ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်၊ ချင်းပျံတောလူနေအစုတွင် ဒီဇင်ဘာလ ၂ ရက် ညနေ ၄ နာရီခန့်က လက်နက်ကြီး ကျည်တလုံး ကျရောက် ပေါက်ကွဲ၍ မြို့ခံ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူ ၃ ဦးမှာ အသက် ၄ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး၊ ၁ လသားအရွယ် ကလေးငယ် (မ) ၁ ဦး နှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ပြီး ဒဏ်ရာ ရရှိသူ ၄ ဦး မှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးဖြစ်ကြောင်း မြောက်ဦးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ရင်က ပြောသည်။
ဒေါက်တာ ခင်မောင်ရင် က “ဆေးရုံ ရောက်တာ အားလုံး ၇ ဦးပါ။ အဲဒီမှာ ကေလး ၂ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး ဆုံးပါတယ်။ ဒဏ်ရာရတာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၁ ဦးကတော့ ညာဘက် ဒူးခေါင်းပြတ်ထွက်သွားပြီးတော့ ဘယ်ဘက် ခြေထောက်လည်း ဒဏ်ရာတော်တော်ပြင်းတယ်။ အခု ခွဲခန်းထဲကို ဝင်ဖို့ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့ခံများ ဆေးရုံတွင် စုရုံး ရောက်ရှိနေကြပြီး ဒဏ်ရာ ရရှိသွားသူများကို လည်း အရေးပေါ် ခွဲစိတ်ကုသမှုများကို လုပ်ဆောင် နေကြောင်းလည်း သိရသည်။
မြောက်ဦး မြို့ခံတဦး က “တပ်ရော၊ ရဲတွေရော အခုဆေးရုံမှာ အားလုံး ရောက်နေကြတာ တွေ့တယ်။ မိသားစုဝင်တွေနဲ့မြို့ခံတွေလည်း ရောက်နေကြတယ်။ လူအုပ်က တော်တော် များနေတယ်။ မိသာစုဝင်တွေကလည်း ဖြစ်စဉ်အသေးစိတ်ကို မေးလို့ မရကြသေးဘူး။ အပူမီးတွေ တောက်လောင် နေတဲ့ အချိန်ဆိုတော့ ရင်ထုပြီး ငိုနေကြတယ်” ဟုဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်အသေးစိတ်ကို ကာယကံရှင် မိသားစုဝင်များနှင့် ဒေသအာဏာပိုင်များထံ ကြိုးစားပြီး ဆက်သွယ်ခဲ့သော်လည်း လူနာအရေးပေါ် အခြေအနေကြောင့် ဆက်သွယ်၍ မရရှိခဲ့ပါ။
ယခုပေါက်ကွဲမှု မတိုင်မီ ယနေ့ မွန်းလွဲပိုင်းက မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာအုပ်စု၊ နလိပ်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သဖြင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်အတွင်းက ရှာရှည်ပြင်ကျေးရွာ ပစ်ခတ်ခံရ၍ အမျိုးသမီးငယ် ၃ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
You may also like these stories:
ကျောက်တော်က ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးမိုင်းထိ ၁ ဦးသေဆုံး
ဘူးသီးတောင်တွင် လက်နက်ကြီး ကျ၍ အမျိုးသမီး ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ပေါက်ကွဲမှုက တပ်မတော်သားများကို ထိမှန်