စစ်ကိုင်းတိုင်း တမူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ နေအိမ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ရှာဖွေနေသော်လည်း နယ်စပ်ဒေသ ဖြစ်၍ တရားခံအား ဖမ်းမိရန် မလွယ်ကူဟု ကာယကံရှင်ဖြစ်သူက လွှတ်တော်ကိုယ်စားလှယ်က ဧရာဝတီသို့ပြောသည်။
NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သည် ၎င်း၏ မဲဆန္ဒနယ် တမူးမြို့နယ်တွင် အိန္ဒိယ အစိုးရကို တော်လှန်တိုက်ခိုက်နေသည့် ကသည်းသူပုန်များ တည်ရှိမှုသည် ဒေသ၏ တည်ငြိမ်မှုကို ထိခိုက်စေသဖြင့် ဖယ်ရှား ပေးရန် နေပြည်တော် အမျိုးသား လွှတ်တော်တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက မေးခွန်း ထုတ်ခဲ့ဖူးသူဖြစ်သည်။
“တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့တို့ မြန်မာ့တပ်မတော်တို့ဘက်ကလည်း အပူတပြင်း လိုက်ရှာ ဖမ်းဆီးကြမှာပါ။ ဒါပေမယ့် မမိဖို့ကတော့ ရာခိုင်နှုန်း ပိုများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နယ်စပ်လည်း ဖြစ်နေတဲ့အတွက် အခြေအနေတွေက ရှုပ်ထွေးနေတဲ့ အတွက်ကြောင့်ပါ”ဟု ဦးမောင်မောင်လတ်က ပြောသည်။
လက်ပစ်ဗုံးနှင့် အပစ်ခံရသည့် ယမန်နေ့ ည ၇ နာရီခန့်က ၎င်း၏ နေအိမ်တွင် ညီမဖြစ်သူနှင့် အမေတို့သာ ရှိကြောင်း၊ ၎င်းမှာ နေပြည်တော်သို့ လွှတ်တော်တက်ရန် ရောက်နေကြောင်း၊ ဆိုင်ကယ်စီးလာသည့် လူနှစ်ဦး လက်ပစ်ဗုံး ၁လုံး အိမ်ခြံဝင်း အတွင်းသို့ ပစ်သွင်းခဲ့သည်ကို သိလျှင်သိခြင်း တမူးခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သူက ရှင်းပြသည်။
လက်ပစ်ဗုံးမှာ စနက်တံ ပြုတ်နေခဲ့သော်လည်း သံချေးတက်နေသဖြင့် ပေါက်ကွဲမှု မရှိခဲ့ကြောင်း၊ ဗုံးရှိနေသည့် နေရာသို့ သက်ဆိုင်ရာများ ညတွင်းချင်း ရောက်ရှိခဲ့ကြောင်း၊ တရားခံများကို ဖမ်းဆီး ရမိရေး လိုက်လံဆောင်ရွက်နေကြောင်း လည်း ဆိုသည်။
၎င်းက“အားလုံးလည်း ရှင်းသွားပြီ စိတ်မပူပါနဲ့လို့ ပြောတယ်။ တရားခံကို ဖမ်းဆီးရမိဖို့လည်း တာဝန်ရှိသူတွေက အပူ တပြင်း လိုက်လံ ဆောင်ရွက်နေပါတယ်လို့ ပြောတယ်။ တမူးမြို့မှာက ပေါက်ကွဲမှုတွေက မကြာခဏ ဆိုသလို ဖြစ်တတ်ပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်တိုင်းလည်း တရားခံကို ဖမ်းဆီးရမိမှု မရှိပါဘူး။ ဒါကြောင့် ဘယ်လိုတွေ ဆက်စပ် နေသလဲ ဆိုတာလည်း အင်မတန် ပြောရခက်ပါတယ်”ဟု ပြောသည်။
တမူးဒေသတွင် လုံခြုံရေးအရ တည်ငြိမ်မှု မရှိဖြစ်နေခြင်းမှာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ စတင်၍ ဝင်ရောက်လာသည့် လက်နက်ကိုင်များကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့ ရောက်လာသည့် အချိန်မှစ၍ ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က တာဝန်ယူရမည် ဖြစ်ကြောင်း ဦးမောင်မောင်လတ်က ပြောသည်။
“ဒါတွေကို ထိန်းသိမ်း ဖယ်ရှားပေးဖို့ အမျိုးသား လွှတ်တော်မှာ မေးခဲ့တာ ရှိပါတယ်။ တမူးမှာ အခြေစိုက်တဲ့ ကသည်း လက်နက်ကိုင် အရေအတွက် နည်းသွားတယ်လို့ ယူဆရပေမယ့် သူတို့နေတဲ့ အိမ်တွေမှာတော့ အစောင့်တယောက်၊ ၂ ယောက်နေတာလေးတွေ ရှိပါတယ်။ အဲဒီအိမ်မှာလည်း ပေါက်ကွဲမှု ဖြစ်တာဆိုရင် ၂၀၁၉ မှာကို ၂ ကြိမ်ဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက “အခုဖြစ်တဲ့ ကိစ္စမှာ တော့ လက်ပစ်ဗုံးနဲ့ ပစ်ပြီးတော့ ပြေးတာပေါ့။ လက်ပစ်ဗုံးကတော့ ဒီပြင် တနိုင်ငံက လုပ်တဲ့ လက်ပစ်ဗုံးပဲ။ ၉၁ အမျိုးအစားလို့ သိရတယ်”ဟု ပြောသည်။
တပ်မတော်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကား ကျေးရွာရှိ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ္ပလန် NSCN-K ၏ ဗဟိုဌာနချုပ် တကား စခန်း ကို တပ်ရင်း ၆ ရင်း အင်အား ၄၀၀ ကျော်ဖြင့် ဝင်ရောက်၍ ထိန်းချုပ်ခဲ့ပြီး ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ သူပုန်များကို လက်ခံထားသဖြင့် နာဂတို့၏ ဌာနချုပ်ကို ထိန်းချုပ်ရခြင်း ဖြစ်ကြောင်း တပ်မတော်က အကြောင်းပြခဲ့သည်။
NSCN-K အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် ချုပ်ဆိုခဲ့သည့် ငြိမ်း ချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက်အရ နာဂဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီကြသည့် တကားဒေသ၌ ခေတ္တ အခြေပြု နေထိုင်ခွင့် ပေးထားသည့် အဖွဲ့ တခု ဖြစ်သည်။
“ဒီအဖွဲ့ တွေအနေနဲ့က သူတို့ရဲ့ စခန်းတွေ နေရာတွေကို တပ်မတော်က ထိန်းချုပ်လိုက်တဲ့အတွက်ကြောင့် သူတို့ ရတဲ့နေရာတွေမှာ ခိုအောင်းနေတဲ့ သဘောရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ပြောလိုတာက ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှု အရေးကြီးပါတယ်။ မသင်္ကာတာ တွေ့ရင် တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ၊ နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ကသည်း လက်နက်ကိုင်များသည် မြန်မာအစိုးရကို ခုခံ တိုက်ခိုက်နေသူများ မဟုတ်သော်လည်း အိန္ဒိယ စစ်တပ် နှင့် မြန်မာ့ တပ်မတော်ကြား တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်နေရသည့် လုပ်ငန်းများ ရှိကြောင်း၊ မြန်မာ့ တပ် မတော်၏ မူဝါဒအရ အိမ်နီးချင်းနိုင်ငံကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့ကိုမဆို လက်ခံမည် မဟုတ်ကြောင်း တပ်မတော်က ပြောသည်။
“ဟိုဘက်နိုင်ငံကနေ ဒီဘက်ကို ကူးပြီးနေတာမျိုးတွေ ရှိတယ်။ တောတောင်ထူထပ်တဲ့ နေရာမျိုးတွေလည်း ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖော်ထုတ်တွေ့ရှိရတဲ့အတွက် ကျနော်တို့ အနေနဲ့ ပြန်လည်ပြီးတော့ ထိန်းချုပ်တာတွေ လုပ်နေတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အိန္ဒိယ အစိုးရကို တော်လှန်နေသည့် ကသည်းသူပုန်များသည် အိန္ဒိယ-မြန်မာ နယ်စပ်အနီး ချင်းပြည် နယ် တမူးနှင့် တွန်းဇန်မြို့နယ်များရှိ ကျေးရွာများတွင် အတားအဆီးမရှိ ဝင်ထွက်သွားလာနေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့်လည်း မထိန်းကွပ်နိုင်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှု ဝန်ကြီး ဦးစိုးထက်က ထုတ်ဖော်ပြောဆိုဖူးသည်။
အလားတူ ချင်းပြည်နယ် တွန်းဇံမြို့ တွီးဗျာလ်ဇန် ကျေးရွာမှ မူလတန်းပြ ဆရာမတဦးကို မဏိပူရ် ကသည်းလူမျိုး ဘိနော့ဆိုသူက သေနတ်ဖြင် ပစ်သတ်ခြင်းက အစပြုခဲ့ပြီး၊ ချင်းပြည်နယ်တွင် လာရောက်အခြေချနေသည့် ကသည်းသူပုန်များကို ဖယ်ရှားပေးရန် ချင်းတိုင်းရင်းသားများက ဒီဇင်ဘာ ၁ရက်နေ့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အခြေစိုက်လှုပ်ရှား၍ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသည့် အာသံနှင့် ကသည်း သူပုန်အဖွဲ့ဝင် ၂၄ ဦးကို ခန္တီးခရိုင်တရားရုံးက ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ဖူးသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်
တွန်းဇံ၌ ကျောင်းဆရာမတဦးကို ပစ်သတ်သွားသည့် တရားခံအား လိုက်လံ ဖမ်းဆီးနေ