ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက် ချင်းပျံတောလူနေအစုတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က ပေါက် ကွဲမှုတခု ဖြစ်ပွားခဲ့ရာ မြို့ခံ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် သေဆုံးသွားသူများကို ယနေ့ သဂြိုဟ်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးတွင်လည်း ၂ ဦးမှာ ခြေ ပြတ်လက်ပြတ် ပြင်းထန်စွာ ဒဏ်ရာရ၍ လူနာများကို ဆေးရုံသို့ အမြန်ရောက်ရှိရန် ပို့ဆောင်ရာတွင် မြင်ရသည် မှာ တခုခု ပေါက်ကွဲသဖြင့် ဒဏ်ရာရသည့် ပုံစံဖြစ်ကြောင်း မြောက်ဦးမြို့ သွေးလှူရှင် အသင်း ဥက္ကဌ ဦးအောင်သန်း ထွန်း က ဧရာဝတီသို့ ပြောသည်။
“ဒီနေ့က အသုဘချမှာ။ ဒဏ်ရာရတဲ့အထဲမှာ ၅ ယောက်ရှိတာ မနေ့ညနေက တယောက်ဆုံးသွားတယ်။ ၄ ယောက် ကျန်တယ်။ ၄ ယောက်မှာက ၂ ယောက်က ဒဏ်ရာ တော်တာ်ပြင်းတယ်။ ခြေလက်ပြတ်တာမျိုးတွေ ရှိတယ်”ဟု ဦးအောင်သန်းထွန်းက ပြောသည်။
၎င်းကဆက်၍ “မြင်တာကတော့ ပေါက်ကွဲသွားတဲ့ပုံစံပဲ။ ကလေးတယောက် ပြောတာက တပ်မတော်က ကျန်ခဲ့တဲ့ ဗုံး တလုံးကို လက်လွှဲပစ်လိုက်တဲ့အချိန် ပေါက်ကွဲသွားတာလို့ ပြောတယ်။ အဲဒီဗုံးကို လွှင့်ပစ်လိုက်တဲ့ အချိန်မှာ လူနေ အိမ်နားမှာ ကျတာပေါ့။ ကလေးက ဆော့တဲ့သဘောပေါ့။ တိတိ ကျကျတော့ မစပ်စုတော့ဘူး။ ကိုယ့်အလုပ်က လူနာ အမြန်ကောက်ပြီး ဆေးရုံကို အမြန်ရောက်ဖို့ပဲ”ဟု ပြောသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမူ “လွှတ်တော်ထဲရောက်နေလို့ အသေးစိတ် မသိဘူး။ ကျနော်သိတာက ကျည်ထိပြီးတော့ ပေါက်ကွဲမှုတခုဖြစ်တယ်။ ကျည်ထိပြီးတော့ ၇ ယောက် ဆေးရုံကို တက်လာတယ်။ ၃ ယောက်သေတယ်။ ၄ ယောက်က ဆေးရုံတက်နေတုန်းပဲ။ အဲလောက်ပဲ သိတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
တပ်မတော်က ယင်းဖြစ်စဉ်ကို စိစစ်ရာတွင် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ သည်ဆိုသော သတင်းများအရ သက်သေအားလုံးကို ခေါ်စစ်ဆေးခဲ့ကြောင်း၊ ယင်းအချိန်တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိ သလို တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုမျိုးလည်း မရှိကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“နယ်မြေခံ လုံခြုံရေးတပ်တွေရဲ့ သုံးသပ်ချက်အရ ပေါက်ကွဲမှု ဖြစ်ပွားတယ်။ ပေါက်ကွဲမှု ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ပြောနိုင်တာကတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်ကွဲတာ မဟုတ်ဘူး။ ဖြစ်နိုင်ခြေရှိတာက ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတခုခုကို သွားထိမိလို့ ပေါက်ကွဲတာမျိုး ဖြစ်နိုင်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၎င်းက ဆက်၍ “အဲဒီဒေသတွေမှာ ဖြစ်နေတာက ဒေသန္တရမိုင်းနဲ့ ပတ်သက်ပြီး လုပ်နေတဲ့လူတွေ ရှိတယ်။ အဲဒီလို ဒေသန္တရမိုင်း ပေါက်ကွဲတာမျိုး ဖြစ်နိုင်တယ်။ ပြောနိုင်တာကတော့ အဲဒီအချိန်မှာ ဘယ်တပ်ကမှ လက်နက်ကြီး၊ လက် နက်ငယ်နဲ့ ပစ်ခဲ့တာ လည်း မရှိဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း မရှိဘူး”ဟု ပြောသည်။
သို့သော် မြောက်ဦး အခြေစိုက် အမှတ် ၅၄၀ တပ်ရင်းကနေ ပစ်သည် ဆိုပြီး စွပ်စွဲခံနေရသော်လည်း ယင်း ၅၄၀ တပ်ရင်းက လက်နက်ကြီး ပစ်ခဲ့ခြင်း လုံးဝ မရှိကြောင်း၊ ယင်းဒေသတွင် မိုင်းနင်းမိ၍ ဖြစ်စေ၊ လက်ပစ်ဗုံး တခုခု ဆော့ကစားရင်း ကျကွဲသည် ဖြစ်စေ အများစုက လက်နက်ကြီး ပစ်သည်ဟု ပြောဆိုလေ့ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဒီဇင်ဘာလ ၁ ရက်နေ့က မြောက်ဦးမြို့နယ်အတွင်းက ရှာရှည်ပြင်ကျေးရွာတွင် အမျိုးသမီးငယ် ၃ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသည့် ဖြစ်စဉ်မှာလည်း ကလေးငယ်တဦးက ဗုံးသီးကို ဆော့ကစား ရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။
ယခု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရက္ခိုင့် တပ်မတော် (AA) ဘက်မှ ခိုင်သုခကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် ဆက်စပ်ပြီး တိုက်ပွဲနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ အရပ်သား များ သေဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ စုံစမ်းရေး အဖွဲ့ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြည်နယ် လွှတ်တော်တွင် အဆိုတခု တင်သွင်း ခဲ့ဖူးသည်။
၎င်း၏ အဆိုအရ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိုခိုက်ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ရခိုင် ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည့် ယင်းအဆိုကို အစိုးရက ယနေ့အချိန်အထိ အကောင်အထည်ဖော်မပေးခဲ့ပါ။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့များပြားလျက်ရှိသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့သည့် တိုက်ပွဲများကြောင့် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များတွင် စစ်ရှောင် ဒုက္ခသည် ဦးရေမှာ တိုးလာနေပြီး ယခုအခါတွင် ဒုက္ခသည် ၈ သောင်း ဝန်းကျင်အထိ ရှိနေ ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (REC) အဖွဲ့ ထံမှ သိရသည်။
You may also like these stories :
ရခိုင်ပြည်နယ် အခြေအနေ မင်းမဲ့စရိုက်ဆန်နေပြီဟု တပ်မတော် ပြော
ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ
ရခိုင်အရေး ပြည်ထောင်စု အတွက်ပါ စိုးရိမ်စရာ ဖြစ်လာဟု သမ္မတရုံး ပြော