ဗစ်တိုရီးယား အမှုတွင် သံသယတရားခံ အဖြစ် တရားစွဲ ဆိုခံထားရသည့် အောင်ကြီး အနေဖြင့် ပြစ်မှုကျူးလွန်ရန် အခွင့်အရေး မရရှိနိုင်ကြောင်း Wisdom Hill မူကြိုကျောင်းကြီးကြပ်ရးမှူး ဒေါ်ဥမ္မာလှိုင် က ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။
ဒေါ်ဥမ္မာလှိုင် က “အောင်ကြီးသည် ဇ (၁၄) အဆောင်ရှိ ဧည့်ခန်းမတွင် ထိုင်နေစဉ် ကလေးအား လိင်အကြမ်းဖက်မှု အချိန် နှင့် အခွင့်အရေး မရရှိနိုင်ဟု ဆိုရင် မှန်ပါသည်” ဟု တရားခွင်အတွင် ဒေါ်စုဒါလီအောင်၏ အပြန်အလှန်မေးခွန်း မေးမြန်း စဉ် ယင်းသို့ ထွက်ဆိုသည်။
ယနေ့ ၁၂ ကြိမ်မြောက် ရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆ ရာမ ၂ ဦးကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆရာမ ၃ ဦးစလုံး၏ ထွက်ဆို ချက်များမှာ ကျောင်းအတွင်း၌ အောင်ကြီးသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မပြုလုပ်ကြောင်းကို တရားခွင် ထွက်ဆိုချက်များ အရ သိရသည်။
အမှု စတင်ဖြစ်ပွားသည့် မေလ ၁၆ ရက်နေ့ က အောင်ကြီးအနေဖြင့် ကျောင်းသို့ရောက်ရှိချိန်တွင် ဒေါ်ဥမ္မာလှိုင် အနေဖြင့် ကျောင်းခန်းအပြင်တွင် မစောင့်ခိုင်းဘဲ ကျောင်းဆောင်အတွင်း ဧည့်ခန်းသို့ခေါ်၍ထိုင်ခိုင်းရခြင်းမှာ အပြင်တွင်နေပူသည့် အတွက်ဖြစ်ကြောင်း၊ အောင်ကြီးအနေဖြင့်လည်း ဧည့်ခန်းဆိုဖာတွင် ထိုင်မြဲထိုင်နေသည်ကိုမြင်တွေ့ရကြောင်း တရားခွင် တွင် ထွက်ဆိုခဲ့သည်။
ထို့ပြင်အောင်ကြီး ကျောင်းသို့ရောက်ရှိချိန်သည် ကလေးများလာကြိုချိန်ဖြစ်ပြီး၊ လူဝင်လူထွက် များသည့် အချိန် ဖြစ် ကြောင်း၊ ဗစ်တိုးရီးယား ကျောင်းမှ ဖယ်ရီဖြင့် မပြန်မှီ ကိုအောင်ကြီးသည် ရဲအုပ်ရန်နောင်စိုး (ဒေါ်ဥမ္မာလှိုင်၏ ခင် ပွန်းဖြစ်သူ) ၏ ကားဖြင့် ဗစ်တိုးရီးယားထက် စော၍ ကျောင်းမှ ထွက်ခွါခဲ့ကြောင်း အစရှိသည်တို့ကို ဒေါ်ဥမ္မာလှိုင်က တရားခွင်အတွင်း ထွက်ဆိုသည်။
ယင်းအမှုတွင် သံသယ တရားခံအဖြစ် အောင်ကြီး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် က “ကိုအောင်ကြီးက မသမာ မှုကျူးလွန်စရာ အခြေအနေမရှိပါဘူး လို့သူပြောသွားတယ်” ဟု သတင်းထောက်များကို ပြောသည်။
ထို့ပြင် ယနေ့ တရားခွင်အတွင်း ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမ၂ ဦး၏ ထွက်ဆိုချက်များအရ သံသယတရားခံအဖြစ် တရားစွဲဆိုခံထားရသည့်အောင်ကြီး အနေဖြင့် အမှုအား ကျူးလွန်နိုင်ခြင်းမရှိသည်ကို ထွက်ဆိုခဲ့ကြောင်း တရား လွှတ်တော်ရှေ့နေဦး ခင်မောင်ဇော်က ဆက်ပြောသည်။
အောင်ကြီး၏ ဖခင်ဖြစ်သူ ဦးမြသိန်း က “အောင်ကြီးမှာ ပထမ စစ်တည်းက သက်သေက ခိုင်လုံမှုလည်း မရှိဘူး။ ညှိစွန်း မှုလည်း မရှိတဲ့ အတွက် အခုလောက်ကြာတဲ့ ၇ လအတွင်းမှာ ကျနော့်သားသည်အာမခံ ရမှုအပြင် လွတ်စေချင်နေပါပြီ။ ကျနော့်သားလုပ်တာ မဟုတ်တဲ့ အတွက်ကြောင့်လည်း အမြန်ဆုံး လွတ်စေချင်နေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ရဲတပ်ဖွဲ့က သံသယ တရားခံ အဖြစ် မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီး ကို ဇူလိုင် ၄ ရက်က ဒက္ခိဏခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရား စွဲတင်ခဲ့ခြင်း ဖြစ်သည်။
ဗစ်တိုးရီးယားအမှု၏ ၁၃ ကြိမ်မြောက်ရုံးကို လာမည့် ဒီဇင်ဘာ ၁၈ ရက်သို့ချိန်းဆိုလိုက်ပြီး ၁၇ ရက်နေ့တွင် ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ ပျောက်ဆုံးသွားသည့် CCTV Hard- Disk အတွင်းမှ ဖိုင်များ ပြန်လည်ရရှိရန်အတွက် အိုင်တီကျွမ်း ကျင်ပညာရှင်များနှင့် ပေါင်းစပ်၍ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးမှ သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်းသူလေး ဗစ်တိုးရီးယား မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
You may also like these stories:
ဗစ်တိုးရီးယားအတွက် အမှန်တရားရရှိရေး နောက်ဆုတ်မည်မဟုတ်ဟု ဖခင်ပြော
ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို
Wisdom Hill မှ တင်သည့် သက်သေခံ CCTV မှတ်တမ်းတွင် ဖိုင်များ မပါလာ ဟုဆို
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်