တိုင်းပြည်အတွက် လိုအပ်နေသော လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ပြည်တွင်း၊ ပြည်ပ လုပ် ငန်းရှင်များကို အားပေးဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) က သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က “ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းမျိုးတွေမှာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ဖို့ မျှော်လင့်ပါတယ်။ တိုင်းပြည်ကလည်း အားပေးသလို သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကလည်း နည်းမယ် ဆို ရင် လုပ်ငန်းစဉ်များသော်လည်း လျင်မြန် မြန်ဆန်တဲ့ လုပ်ငန်းဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဘယ်လုပ်ငန်းမဆို ကျနော်တို့က အား ပေးသွားမှာ ဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ တိုင်းပြည်အတွက် လိုနေတဲ့ လျှပ်စစ်ကဏ္ဍကို ဖြည့်ပေးမယ့် လုပ်ငန်းမျိုးကို အားပေးချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ လျှပ်စစ်ကဏ္ဍအတွက် လုပ်ငန်းများ ခွင့်ပြုပေးရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းသည့် လုပ်ငန်း မျိုးလည်း ဖြစ်စေအောင် ကြပ်မတ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ၂ ရက်က ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောခြင်း ဖြစ်သည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၂ လအတွင်း ထူးခြားချက်အနေနှင့် လျှပ်စစ်ကဏ္ဍတွင် ဟောင်ကောင် ကုမ္ပဏီ တခုကို အမေရိကန် ဒေါ်လာ ၄၃၉ သန်းကျော်ရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂ ခု ခွင့်ပြုပေးခဲ့ကြောင်း DICA စာရင်းများ အရ သိ ရသည်။
ဦးသန့်စင်လွင်က “လုပ်ငန်းကတော့ ဟောင်ကောင် ကုမ္ပဏီ CNTIC Vpower သာကေတမှာ စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ ကနေ လျှပ်စစ်ပေးမယ့် လုပ်ငန်း ဖြစ်ပါတယ်။ ၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ်။ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၃၆၃ သန်း ဖြစ် တယ်။ ရန်ကုန်မြို့ကို အမြန်ဆုံး ၄၀၀ မဂ္ဂါဝပ်ကို ပေးနိုင်ဖို့ ဖြစ်တယ်။ လျှပ်စစ်၊ အမြန်ဆုံး ပေးလို့ရအောင် လုပ်ပေးမယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီကုမ္ပဏီကပဲ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် ရင်းနှီးမြှုပ်နှံမှု ပမာ ဏ ဒေါ်လာ ၁၄၀ သန်းကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကတော့ ဒီတပတ်ရဲ့ ထူးခြားတဲ့ တိုင်းပြည်အတွက် အခြေနေကောင်း များကို တင်ပြပေးခြင်း ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
လတ်တလော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မျက်စိကျနေသော လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ၊ လျှပ်စစ်ကဏ္ဍ ပါဝင်သော ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ပြီး ယင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်သာနေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအေးကျော်ကျော်က “ကျနော်တို့ မြန်မာ နိုင်ငံအတွက် ကမ္ဘာ့ဘဏ်တို့ DICA တို့ဆီက လာတာပေါ့နော်။ လျှပ်စစ်ကဏ္ဍမှာ နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံနဲ့ ၃ ဘီလီယံ လောက် ရင်းနှီးမြှုပ်နှံမှု လုပ်ရမယ်။ ဒါက နောက်ဆယ်နှစ်လောက် သက်တမ်းလုပ်မှ တခြား အိမ်နီးနားချင်းတွေနဲ့ အမီ လိုက်နိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီ ရင်းနှီးမြှုပ်နှံမှုတွေက ကြိုဆိုရမှာ ဖြစ်တယ်။ လျှပ်စစ်ကဏ္ဍ အတွက် ရင်းနှီး မြှုပ်နှံဖို့ တန်းစီနေတာ အများကြီး ရှိတယ်။ ကျနော်တို့တွေက အကြောင်းကြောင်းကြောင့် နှေးနေတာ” ဟု ဧရာဝတီသို့ ပြော သည်။
ဆက်လက်၍ ၎င်းက “ဘာကြောင့် နှေးနေတာလည်း ဆိုတော့ အရင်တုန်းကဆို ကျနော်တို့ ဓာတ်အားခတွေက နိုင်ငံ တကာနဲ့ ယှဉ်ရင်၊ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေတယ်။ အခုတော့ မြှင့်ထားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူကို ပိုပြီးတော့ ခေါ်နိုင်တဲ့ သဘော ပုံစံမျိုး ရှိတယ်”ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စု စုစုပေါင်း ၁၀ သန်းကျော် ရှိသည့်အနက် ၂၀၁၉ စက်တင်ဘာထိ အိမ်ထောင်စုပေါင်း ၅ သန်းကျော် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီဖြစ်ရာ လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်း အထိ ရရှိအောင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း လျှပ် စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်း ဓာတ်အားခွဲစက်ရုံ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
ယခင်က အိမ်သုံး မီတာခ နှုန်းထားများကို ၁ ယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ် ငန်း၊ စက်မှု လုပ်ငန်းသုံး အတွက် ၁ ယူနစ်လျှင် အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ်အထိ ကောက်ခံနေရာမှ ဇူ လိုင်လမှ စတင်ကာ နှုန်းထားအသစ် ဖြစ်သော ၁ ယူနစ်လျှင် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုးအစား အတွက် ၁ ယူနစ်လျှင် ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ အသီးသီး ပြောင်းလဲ ကောက်ခံခဲ့သည်။
နိုဝင်ဘာလအတွင်း ကျင်းပသည့် MIC ၏ (၁၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး၌ လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍတို့မှ လုပ်ငန်း ၅ ခုခွင့်ပြုခဲ့ပြီး လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၀၃ ဒသမ ၉၄၀ သန်းနှင့် ကျပ်ငွေ ၂၆,၅၂၃.၀၀၀ သန်း ရှိကာ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း DICA စာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၅၀ မှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ယင်းတို့အနက် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ရာခိုင်နှုန်းကျော် ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ရာခိုင်နှုန်းကျော်ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ရာခိုင်နှုန်းကျော်ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။
တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် ၂၀၁၉ တွင် အမြင့်ဆုံးဝန်အား ၃၇၉၈ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သုံး စွဲနိုင်မည် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွက် ၄၅၃၁ မဂ္ဂါဝပ်အထိ တိုးမြင့်လိုအပ်လာမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန က ခန့်မှန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
စီးပွားရေး တိုးတက်ရန် လျှပ်စစ်ကဏ္ဍ တနှစ် ဒေါ်လာ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုဟု ကမ္ဘာ့ဘဏ် ဆို
လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ
ယခုနှစ်ကုန် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းထိ ရရှိရေး ကြိုးပမ်းနေ