တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းနှင့် မြိတ်မြို့တို့ရှိ ကျွန်းစုများတွင် ခရီးသွားလုပ်ငန်းများ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် အတွက် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားလျက် ရှိကြောင်း ရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
ဦးသန့်စင်လွင်က“အရင်က ရှိပြီးသား ဖြစ်တဲ့ ရေလုပ်ငန်းတို့ သတ္တမိုင်းလုပ်ငန်းတို့အပြင် အခုနောက်မှ ပေါ်လာတော့ ခရီး သွားလာရေး ကဏ္ဍ ဖြစ်ပါတယ်။ ဒီကဏ္ဍက အိမ်နီးနားချင်း ထိုင်းနိုင်ငံကလည်း အလွန်စိတ်ဝင်စားနေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တနင်္သာရီတိုင်း ဒေသကြီးရှိ ခရီးသွား လုပ်ငန်း၊ ရေလုပ်ငန်းနှင့် သတ္တုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် အတွက် ရင်းနှီးမြှုပ်နံှမှု ဖိုရမ်ကို၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် မြိတ်မြို့ ပုလဲသန္တာ ခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
မြိတ်ကျွန်းစုရှိ ကျွန်းများကို လေယာဉ်ဖြင့် လည်ပတ်နိုင်သည့် လုပ်ငန်းလုပ်ရန်အတွက် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်က နိုဝင် ဘာလ ဒုတိယပတ်က လာရောက် ဆွေးနွေးမှုများ ပြုလုပ်၍ လုပ်ငန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် များကို DICA ရုံးသို့ E-mail ဖြင့် ပေးပို့ မေးမြန်းထားကြောင်း ၎င်းက ပြောသည်။
ဦးသန့်စင်လွင်က “ကျွန်းတွေကို လေယာဉ်နဲ့ ပတ်ကြည့်တဲ့ လုပ်ငန်းလုပ်ဖို့ ပြီးခဲ့တဲ့ တပတ်ကပဲ ကျနော့်ဆီကို ဆက်သွယ် လာပါတယ်။ တနင်္သာရီတိုင်းမှာ ကျွန်းပေါင်း ဘယ်လောက်ရှိလဲ၊ လမ်းပေါင်း ဘယ်လောက်ရှိလဲ၊ လေယာဉ်ပျံက ဘာအမျိုး အစား ဆင်းလို့ရလဲ၊ ကျွန်းတွေ ပိုင်ရှင်က ဘယ်လိုပုံစံမျိုးလဲ။ နောက်တခါ ဟိုတယ်တွေ ဘာလုပ်ငန်းမျိုးတွေ ထပ်လုပ်သင့် လဲ ဆေးရုံ ရှိသလား ဆိုတာတွေ မနေ့ညကပဲ မေးမြန်းပါတယ်။ ဒါတွေကို ကျနော်တို့ စာရင်းပြုစုနေပါတယ်” ဟု ပြော ဆိုသည်။
ဆက်လက်၍ ၎င်းက “သူဖြစ်ချင်တာက တနင်္သာရီတိုင်းထဲမှာ ဒီထက်ပိုပြီးတော့ အတွင်းကျကျ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ သင်္ဘောများနှင့် ကျွန်းများ ကြည့်ရှုတဲ့ လုပ်ငန်းတွေ၊ ရေယာဉ်ပျံ (Seaplane) လုပ်ငန်းတွေ၊ အဲဒီလိုလုပ်ချင်တော့ သူ့လုပ် ငန်းက တအား ကြီးကျယ်တဲ့ လုပ်ငန်း ဖြစ်တယ်။ ဒါကြောင့် သူ့ဆီကလည်း ကျနော်က အချက်အလက်တွေ ပြန်တောင်း ရမယ်။ ကျနော့်ဆီကလည်း ပေးရမယ်” ဟု ရှင်းပြသည်။
လက်ရှိတွင်လည်း မြိတ်ကျွန်းစုသည် ပြည်တွင်းပြည်ပ ခရီးသွားလာမှု များသည့် ခရီးစဉ် တခုဖြစ်လာပြီး နောက်ပိုင်းတွင် လည်း အဓိက ခရီးစဉ် ဒေသတခု ဖြစ်လာနိုင်သည့် အလားအလာ အကောင်းဆုံး နေရာတခုလည်း ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် မြိတ်ကျွန်းစုသို့ ခရီးသွားဝင်ရောက်မှုဦးရေမှာ ၄ သောင်းခွဲကျော် လာရောက် လည်ပတ်ခဲ့သည့် အတွက် ယခုနှစ်တွင် ယင်းထက် ပိုမိုလာရောက် လည်ပတ်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာနက သိရသည်။
MT & K Tourism ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသက်ခိုင်က “အရင်းအနှီး အများကြီး ကုန်ကျမယ့်ဟာမျိုးကျတော့ ကျနော်တို့ နိုင်ငံက လုပ်ငန်းရှင်တွေက မလုပ်နိုင်ဘူး။ မြန်မာနိုင်ငံမှာ ခရီးသွားနဲ့ ပတ်သက်လို့ အများကြီး ရှိတယ်။ ထိုင်း နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်က လေယာဉ်နဲ့ ကျွန်းတွေကို ပတ်ကြည့်လို့ရတဲ့ လုပ်ငန်း လုပ်မယ်ဆိုတာ ကောင်းပါတယ်။ နိုင်ငံခြားသားထက် ကိုယ့်နိုင်ငံသားက လုပ်နိုင်ရင် ပိုကောင်းတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်းရှိ လုပ်ငန်းရှင်များ ထိုသို့ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်သေးသည့် အချိန်၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် မည်ဆိုလျှင်လည်း နည်းပညာများ ရရှိနိုင်မည် ဖြစ်သောကြောင့် ကြိုဆိုကြောင်း ၎င်းက ဆိုသည်။
ဦးသက်ခိုင်က ဆက်လက်၍ “တခုရှိတာက ကျွန်းတွေက သူ့ဟာနဲ့သူ ပိုင်ရှင် ရှိပြီးသားဖြစ်နေတယ်။ အရင် အစိုးရ အဆက် ဆက်ကတည်းကပေါ့။ အဲဒီတော့ နောက်လုပ်မယ့် သူတွေက သူတို့နဲ့ ရှယ်ယာတွေ ဘာတွေ ညိုပြီး လုပ်ရတာပေါ့။ အဲဒါ လေးတော့ စိန်ခေါ်မှုလေး ရှိလိမ့်မယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် တနင်္သာရီတိုင်း ဒေသကြီးသို့ ရင်းနှီးမြှုပ်နံှမှု ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်း ပေါင်း ၃၃၀၀ တန်ဖိုးရှိ ရေငံပုဇွန် မွေးမြူ ထုတ်လုပ်ရောင်းချရေး လုပ်ငန်း ၁ ခုသာ ဝင်ရောက်ထားကြောင်း DICA စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်-
ဝေဖန်မှုများ အတွက် ရှင်းစရာ မလိုဟု တနင်္သာရီတိုင်း ဝန်ကြီးချုပ် ပြော