သတင်း

ရန်ကုန်တက္ကသိုလ် ကိုယ်ပိုင် စီမံခန့်ခွဲခွင့် ရှိလာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် တက္ကသိုလ်ကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့် ရှိသည့် တက္ကသိုလ် ဖြစ်စေရန် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က“၂၀၁၅ ခုနစ် အမျိုးသား ပညာရေး ဥပဒေ မှာ ပြဌာန်းချက်အရ ရန်ကုန် တက္ကသိုလ်ကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်စေဖို့၊ လိုအပ်တဲ့အချက်တွေ ဖြည့်ဆည်း ပေးလျက်ရှိပြီး မကြာခင်ကာလမှာ ရန်ကုန်တက္ကသိုလ်က ကိုယ်ပိုင် စီမံခန့်ခွဲရှိတဲ့ တက္ကသိုလ် ဖြစ်လာတော့ မှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း ကျင်းပသည့် နှစ် ၁၀၀ ပြည့်အကြို ပွဲတော် ဖွင့်ပွဲ အခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကလည်း တက္ကသိုလ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် တိုးမြှင့်ရေး၊ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးမြင့်စေရေး၊ လူမှု အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုမည့် သင်ကြားသင်ယူမှု သုတေသန နှင့် ဝန်ဆောင်မှုများ ပေးနိုင်ရေး၊ တက္ကသိုလ် ပြုပြင်မွမ်းမံရန် အဆင့်မြှင့်တင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည် တည်တံ့ခိုင်မြဲစေရန် တက္ကသိုလ် ပရဝဏ်၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုသည်။

ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့် အကြို ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ကြသည်ကို တွေ့ရ သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ဒီတက္ကသိုလ်ကြီးကနေ ကျနော်တို့ရဲ့ ပညာရေး၊ နိုင်ငံရေး၊ လူမှုဘဝတွေကို အများကြီး ပြောင်းလဲပေးနိုင်ခဲ့တဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်မှာ အမျိုးသား ပညာရေး စနစ်ကို စတင်နိုင်ပြီး ပြည်သူတရပ်လုံး ပညာသင်ကြားနိုင်ခွင့် အတွက် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြုပြင်ပြောင်းလဲခြင်းနဲ့ အတူ ရန်ကုန်တက္ကသိုလ်ကြီးက ပေါ်ထွန်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကြီးနဲ့ အတူ ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကလည်း ရန်ကုန် တက္ကသိုလ်ကြီးကနေ အခြေပြုခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် ပထမဦးဆုံး နှိုးဆော်ခဲ့သည့် အမျိုးသားရေး နှိုးဆော်မှုများကို ရန်ကုန် တက္ကသိုလ် က စတင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ရန်ကုန် တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် ပေါက်ဖွားလာရာ လာမည့် ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်ပြီ ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ရွှေရတု သဘင်ကို ၁၉၇၀ ပြည့်နှစ်တွင် လည်ကောင်း၊ စိန်ရတု သဘင်ကို ၁၉၉၅ ခုနှစ်တွင် လည်းကောင်း ကျင်းပနိုင်ခဲ့ပြီး ဖြစ်သည်။

စစ်ကြိုခေတ်နှင့် လွတ်လပ်ရေး ရစ ကာလများတွင် ရန်ကုန်တက္ကသိုလ်သည် ပညာရည်အားဖြင့် အရှေ့တောင် အာရှတွင် အကောင်းဆုံးဖြစ်ခဲ့ပြီး အာရှအဆင့်တွင် ထိပ်တန်းက ရပ်တည်နိုင်ခဲ့သဖြင့် ရန်ကုန် တက္ကသိုလ်သို့ တခြားသော အာရှနိုင်ငံများမှ ကျောင်းသူ ကျောင်းသားများ လာရောက်ပညာ ဆည်းပူး ခဲ့ကြကြောင်း သိရသည်။

ထို့အတွက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၎င်းအနေဖြင့် ရန်ကုန်တက္ကသိုလ်ကို ယနေ့ အချိန်အခါတွင် ကမ္ဘာပေါ်၌ အကောင်းဆုံး တက္ကသိုလ်တခု အဖြစ် ပြန်လည် ပေါ်ပေါက်လာစေရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

ရန်ကုန်တက္ကသိုလ်သည် အစဉ်အလာ ကြီးမားသော တက္ကသိုလ်ကြီး တခုဖြစ်ပြီး လွတ်လပ်ရေး ကြိုးပမ်းမှု ကဏ္ဍတွင် လည်း တစိတ်တပိုင်း ဆက်စပ်နေပါသည်။

၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဗြိတိသျှ ကိုလိုနီ စိုးရက ယူနီဗာစတီ အက်ဥပဒေကို အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် ထိုဥပဒေနှင့် အညီ ရန်ကုန်ကောလိပ်အား တက္ကသိုလ်အဖြစ် ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်သည့် အခါ ကျောင်းသားကြီး ၁၁ ဦး က ဦးဆောင်၍ ရာနှင့်ချီသော ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်မှ ကျောင်းသား များက စတင် သပိတ်မှောက်ခဲ့သည်။

ထို့နောက် ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူ ကျောင်းသားများလည်း ပါဝင်လာရာ သပိတ်မှောက် ကောင်စီကို ကျောင်းသားကြီး ၁၅ ဦးဖြင့် ထပ်မံဖြည့်ဆည်းခဲ့ရာ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ထိုသို့ ကျောင်းသား သပိတ်ကို အကြောင်းပြု၍ အမျိုးသား ကျောင်းများ၊ အမျိုးသား ကောလိပ်များ ပေါ်ပေါက်လာခဲ့သည်။

ထို ရန်ကုန်တက္ကသိုလ်မှ စသည့် ကျောင်းသား လှုပ်ရှားမှု အရေးတော်ပုံ သပိတ်သည် တမျိုးသားလုံး၏ အရေးတော်ပုံကြီး အဖြစ် တဟုန်ထိုး ကြီးထွားလာခဲ့ပြီး အမျိုးသား အောင်ပွဲနေ့ ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော အာဇာနည် ခေါင်းဆောင် ကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ်လူငယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ သကဲ့သို့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် ကဲ့သို့သော ကမ္ဘာ့လူသား အကျိုးပြု ခေါင်းဆောင်များကိုပါ မွေးထုတ်ပေးနိုင်ခဲ့သည်။

You may also like these stories:

ပညာရေး အသက် အာမခံ ထားရှိနိုင်တော့မည်

အဝေးသင် ပညာရေးကို ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များသို့ လွှဲမည်

အားလုံးခေါင်းဆောင် လုပ်ချင်ပါက နောက်လိုက် ဘယ်သူလုပ်မလဲ ဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading