တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ ကျောထောက်နောက်ခံပြုထားသည့် တစ်သျှူးငှက်ပျောစိုက်ခင်း လုပ်ငန်းများ ကချင် ပြည်နယ်တွင် အလွန်များပြားလာပြီး ဒေသခံများ၏ လူမှုဘဝ လုံခြုံမှုကိုပါ ခြိမ်းခြောက်လာသဖြင့် ယင်းလုပ်ငန်းများ အား ထိန်းချုပ်နိုင်ရေး အဆိုတခုကို ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘော တူသည်။
ကချင်ဒေသတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးမှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိခြင်း၊ မြေယာပြဿနာများ၊ အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်း၊ တရုတ်ကုမ္ပဏီများ လက်အောက်သို့ မြေဧက ထောင်ချီ၍ ကျရောက် သွားခြင်း စသည့် ဆိုးကျိုးများ ရှိနေကြောင်း ဒေသခံများ ပြောဆိုလာသည်မှာ ကြာပြီ ဖြစ်သလို ဒေသဆိုင်ရာ အာဏာ ပိုင်များကလည်း ယခုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် နောက်ပိုင်းတွင် ကြိုးစားလာသည်။
ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ကချင်ဒေသ၌ တရုတ် တစ်သျှူးငှက်ပျောများကို စည်းကမ်းတကျ ထိန်းချုပ်နိုင်ရန်၊ ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားမြစ်နိုင်ရန်၊ ရသင့်သည့် အခွန်ဘဏ္ဍာများ ရရှိစေနိုင်ရန် ဌာနဆိုင်ရာ အားလုံး ဟန်ချက်ညီညီ ပါဝင်ရေး အစိုးရကို တိုက်တွန်းကြောင်းအဆိုတခုကို ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက တင်သွင်းခဲ့သည်။
ဒေါက်တာ ခွန်ဝင်းသောင်း “ဒီအဆိုကို မဲခွဲလို့ နိုင်ခဲ့ရင် အခုလောလောဆယ်မှာ တစ်သျှူးငှက်ပျော ဆက်မစိုက်ရဘူးလို့ တားမြစ်ထားပေးမယ့် ဆက်မစိုက်ဘဲ အဟောင်းတွေကို အစားထိုး စိုက်နေတာ ရှိတယ်။ အဲဒါကြောင့် အောက်ခြေ မှာ လယ်သမားတွေ ခံနေရတာတွေ ရှိနေတယ်။ အဲဒါကြောင့် လွှတ်တော်ကနေ ဖိအားလေးပေးလိုက်ရင် ဌာနဆိုင်ရာ တွေက ကြပ်ကြပ်မတ်မတ်လေး လုပ်ခဲ့ရင် အောက်ခြေမှာ ခံစားနေရတာတွေ လျော့သွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံ တနိုင်ငံလုံး၏ ငှက်ပျောသီး စားသုံးမှု ပြည့်မီရန် ငှက်ပျောစိုက်ဧက ၁၂ သိန်းခန့် လိုအပ်ပြီး ယခုအခါ တ ရုတ်နိုင်ငံအတွက် ပြည်တွင်းပြည်ပတွင် စိုက်ဧကပေါင်း ၅ သိန်းဝန်းကျင်သာ ရှိသေးရာ ယင်းလိုအပ်ချက်ကို ဖြည့် ဆည်းရန် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်မှု လုပ်ထားရန် ဒေါက်တာ ခွန်ဝင်းသောင်းက အမျိုးသား လွှတ်တော်တွင် အကြံပြုသည်။
ထို့ပြင် တရုတ်လိုင်စင် မှတ်ပုံတင်ထားသည့် တစ်သျှူးငှက်ပျောတင် ကားကြီးများသည် နှစ်စဉ် အစီးရေ ထောင်၊ သောင်း ချီ၍ နယ်စပ်ထွက်ပေါက်မှ သယ်ပို့နေကြသဖြင့် တံတားများ၏ ပျက်စီးမှု အန္တရာယ်၊ ရသင့်သည့် ဘဏ္ဍာ အခွန်များ မှန်မှန်ကန်ကန် ရရှိရန်အတွက် ဥပဒေနှင့်အညီ ရင်းနှီးမြုပ်နှံလာရန် ဆောင်ရွက်ရမည်ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။
“အခုက အရပ်သားစကားနဲ့ ပြောမယ်ဆိုရင် နောက်ဖေးပေါက်ကနေ ဝင်နှိုက်သလို ဖြစ်နေတယ်။ တရုတ်တွေ လုပ်တယ် ပြောပေမယ့် နာမည်က ဒီဘက်က လူတွေက ခံထားတာ။ နောက်လည်း ထပ်လာဦးမှာဆိုတော့ ကိုယ်တွေ လက်မခံလို့ မောင်းထုတ်လိုက်ရင် သူများတိုင်းပြည်က Welcome လုပ်နေတာကိုး။ လာအိုက အရမ်း ဖိတ်ခေါ်နေတာ” ဟု ဒေါက်တာ ခွန်ဝင်းသောင်းက ပြောသည်။
တချို့သော လုပ်ငန်းရှင်များသည် ဒေသခံ တောင်သူများ၏ လယ်ယာမြေများကို ငှားရမ်းခြင်း၊ ကျူး ကျော်ခြင်း၊ နည်းလမ်းမျိုးစုံသုံး၍ စိုက်ပျိုးလာခဲ့သည်မှာ ဆယ်စုနှစ် တခုမက ကျော်လွန်လာခဲ့ပြီဟု ဆိုကြသည်။
ကချင်ပြည်နယ် ဝိုင်းမော်ဒေသခံ ဦးဒေါ့တန်ဂွန်းက“တစ်သျှူးငှက်ပျောတွေက ကိုယ့်မြေ မလုပ်စားနိုင်တဲ့ မြေလွတ် မြေရိုင်းတွေကို ငှားတာပေါ့။ ဒါကြောင့် ထိခိုက်တာလည်း ရှိမှာပေါ့။ ဘယ်လောက်ထိခိုက်လဲဆိုတာတော့ မသိနိုင်ဖူး ပေါ့။ ဒီလို လုပ်ငန်းမျိုးကို သူတို့ လာလုပ်တဲ့အတွက် တချို့လည်း အဆင်ပြေတာပေါ့။ လမ်းပန်း ဆက်သွယ်ရေး ကောင်းသွားတာ ရှိတယ်။ တချို့က ဝင်ငွေ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုကိစ္စတွင် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိပြီး ဆိုးကျိုးမှာ သုံးသည့် ပိုးသတ်ဆေး အာနိသင်မှာ အလွန်ပြင်းသဖြင့် ငါးမျိုးများ သေဆုံးကြောင်း၊ ယင်းပိုးသတ်ဆေးမှာ မြန်မာပြည်တွင် စစ်ဆေးမည့်သူ မရှိသဖြင့် မှောင်ခိုများစွာ ဝင်နေကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်တို့က ကိုယ်တိုင် မလုပ်နိုင်တဲ့ သက်ကယ်တောကိုတော့ ၃၊ ၄ ဧကတော့ ပေးထားတယ်။ စိုက်တာက ကျနော်တို့ ဝိုင်းမော်မြို့နယ်ထဲမှာ အများဆုံးပဲ။ ဈေးကွက်ကလည်း ကျနော်တို့လည်း မသိဘူး။ တရုတ်တွေ လာစိုက်ပြီးတော့ တရုတ်ပြည်ကိုပဲ နေ့ည လာသယ်သွားတာ ရှိတာပေါ့။ တခါတည်း ဒီမှာ ထုတ်ပိုးပြီးတော့ သယ်သွားကြတာ”ဟု ဦးဒေါ့ တန်းဂွန်က ပြောသည်။
တရုတ်များသည် မြေများကို အနည်းဆုံး ၆ နှစ်စာချုပ်ဖြင့် ငှားရမ်းကြပြီး တနှစ်၊ ၂ နှစ်စာ ငွေချေကြောင်း၊ တနှစ်လုံး ငှားရမ်းပါက တောထဲမှာ မြေဆိုလျှင် တဧက ကျပ် တသိန်းရှစ်သောင်း ရပြီး လက်ရှိ လုပ်ကိုင် စားသောက် နေသည့် မြေဖြစ်ပါက တဧက ကျပ် ၄ သိန်း အထိ ရကြောင်း ဒေသခံများက ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက “ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတာပေါ့။ လက်မခံလို့လည်း မရဘူး။ အခုလတ်တလောမှာ ဌာနဆိုင်ရာ မြေစာရင်းတွေက မြေလွတ်မြေလပ်တွေဆိုပြီး ချပေးနေ တာပဲ။ လယ်သမားတွေက ကိုယ့်ခြံ၊ ကိုယ့်မြေတွေ ပါသွားတာ မသိကြဘူး။ စာရင်းအရ ကြည့်မယ် ဆိုရင် မြေလွတ်မြေရိုင်း တွေပဲ။ အဲလိုသာ ဆက်ဖြစ်နေရင် ဒီပြဿနာတွေက ပြီးမှာမဟုတ်ဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလကလည်း ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့တွင် ဥပဒေနှင့်မညီဘဲ တစ်သျှူးငှက်ပျောများ စိုက်ပျိုးနေသည့် ပုဂ္ဂလိကကုမ္ပဏီတခုကို အရေးမယူဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနှင့်အညီ တရားဝင် မြေလျှောက်ခွင့် ပြုခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။
ဒေသခံတချို့ကမူ ကချင်ဒေသတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကိုလည်း လက်မခံကြဘဲ ယင်းစိုက်ခင်များကြောင့် အိမ်မွေး တိရိစ္ဆာန်များ ထိခိုက်ခြင်း၊ ၎င်းတို့သုံးစွဲသည့် တရုတ်နိုင်ငံထုတ် ဆေးများကို ကြောက်လန့်ခြင်းနှင့် မြေဆီလွှာများ ပျက်စီးမည်ကို စိုးရိမ်လျက်ရှိသည်။
ကချင်ပြည်နယ်တွင် စတင်ခဲ့သည့် တရုတ်တစ်သျှူး ငှက်ပျော စိုက်ပျိုးသည့် လုပ်ငန်းများသည် တစနှင့်တစ ပိုမို ကျယ်ပြန့်လာနေပြီး ယခုအခါ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များအထိ ယင်းငှက်ပျောများ စိုက်ပျိုးနိုင် ရေး ကြိုးပမ်းမှုများ ရှိလာကြောင်း သတင်းရရှိသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဗန်းမော်ခရိုင်ရှိ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေများ ပြန်လည်စစ်ဆေးတော့မည်
ဥပဒေ ချိုးဖောက်သည့် ငှက်ပျောစိုက် ကုမ္ပဏီကို အရေးမယူဘဲ တရားဝင် မြေလျှောက်ခွင့်ပြု