ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာအုပ်စု၊ နလိပ်ကျေးရွာအတွင်း ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သဖြင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသည့် ရွာသားများမှာ အသက် ၂၇ နှစ်အရွယ် မစန္ဒာဝင်း၊ အသက် ၁၃ နှစ်အရွယ် မနန္ဒာမိုးနှင့် အသက် ၁၈ နှစ်အရွယ် ကိုဘထွန်းတို့ ဖြစ်ပြီး ဖြစ်ကြောင်း ရန်အောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှအောင်က ပြောသည်။
ဦးလှစိန်အောင် က “အခုကျနော်တို့ သူတို့ကို မြောက်ဦးဆေးရုံကို ပို့ဆောင်ပြီးတော့ ဆေးရုံမှာ ဆေးကုသမှုတွေ လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့နယ်၊ ရန်းချောင်းတောင်တန်း အနီးတွင် ရှိသော ရန်အောင်ပြင်ကျေးရွာအုပ်စု ၊ နလိပ်ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ ယမန်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ပြီး လက်နက်ကြီးမှာ မည်သည့်ဘက်က ပစ်၍ လာကျသည်ကိုတော့ မသိရှိကြောင်း ဒေသခံကျေးရွာ သားများ ပြောသည်။
မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က “လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ အတွက် ရွာသား ၃ ဦး ဒဏ်ရာ ရတယ်တာကတော့ မှန်တယ်ဗျ။ ရန်ချောင်းဖျားမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ကြတယ်လို့ ပြောတယ်။ ဘယ်ဘက်က ပစ်လို့ လာကျတယ်ဆိုတာတော့ သူတို့လည်း မသိဘူးလို့ ရွာသားတွေက ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရန်အောင်ပြင်ကျေးရွာအုပ်စု နလိပ်ကျေးရွာမှာ မြိုတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာ ဖြစ်ပြီး အိမ်ခြေ ၇၀ ကျော်၊ လူဦးရေ ၃၀၀ ခန့် ရှိကြောင်း လည်း သိရသည်။
လက်ရှိတွင် အဆိုပါ ဒဏ်ရာ ရရှိသည့် ရွာသား ၃ ဦးကို မြောက်ဦးမြို့ ဂရုဏာလိုင်း သွေးလှူရှင် အသင်း ကားဖြင့် သယ်ဆောင်ပြီး မြောက်ဦးဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုများ ခံယူနေကြောင်း လည်းသိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်အတွင်းက ရှာရှည်ပြင်ကျေးရွာ ပစ်ခတ်ခံရ၍ အမျိုးသမီးငယ် ၃ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်း ကတည်းက
တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှု ပိုမိုကျယ်ပြန့် လာသလို အရပ်သား ထိခိုက်သေဆုံးမှုများနှင့် ဖမ်းဆီးခံ ခံရမှု များမှာလည်း တနေ့ထက် တနေ့ ပိုများလာနေသည်။
ယင်းသို့ တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနှင့် ပက်သက်ပြီး ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ စုံစမ်းရေး အဖွဲ့ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှတ်တော်တွင် အဆို တရပ်တင်သွင်း ခဲ့သည်။
အဆိုအပေါ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တပ်မတော် သားလွှတ် တော်ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ကြသော်လည်း ပါတီအသီးသီးမှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသဖြင့် စက်တင်ဘာလ ၂၃ ရက်နေ့ ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ၎င်းအဆိုအား အတည်ပြုခဲ့သည်။
ထိုသို့ အဆိုအောင်သော်လည်း အစိုးရအနေဖြင့် လက်ရှိအချိန်အထိ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း မရှိသလို တစုံတရာ အကြောင်း ပြန်ကြားခြင်းလည်း မရှိသဖြင့် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုသည်။
စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိုခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာ နေကြောင်းလည်း ဦးထွန်သာစိန်က လွှတ်တော်တွင်တင်ပြ ဆွေး နွေးခဲ့သည်။
နေ့စဉ်နှင့်အမျှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီး ခံရမှုများ ရှိေ နသည့်အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ ၊ ထိခိုက်သူ အရေ အတွက်ကို အတိ အကိုတော့ စာရင်း မပြုစု နိုင်သေးပေ။