လက်ရှိ အခြေအနေတွင် နိုင်ငံရေးအရ တည်ငြိမ်မှှုနှင့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်းရန် တပ်မတော် အနေဖြင့် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရခြင်း ဖြစ်ပြီး မိမိတို့အနေဖြင့် ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းရမည်ဖြစ်ပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်ဖြစ် ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် စနေနေ့က နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းခန်းမ၌ တပ်မတော် အရာရှိကြီးများ၊ နည်းပြ အရာရှိကြီးများ၊ သင်တန်းသား အရာရှိများအား တွေ့ ဆုံအမှာစကား ပြောကြားရာတွင် ၎င်းက ဥပမာ မြန်မာ့ရိုးရာတွင်ဧည့်သည်လာပါက ကွမ်း၊ ဆေး၊ လက်ဖက် ဖြင့် ဧည့်ခံသည်မှာ ရှေးယခင်ကတည်းက အစဉ်အလာဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် ကွမ်း၊ ဆေးလိပ် တို့သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ကို တွေ့ရှိရသဖြင့် ရိုးရာ အစဉ်အလာများကို ခေတ်ကာလနှင့်လိုက်လျောညီထွေစွာ ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောသည်။
ယင်းဥပမာသည် မည်သည်ကို ရည်ညွှန်းကြောင်း မရှင်းလင်းလှသော်လည်း နိုင်ငံတော်အဆင့် မူဝါဒများ ချမှတ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး အမြင်များနှင့် နိုင်ငံတကာအမြင်များ အမြင် ၄ ရပ် ပေါင်းစပ် တွေးခေါ်၍ တိုင်းပြည်၏ ပကတိ အခြေအနေမှန်ကို သိရှိကာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အချက်များကို ဂရုပြုကြရန် လိုကြောင်း တပ်ချုပ်၏ ပြောဆိုချက်သည် လတ်တလော ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုခံရချိန်နှင့် တိုက်ဆိုင်နေသောကြောင့် နိုင်ငံရေးစောင့်ကြည့်ဝေဖန်သူများကြား စိတ်ဝင်စားနေကြသည်။
“သူ ဒီလိုတွေ ပြောလာရတဲ့အကြောင်းက နံပတ် တစ်က သူကိုယ်တိုင်ကလည်း အနာဂတ်မှာ နိုင်ငံဥသျှောင် သမ္မတအဖြစ်နဲ့ ရည်ရွယ်ထားတာလည်း ရှိနိုင်တယ်။ နံပါတ် နှစ်ကတော့ ဒါတွေကို သိနေတဲ့ လူတယောက်က အားမရတဲ့အခါမှာ ပြောထွက်လာတာ။ ဒါတော့ ကျနော်တို့လည်း ဒီလိုမျိုး တခါတခါ ခံစားရပါတယ်”ဟု သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။ ယခု အာဏာရပါတီမှ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် လက်ရှိ အခြေအနေတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုလိုသည့် အမြင် ၄ မြင်ကို ပေါင်းစပ်ဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ ရကြောင်း၊ နိုင်ငံခေါင်းဆောင်များသည် ဘက်ပေါင်းစုံ အခြေအနေများကို သုံးသပ်ပြီး မှန်ကန်သည့် လမ်းကြောင်းနှင့် တိုင်းပြည်ကို ချီတက်ရမည် ဖြစ်ကြောင်း ပြောပြီး “တကယ်လို့သာ တပ်မတော်က တကယ့် အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တကယ်ကို ရှိနေတယ်ဆိုရင်တော့ ဒါတွေက သူပြောရဲမှာ မဟုတ်ဘူး။ ပြောမယ်ဆိုရင်လည်း အတွင်းပိုင်းမှာပဲ တိုးတိုးတိတ်တိတ် ပြောမှာပေါ့နော်”ဟုလည်း ဦးရဲထွန်းက ဆိုသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောဆိုသည့် အမြင် ၄ ခု ဆိုသည်မှာ တပ်မတော်တွင် နဂိုကတည်းက ရှိပြီးသားဖြစ်သည့် မူဝါဒများ ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးပိုင်း သင်ကြားလျက်ရှိကြောင်း ပြောသည်။
“ဒါတွေက ပုံမှန်ပြောနေကြဟာတွေပါပဲ။ တပ်မတော်နေ့ မိန့်ခွန်းတွေမှာ ကြည့်ရင်လည်း ဒါတွေ တွေ့နိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ သင်တန်းသားကြီးတွေနဲ့ တွေ့ဆုံပြီး တနှစ်ကို အနည်းဆုံး တကြိမ်၊ နှစ်ကြိမ်လောက်တော့ ပြောဆိုလေ့ရှိပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင် ပါတီနိုင်ငံရေးများပါသော အုပ်ချုပ်ရေး စနစ်ဖြစ်ပါက အဆင်မပြေကြောင်း၊ ဒီမိုကရေစီတွင် ယှဉ်ပြိုင်ဘက် အတိုက်အခံ ပါတီများလည်း ရှိမည် ဖြစ်ကြောင်း၊ အာဏာရပါတီကလည်း အာဏာရရှိရေး၊ အာဏာ တည်မြဲရေးကို ကြိုးစားမည်သာ ဖြစ်၍ မည်သို့မျှ သဟဇာတ မဖြစ်နိုင်ကြောင်း ပြောသော်လည်း ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို သွားနေသည့်အတွက် တည်ငြိမ် အေးချမ်းပြီး ညီညွှတ်မျှတသည့် အုပ်ချုပ်ရေး စနစ်ဖြစ်ရန် လိုကြောင်း၊ လွတ်လပ် မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ရန် လိုပြီး ဆင်ခြေတုံတရားဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ရန် လိုကြောင်း ပြောသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးရန် တပ်မတော်အနေဖြင့် လိုလားကြောင်း သက်သေပြမှုတခု ဖြစ်မည်။
နိုင်ငံခေါင်းဆောင်များ အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရေးဆိုသည့် မူဝါဒ အပေါ်တွင် ရပ်တည်ပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရန် လက်ရှိ အချိန်တွင် အရေးတကြီး လိုအပ်နေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင် ၄ ခုတွင် အရေးကြီးဆုံးမှာ နိုင်ငံရေးအမြင် ဖြစ်ကြောင်း နိုင်ငံရေး လေ့ လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း ဆွေးနွေးဝေဖန်သည်။
“နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီးတော့ သဘောတူညီချက်တွေ ရအောင် မလုပ်နိုင်သရွေ့ အုပ်ချုပ်ရေးတို့ စီးပွားရေးတို့ ကာကွယ်ရေးတို့မှာလည်းပဲ အဖြေရှာနိုင်ဖို့ ခက်မယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။ ဆက်၍ “အဲဒီအတွက်ကြောင့်မိုလို့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်တွေ ရအောင် လုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ တချိန်တည်းမှာပဲ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ စီးပွားရေးပိုင်းတွေကိုလည်း ဟန်ချက် ညီညီနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်”ဟုလည်း ပြောဆိုသည်။
NLD အစိုးရ အာဏာရလာပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကြား ၂ ဦးတည်း တွေ့ဆုံမှုများ ရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သဖြင့် ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းမှ စ၍ သီးသန့် ထပ်မံတွေ့ ဆုံခြင်းမျိုး နေပြည်တော်တွင် မပြုလုပ်တော့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ၏ ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို တပ်မတော်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေခြင်းသည် စစ်ဘက်-အရပ်ဘက် အဆင်မပြေကြောင်း ပြသသည့် အချက်တခုဟု နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
သို့သော် လာမည့် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ခုခံကာကွယ်ရန် နိုင်ငံတော်အတိုင်ပင်ခံ နယ်သာလန်နိုင်ငံ သဟိဂ်မြို့သို့ သွားရောက်ရန် ရှိသည်ဟု ကြေညာခဲ့ချိန်တွင် မြန်မာ့တပ်မတော်က အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ပြောဆိုကာ နိုင်ငံတကာရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာ အထူးအဖွဲ့ တွင် အရာရှိ ၂ ဦး ပါဝင်စေလွှတ်ခြင်းကမူ အစိုးရနှင့် တပ်မတော်ကြား နီးကပ်သွားမှုကို ပြသည်။
ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲခံရမှုအား ပြည်တွင်းပြည်ပ၌ အမျိုးမျိုးသော သဘောထားအမြင်များ ကွဲပြားလျက် ရှိသည်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က လုံခြုံရေးတပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့သော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့အား တန်ပြန်ထိုးစစ်ဆင်မှုသည် လူ ၇ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးမှုကို ဖြစ်စေခဲ့သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများသည် ဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးကို စာရွက်ပေါ်တွင် သဘောတူညီထားကြပြီးဖြစ်သော်လည်း လက်တွေ့တွင် ဒုက္ခသည်များ ပြန်လည်အခြေချရန် အလားအလာ မရှိသလောက် သို့မဟုတ် အနည်းငယ်သာ ရှိနေသည်။ ပြဿနာမှာ ရိုဟင်ဂျာများအဖြစ် တရားဝင် အသိအမှတ်ပြုရန် တဘက်က တောင်းဆိုနေပြီး မြန်မာအစိုးရဘက်ကမူ ရိုဟင်ဂျာ မရှိကြောင်း ပယ်ချကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ်စေမည်ဟု ရပ်ခံထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကိုလိုနီခေတ်တွင် အလုပ်သမားများ၊ ကူလီများအဖြစ် အင်္ဂလိပ်တို့က ခေါ်သွင်းလာသော ချစ်တီးများ၊ ဘင်္ဂါလီများ ရောက်ရှိလာခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ယင်းနှစ်တွင်ပင် ICJ တွင်ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုအချိန်က မြန်မာနိုင်ငံ၏ တိုင်းရင်းသားများတွင် ရိုဟင်ဂျာဟု လည်းကောင်း၊ ဘင်္ဂါလီဟုလည်းကောင်း ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ၁၉၇၄-၁၉၇၅ ခုနှစ်တွင် ဟင်္သာ စီမံချက်ဆောင်ရွက်ခဲ့ရာတွင်လည်း သတင်းစာ၊ ဆောင်းပါးများ အားလုံးက ဘင်္ဂါလီဟုသာ သုံးစွဲဖော်ပြခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုအချိန် ကာလကပင် လူဝင်မှုဆိုင်ရာ အပါအဝင်ပြဿနာပေါင်းစုံရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။
You may also like these stories:
ICJ အရေး အစိုးရဖြေရှင်းမှု “ဝ” နှင့် မိုင်းလား ထောက်ခံ
ICJ အရေး မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက် နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ဆို
ဘုရင့်နောင်ပွဲရုံတန်းမြေနေရာ သက်တမ်းတိုးပေးရန် တပ်ချုပ်ထံ တင်ပြမည်