အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ကိုယ်တိုင် ဦးဆောင်ကာ သွားရောက် ဖြေရှင်းရန် ဆောင်ရွက်မှုနှင့် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆို ထောက်ခံကြောင်း မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ)၊ ဥက္ကဋ္ဌ ဦးလှဝင်းက ပြောသည်။
တရားစွဲမှုအား ကြားနာစစ်ဆေးရာတွင် ICJ တရားရုံးအနေဖြင့် မှန်ကန်မျှတမှုရှိစွာ ဆုံးဖြတ်မည်ဟု ဆုတောင်းမျှော်လင့်ကြောင်း မ.အ.ဖ ဌာနချုပ်က နိုဝင်ဘာ ၂၈ ရက်နေ့ရက်စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။
ဦးလှဝင်း က “ကျနော်တို့က နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မပါဘဲ အမျိုးသားရေးကိစ္စ တခုတည်းအနေနဲ့ သဘောထား ထုတ်ပြန်တာပါ၊ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းတဲ့အခါ တပ်မတော်ဘက်က ပူးပေါင်းမယ့်ကိစ္စဟာ အင်မတန်တန်ဖိုးရှိတဲ့ အခြေအနေဖြစ်လို့ ထောက်ခံပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့ဝင် နိုင်ငံများကိုယ်စား ICJ တွင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သဟိဂ်မြို့တွင်း ကြားနာစစ်ဆေးမှုပြုလုပ်မည်ဖြစ်သည်။
အစ္စလာမ် ဘာသာရေးခေါင်းဆောင် တဦးဖြစ်သူ ဟာဂျီဦး အေးလွင်က “ဒီဖြစ်ရပ်ကနေ ဂဃနဏ ဖြေရှင်း နိုင်မယ်။ အပြည်ပြည်ဆိုင်ရာနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘော ဆန္ဒလေးတွေပြောပြမယ်ဆိုရင် တကယ်ပြစ်မှု ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ဖို့အတွက် အခြေအနေတွေက ပိုကောင်းလာနိုင်တယ်။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ဖော်ထုတ်နိုင်လေလေ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်က ကောင်း လာလေလေ ဖြစ်မှာပဲ” ဟု ပြောသည်။
မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ)အား ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက အသင်းအဖွဲ့မှတ်ပုံတင်ဖြင့် အသိအမှတ်ခဲ့ပြီး လက်ရှိတွင် လူမှုရေးနှင့် ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွင်လည်း မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ) အနေဖြင့် အိုလမာ–အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်(ဗဟို)၊ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့တို့နှင့်အတူ ပါဝင်လျှက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော
ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ