ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက ရှာရှည်ပြင်ကျေးရွာတွင် ယနေ့ နံနက် ၇ နာရီ ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ရှာရှည်ပြင်ကျေးရွာသို့ လင်းမြွေတောင်တွင် စခန်းချသည့် တပ်မတော်စစ်ကြောင်း ဆင်းလာပြီးနောက် ယင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားများက ပြောသည်။
ဒေသခံ ကိုအောင်သိန်းက “စစ်သားတွေက ကျနော်တို့ ရွာနဲ့ တမိုင်လောက် အကွာကနေ ရွာကို လှမ်းပစ်ပြီး လာကြတယ်။ ပထမ လက်နက်ငယ်နဲ့ ပစ်ပြီး လာကြပါတယ်။ နောက် လက်နက်ကြီး ၄ လုံး ပစ်ပါတယ်။ နောက်ဆုံးပစ်တဲ့ အလုံးက ကျနော့်အစ်ကို ကိုအောင်စံချေ အိမ်ကို လာကျတယ်။ အဲဒီမှာ စပါးကျီအောက်မှာ ဝပ်နေကြတဲ့ ကလးတွေကို လက်နက်ကြီး အစတွေက လာမှန်တာပါ။ ဘာကြောင့် ပစ်တာလည်းဆိုတာ ကျနော်တို့လည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသူများ ၅ ဦးမှာ အသက် ၁၀ နှစ်အရွယ် မောင်ဌေးသန်းဇော်၊ အသက် ၁၃ နှစ်အရွယ် မနှင်းနွယ်သန်း၊ အသက် ၂၅ နှစ်အရွယ် မသန်းညွန်းဌေး၊ အသက် ၂၂ နှစ်အရွယ် မအေးကြည်ဌေးနှင့် အသက် ၃ နှစ်အရွယ် မောင်အောင်ဖြိုးထက်တို့ ဖြစ်ကြောင်းမိသားစုဝင်များထံမှ သိရသည်။
ယင်းသို့ တပ်မတော်စစ်ကြောင်းက ပစ်ခတ်ပြီး လာကတည်းက ကျေးရွာသားများမှာ နီးစပ်ရာ ကျေးရွာများသို့ ကြုံသလို ထွက်ပြေးသွားကြသဖြင့် ရွာတွင် သက်ကြီး ရွယ်အို တချို့သာ ကျန်ရှိခဲ့ကြောင်း ရှာရှည်ပြင် ရွာသားများက ဆိုကြသည်။
မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က “ရွာသားတွေ ပြောပြချက်အရ ကျနော်သိရတာက အဲဒီမှာ ဒီနေ့ တိုက်ပွဲ ဖြစ်တာလည်း မရှိပဲ တဘက်သတ် ပစ်ခတ်တာလို့ ပြောတယ်။ ကျနော်ထင်တာကတော့ အဲဒီရွာ အနီးဝန်းကျင်လောက်မှာ လွန်ခဲ့တဲ့ ၂ ရက်လောက်က မိုင်းခွဲတာ ရှိတယ်။ အဲဒီကိစ္စကြောင့် ပစ်ခတ်တာ လားလို့တော့ ယူဆတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဆိုပါ ရှာရှည်ပြင် ကျေးရွာအနီးတွင် အမြဲလိုလို မိုင်းခွဲ၊ တိုက်ခိုက်ခံရကြောင်း၊ ယနေ့လည်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန်သွားရောက်စဉ် AA အဖွဲ့က ရွာထဲကနေ လှမ်းပစ်ခတ် သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “အဲဒီ ရှာရှည်ပြင်ကျေးရွာအနီးဝန်းကျင်မှာ ခဏခဏ မိုင်းခွဲမှု ဖြစ်တယ်။ ခဏခဏ AA က ချောင်းမြောင်း ပစ်ခတ်တယ်။ ဒီနေ့လည်း အဲဒီရွာထဲမှာ AA အဖွဲ့တွေ ဝင်ရောက် ခိုလှုံနေတယ်ဆိုတာ သတင်းရလို့ ကျနော်တို့ တပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဖို့ သွားတာမှာ ရွာထဲကနေ ပစ်တယ်။ အဲဒီမှာ သူပစ်၊ ကိုယ်ပစ် အပြန်အလှန် ပစ်ခတ်တာ ရှိတယ်။ ရွာသားတွေ ထိခိုက်ဒဏ်ရာ ရလား၊ မရလား ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်တာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ဒဏ်ရာ ရရှိခဲ့သည့် ရွာသား ၅ ဦးကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူကြောင်းလည်း သိရသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂၀၁၈ နှစ်ကုန်ပိုင်း ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများမှာ တဖြည်းဖြည်း ကျယ်ပြန့်လာသကဲ့သို့ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးခံ ခံရမှု များမှာလည်း တနေ့ထက် တနေ့ များပြားလာသည်။
ယင်းသို့ တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနှင့် ပက်သက်ပြီး ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ စုံစမ်းရေး အဖွဲ့ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှတ်တော်တွင် အဆို တရပ်တင်သွင်းခဲ့သည်။
အဆိုအပေါ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း ပါတီအသီးသီးမှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည့်အတွက် စက်တင်ဘာလ ၂၃ ရက်နေ့ ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ၎င်းအဆိုအား အတည်ပြုခဲ့သည်။
စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိုခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာ နေကြောင်းလည်း ဦးထွန်သာစိန်က လွှတ်တော်တွင်တင်ပြ ဆွေး နွေးခဲ့သည်။ နေ့စဉ်နှင့်အမျှ သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီး ခံရမှုများ ရှိေ နသည့်အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ ၊ ထိခိုက်သူ အရေ အတွက်ကို အတိ အကိုတော့ စာရင်း မပြုစု နိုင်သေးပေ။