မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ “အောင်ပြည့်ဝဖြိုး” ကျောက်စိမ်း အချောထည် ကုမ္ပဏီရှိ အလုပ်သမားများသည် ယနေ့ နံနက်ပိုင်းက အလုပ်သမားအခွင့်အရေး အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြရာမှ ပြေလည် မှု ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြရာတွင်ပါဝင်သည့် အလုပ်သမား ကိုကျော်မိုးအောင် က “ဒီနေ့ သပိတ်မှောက်တာကတော့ ကျနော်တို့ အဖွဲ့အစည်း (အလုပ်သမားသမဂ္ဂ) ဖွဲ့တာကို သူတို့ဘက်က ခြိမ်းခြောက်မှုတွေ ရှိလာတယ်။ အဖွဲ့အစည်း ဖွဲ့မယ့် တယောက်ချင်းစီကို အလုပ်ထွက်စာ တင်ပြီး တော့ လာခဲ့ပါလို့ ခြိမ်းခြောက်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ရပိုင်ခွင့်တွေလည်း ဆုံးရှုံးနေတာတွေ ရှိနေတာကြောင့် အခုလို သပိတ်မှောက်ရတာပါ” ပြောသည်။
အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုများ အတွက် သပိတ်မှောက်ခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်ခဲ့ပြီး အလုပ်ရှင် ဘက်က ညှိနှိုင်းမှု ပြုလုပ်ခဲ့ခြင်းကြောင့် နံနက် ၉ နာရီခန့်တွင် သပိတ်မှောက်ခြင်းကို ရုပ်သိမ်းပေးခဲ့သည်။
ဆန္ဒပြ အလုပ်သမားများက အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်နေချိန် ကာလအတွင်း အလုပ်သမားများအား အလုပ်မှ မထုတ်ပယ်ရေး၊ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့် ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ အနည်း ဆုံး အခကြေးငွေ ပြည့်မီစွာ ရရှိရေး၊ ရက်သတ္တပတ် အလုပ်ပိတ်ရက် ရရှိရေး၊ အများပြည်သူ အလုပ်ပိတ်ရက် ရရှိရေး၊ တပတ်အလုပ်ချိန် ၄၄ နာရီ ရရှိရေး၊ OT ကြေးများ ပြန်လည်ရရှိရေး၊ ရှောင်တခင်ခွင့်များ ရရှိရေး၊ လုပ်သက်ခွင့်များ ရရှိရေး၊ တရားမဝင် ဖြတ်တောက်ထားသော ငွေကြေးများ ပြန်လည်ရရှိရေး၊ ရက်မှန်ကြေးများ တိုးမြှင့်ရရှိရေး၊ နှစ်တိုးကြေး များ ရရှိရေး စသည့် ၁၆ ချက်ကို တောင်းဆိုခဲ့ကြသည်။
အလုပ်သမား ကိုကျော်မိုးအောင် က “ကျနော်တို့ကို အလုပ်ရှင်ဘက်နဲ့ ညှိနှိုင်းပြီးပါပြီ။ မနက်ဖြန် မနက် ၉ နာရီမှာ အားလုံး ညှိနှိုင်းပြီးတော့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်လို့တော့ ပြောပါတယ်။ မနက်ဖြန် ညှိနှိုင်းမှုမှာ သူတို့လုပ်ပေး မယ်လို့ ပြောတဲ့အပေါ် ယုံကြည်မှု ရှိပါတယ်။ အကြီးအကဲတွေနဲ့ သဘောတူညီမှု ရထားပါတယ်” ဟု ဆက်လက် ပြော သည်။
အောင်ပြည့်ဝဖြိုး ကျောက်စိမ်းအချောထည် ကုမ္ပဏီသည် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတခု ဖြစ်ကာ မြန်မာအလုပ်သမား ၆၀ ကျော်နှင့် တရုတ်နိုင်ငံသား အလုပ်သမား ၁၀၀ ကျော် ရှိပြီး အလုပ်သမား အခွင့်အရေးအတွက် သပိတ်မှောက်ခြင်းကို မြန်မာအလုပ်သမားများက ပြုလုပ်ကြခြင်းဟု သိရသည်။
အလုပ်သမား ကိုဖြိုးမောင်မောင် က “ကျနော်တို့ အလုပ်သမား သမဂ္ဂဖွဲ့မယ့်သူတွေကို ထွက်စာလာတင်ပါလို့ ပြောတယ်။ ကျနော်တို့ကို ရေမတိုက်ဘူး၊ ဆေးခွင့်တွေလည်း မရဘူး၊ တပတ်တရက် နားရက်လည်း မရဘူး။ ပြီးတော့ EC စာချုပ် (အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်) လည်း မချုပ်ရသေးဘူး။ အလုပ်ပိတ်ရက်လည်း မပေးဘူး။ အလုပ်သမား အခွင့်အရေး မရှိသေးလို့ လိုချင်တာကြောင့် အခုလို သပိတ်မှောက်တာပါ” ဟု ဆိုသည်။
အဆိုပါကဲ့သို့ အလုပ်သမားများ သပိတ်မှောက်ရာသို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ် သမားများ သမဂ္ဂအဖွဲ့ချုပ် (MICS) နှင့် သက်ဆိုင်ရာ အဖွဲ့များ ဝင်ရောက် ညှိနှိုင်းပေးခဲ့ခြင်းကြောင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။
MICS မှ ဗဟိုအလုပ် အမှုဆောင် ကိုမင်းသက်ထွေး က “ဘယ်လို အခွင့်အရေးတွေ ဆုံးရှုံးနေသလဲဆိုတော့ သောက်သုံးရေကို အလုပ်သမားတွေက ပိုက်ဆံပေးပြီး ဝယ်သောက်နေရတယ်။ အနည်းဆုံး အခကြေးငွေ မပြည့်မီတာတွေလည်း ရှိနေတယ်။ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွေ မရဘူးဆိုတာတွေပေါ့နော်။ အခု ညှိနှိုင်းတဲ့အခါမှာ အလုပ်သမားတွေ တောင်း ဆိုတဲ့ အချက်တွေကို ပေးမယ်လို့တော့ ပြောတယ်။ မနက်ဖြန်မှာ တောင်းဆိုချက်တွေ အားလုံးကို ပေးမယ်ဆိုတာ စာချုပ် စာတမ်းနဲ့ လုပ်ပေးမယ်လို့ ပြောပါတယ်” ဟု ပြောသည်။
အောင်ပြည့်ဝဖြိုး ကျောက်စိမ်းအချောထည် ကုမ္ပဏီရှိ အလုပ်သမားများ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုများအတွက် သပိတ်မှောက်ခြင်းကို ညှိနှိုင်းကြရာတွင် မဟာအောင်မြေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန် ကြားမှု ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အလုပ်ရှင်၊ အလုပ်သမားများ ပါဝင်ခဲ့ပြီး အလုပ်ရှင်ဘက်က တောင်းဆိုချက်များကို လိုက်လျောပေးသွားမည်ဟု သိရသည်။