁)ပုဒ်မ၄၂(ခ) ကို ကာကွယ်စောင့်ရှောက်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဇိုမီး အရပ်ဖက်အဖွဲ့အစည်း ၂၈ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် မဏိပူရ်ကသည်း များရောက်ရှိလာကြသည့် အချိန် မှ စ၍ သမိုင်းတွင် မကြုံဖူးအောင် ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် တိုးပွားလာခြင်းကြောင့် စိတ်မချမ်းမသာဖြစ် နေရကြောင်း၊ ဒေသခံ ပြည်သူများ အကြားတွင်လည်း မလုံခြုံမှုကို ထပ်မံ တိုးပွားခံစားရလျက် ကိုယ့်အိမ် ကိုယ့်ယာ ဘိုးဘွားပိုင် မြေပေါ်တွင် နေထိုင်ရပါသော်လည်း အကြောက်တရား ကြီးစွာ ခံစားနေရပါသည်ဟု ဆိုထားသည်။
ကသည်းလက်နက်ကိုင်များသည် ချင်းပြည်နယ်ရှိ တွန်းဇံနှင့် စစ်ကိုင်းတိုင်းရှိ ကဘော်ချိုင့်ဝှမ်းတို့တွင် အများဆုံး နေထိုင်ကြပြီး၊ တွန်းဇံမြို့ပေါ်တွင် အရပ်ဝတ်ဖြင့် နေထိုင်သည့် ကသည်းလက်နက်ကိုင် ၄၀ဦးခန့်ရှိပြီး တောတွင်း ၌မူ ဦးရေ ၁၅၀၀ ခန့်ရှိကြောင်း လုံခြုံရေးအရ အမည် မဖော်လိုသည့် တွန်းဇံမြို့ရှိ ဒေသခံတဦးက ပြောသည်။
၎င်းက“Corconဆိုတဲ့အဖွဲ့က ကသည်းလက်နက်ကိုင် ၆ဖွဲ့ပေါင်းထားတဲ့ တပ်ပေါင်းစုပါ။ အရမ်း ကြီးတဲ့ အဖွဲ့အစည်း တခုပါ”ဟု ပြောသည်။
တမူးမြို့တွင်လည်း ကသည်းလက်နက်ကိုင်များသည် ချင်းလူမျိုးမှတ်ပုံတင်ကိုင်ဆောင်ကာ နေထိုင်ကြပြီး ၎င်းတို့အချင်းချင်း ခိုက်ရန်ဖြစ်ပါက သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ထို့ကြောင့် တွန်းဇံနှင့် ကဘော်အတွင်း နေထိုင်ကြသည့် အိန္ဒိယနိုင်ငံသား မဏိပူရ်လက်နက်ကိုင်အဖွဲ့အစည်း များ၊ အဖွဲ့ဝင်များကို ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်အခြေခံမူများ အခန်း(၁) အပိုဒ် ၄၂။ (ခ) ပါ ပြဌာန်းချက် (နိုင်ငံတော်အတွင်းမည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု)ဆိုသည့်အတိုင်း အစိုးရ နှင့်တပ်မတော်မှ တိတိကျကျ လိုက်နာကျင့်သုံးရန် ဆန္ဒထုတ်ဖော်မှုတွင် တောင်းဆိုထားသည်။
ထိုဆန္ဒထုတ်ရာတွင် နိုင်ငံတော်အခြေခံမူ အခန်း(၁) ပုဒ်မ ၄၂(ခ) ချိုးဖောက်သူ ဒို့ရန်သူ၊ ချင်းပြည်နယ်နှင့် ကဘော်ဒေသအတွင်း တရားမဝင် မဏိပူရ် ကသည်းများ အရေးယူပေးရေး စသည့်ကြွေးကြော်သံများကို ကြွေးကြော်ကာ တီးတိန်မြို့ လွယ်ဘွါလ်းရပ်ကွပ်၊ လမ်းဇန်လမ်းဆုံမှ ကမ်ဟောက်လမ်းမကြီးတလျှောက် မြို့မ ရပ်ကွက် Zolengthe နာရီစင်အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။