မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ ကမ္ဘောဇဘဏ် ATM ငွေထုတ်စက် ဖောက်ထွင်းရခြင်းမှာ ဇနီးဖြစ်သူကို ရာထူးတိုးမပေး၍ ပြုလုပ်ရခြင်းဟု ဖမ်းမိထားသူက ထွက်ဆိုထားကြောင်း မဟာအောင်မြေ မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ATM ငွေထုတ်စက်ဖောက်ထွင်းသူများကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် အမှတ် (၃) မှုခင်းတပ်ဖွဲ့ခွဲမှူး ဦးစီးသော မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးဌာစိတ်၊ မဟာအောင်မြေ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ် ၉ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက (၂၄) နာရီအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲမှုး ရဲမှုးဝင်းနိုင် က “ကျူးလွန်သူတွေကိုတော့ ဖမ်းထားပြီး ချုပ်ရမန် ယူထားတယ်။ အမျိုးသမီး၊ အမျိုးသား ၂ ယောက်လုံးကို ဖမ်းထားတယ်။ ဘာလို့လုပ်တယ် ပြောဖို့ကတော့ နည်းနည်းတော့ ခက်တယ်။ အဓိကကတော့ သူ့ယောကျ်ားပြောတာပေါ့နော်။ အတိအကျကြီးတော့ ယူလို့မရဘူး။ သူ့ယောက်ျားရဲ့ ထွက်ချက်မှာတော့ သူ့ဇနီး ရာထူးမတိုးလို့ လုပ်တယ်လို့ ပြောတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားတွင် ကမ္ဘောဇဘဏ်က တပ်ဆင်ထားသည့် ATM ငွေထုတ်စက်မှာ လိုင်းကျနေကြောင်း ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဘဏ်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။
ထိုကဲ့သို့ သွားရောက်စစ်ဆေးခဲ့ရာ ATM ငွေထုတ်စက်မှာ လိုင်းကျနေခြင်း မဟုတ်ဘဲ ATM ငွေထုတ်စက်အတွင်း လွန်ခဲ့သော ၁၀ ရက်ခန့်က ထည့်ထားသော ငွေကျပ်သိန်း ၆၀၀ အနက်မှ ATM ငွေထုတ်စက်အတွင်းကျန်ရှိသည့် ခန့်မှန်းငွေသိန်း ၃၄၀ ကျပ်ခန့်မှာ ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရသဖြင့် အမှတ် ၉ နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်းတန်းခဲ့ ကြောင်းသိရသည်။
ကမ္ဘောဇဘဏ်၏ အမှုဖွင့်တိုင်တန်းချက်ကြောင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားခဲ့သည့်နေရာက ကမ္ဘောဇဘဏ် CCTV မှတ်တမ်းများအား စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက ပြစ်မှုကျူးလွန်သူသည် အဖြူရောင် AD Van မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ATM စက်အပြင်သော့ကို ဖွင့်၍ စက်အတွင်းရှိ သေတ္တာ၏ လျှို့ဝှက်နံပါတ်များ ရိုက်နှိပ်ကာ ငွေစက်က္ကူများ ထုတ်ယူသွားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့အပြင် အဆိုပါ ငွေထုတ်ယူသူ မောင်းနှင်လာသော မော်တော်ကားနံပါတ်ကိုလည်း စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးရာ လျို့ဝှက်နံပါတ်များအသုံးပြု၍ စက်အတွင်းရှိငွေများအား ထုတ်ယူသွားသူများမှာ ကမ္ဘောဇဘဏ်မှ ဒုဘဏ်ခွဲမန်နေဂျာ မထက်မွန်ကျော်ရွှေ ၃၆ နှစ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့် ၃၆ နှစ်တို့ ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု မှုခင်းမှတ်တမ်းဖော်ပြချက်များအရ သိရသည်။
မထက်မွန်ကျော်ရွှေနှင့် အောင်ခိုင်စိုးမြင့်တို့အား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ မထက်မွန်ကျော်ရွှေမှ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်စိုးမြင့်အား ATM စက်၏ Password နံပါတ်များနှင့် ATM စက်၏ သော့ကို ပေးခဲ့ပြီး ဦးအောင်ခိုင်စိုးမြင့်က ATM စက်အတွင်းမှ ကျပ် ၃၄၉ သိန်း ၇ သောင်း ဖောက်ထွင်း ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု မှုခင်းမှတ်တမ်း၌ ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် ၉ မြို့မရဲစခန်းတွင် (ပ)၁၀၉၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ – ၄၅၄ (ဖောက်ထွင်းမှု)ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားခံများဖြစ်သော မထက်မွန်ကျော်ရွှေ နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့်တို့ ထွက်ဆိုချက်များအရ ပြစ်မှုကျုးလွန်ရာတွင် အသုံးပြုခဲ့သော AD Van မော်တော်ယာဉ်၊ သက်သေခံပါ ငွေကျပ် ၃၄၉ သိန်း ၇ သောင်းနှင့် အခြားသက်သေခံပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ၂၈ လမ်း၊ ၆၈ x ၆၉ ကြားရှိနေအိမ်မှ သိမ်းဆည်းရမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ ဖမ်းဆီးရမိခဲ့သည့် မထက်မွန်ကျော်ရွှေ နှင့် အောင်ခိုင်စိုးမြင့်တို့ ချုပ်ရမန်ယူထားပြီး တရားရုံးစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။