မကွေးတိုင်း အောင်လံမြို့နယ်ရှိ ဒုရင်္ဂဗိုလ် သကြားစက်ရုံမှ ကြံများ ဝယ်ယူရာတွင် ယခင်နှစ်ထက် လျော့နည်းသော နှုန်း ထား သတ်မှတ် ဝယ်ယူမည့်အပေါ် ကြံစိုက်တောင်သူများမှ သက်ဆိုင်ရာသို့ တင်ပြသွားရန် စီစဉ်နေကြောင်း သိရသည်။
ယခင်နှစ် ကြံဈေးနှုန်းမှာ ၁ တန်လျှင် ၄၅၀၀၀ ကျပ် ဝယ်ယူပြီး ယခုနှစ်တွင်မူ ၃၈၀၀၀ ကျပ်ဖြင့် ဝယ်ယူရန် နိုဝင်ဘာလ ၃၀ ရက်က တရားဝင် ဈေးနှုန်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၁ ရက်က ကသစ်ကန် ကျေးရွာ ဓမ္မာရုံတွင် အောင်လံမြို့နယ်တွင်းမှ ကြံစိုက်တောင်သူများ ကိုယ်စား ကိုယ် စားလှယ် ၁၂၄ ဦး ပြုလုပ်ခဲ့သော အစည်းအဝေးတွင် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် မကွေးတိုင်း ဝန်ကြီးချုပ်တို့အား ကြံဈေး ပြန်လည် သတ်မှတ်ပေးရေး တင်ပြစာ ပေးပို့ သွားရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
ကလုံမှော် ကျေးရွာမှ ကြံစိုက်တောင်သူ ဦးစိုးတင့် က “ဒီဇင်ဘာ ၁၃ ရက်ဆို သူတို့ စက်ရုံ (ဒုရင်္ဂဗိုလ် သကြားစက်) စလည်ပတ်တော့မယ်လို့ စာပို့ထားပါတယ်။ အဲဒီနေ့ မတိုင် ခင်ကတည်းက ကြံစိုက်တောင်သူတွေ အားလုံး တညီတညွတ်တည်း ဘယ်သူမှ ကြံခုတ်၊ ကြံတင်တာတွေ မလုပ်ဖို့ ဆုံး ဖြတ်ထားပါတယ်။ ဒုတိယ အဆင့်ကတော့ ဈေးနှုန်း ပြန်ပြင် သတ်မှတ်ပေးဖို့ သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ၊ ကာကွယ် ရေး ဦးစီးချုပ်နဲ့ ဝန်ကြီးချုပ်ကို စာပို့မှာပါ” ဟု ဆိုသည်။
အဆိုပါ ဒုရင်္ဂဗိုလ် သကြားစက်မှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် ဖြစ်သည့် အတွက် တပ်မတော်၏ တာဝန်ရှိ သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သိရှိစေရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ လိပ်မူ၍ ပေးပို့ရခြင်းဖြစ် ကြောင်းလည်း ဦးစိုးတင့်က ဆက်လက် ပြောဆိုသည်။
ဦးစိုးတင့် က “ဒါနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သိစေချင်တာပါ။ ဒီစက်ရုံက ကာ ကွယ်ရေး ဦးစီးချုပ်ရဲ့လက်အောက်ခံ MEC လေ။ ဗိုလ်ချုပ်မှူးကြီး သိလို့ရှိရင် ပိုတိုးသွားလိမ့်မယ်။ တခြားစက်ရုံတွေ နည်းတူ ဈေးရလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ ဒီ ရက်ပိုင်းကို ပေးပို့သွားမှာပါ” ဟု ပြောသည်။
ကြံသီးနှံမှာ တနှစ်ပတ်လုံး စိုက်ပျိုးရသည့် သီးနှံဖြစ်ပြီး ၁ ဧကလျှင် တန်ချိန် ၂၀ မှ ၂၅ ကြား အများဆုံး ထွက်ရှိကာ စိုက် ပျိုးစရိတ်မှာ ၅ သိန်း နီးပါး ကုန်ကျကြောင်း သိရသည်။
အောင်လံမြို့နယ် ပြလို့ ကျေးရွာမှ ဦးဟန်ထူးဝင်း က “ကြံ (ပျိုးပင်) ၁ တန်ကို ၄ သောင်းခွဲ ရှိတယ်။ ၁ ဧကကို ၅ တန်ခွဲ ၆ တန်သွင်းရတယ်။ စက်ခုတ်တာက ထယ် ၁ ဧကကို ၂ သောင်း ၈ ထောင် ရှိတယ်။ ထယ်က ၅ ထယ် ပြန်ရတယ်။ အောက် ခံဆေး စိုက်တဲ့အချိန်မှာ ၁ လုံးခွဲ ထည့်ရတာ တလုံးကို ၄ သောင်း ၆ ထောင်။ မိုးတွင်းမှာ မြေသြဇာ ဘောင်လုံးတာ ၄ သောင်း ၆ ထောင် တအိပ်ထပ် ထည့်ရတယ်။ စိုက်တဲ့အချိန် အလုပ်သမား ၇ ယောက် လုပ်ရတယ် တယောက် ၅ ထောင် ပေးရတယ်။ နွား ၃ ရှင်းနဲ့ ၁ ရှင်းကို တမနက်ကို ၆ ထောင် ပေးရတယ်။ အားလုံးဆို ၅ သိန်းကျော်ကျော်လောက် ကုန်ကျ တယ်” ဟု စိုက်စရိတ်အကြောင်းကို ရှင်းပြ ပြောဆိုသည်။
ထိုသို့ ၃၈၀၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဆိုပါက ကြံစိုက်တောင်သူများ အရှုံးပေါ်မည် ဖြစ်ကြောင်း တောင်သူများက ဆိုသည်။
ကြံစိုက် တောင်သူ ဦးမျိုးဆွေလင်း ကလည်း “အခုလို ကြံပေါ်ချိန်မှာ ဈေးနှိမ်လိုက်တော့ ကျနော်တို့တွေက ဆုံးရှုံး နစ်နာတာ ပေါ့။ ကျနော်တို့ ကိုယ်တိုင် ကြိတ်ချင်ကြိတ်၊ မကြိတ်ချင်ရင် သူတို့ပေးတဲ့ ဈေးနဲ့ သွင်းချင်သွင်း၊ မသွင်းချင်ရင် (မြရွာ) နဝ ဒေး သွင်းပေါ့ ဒါပဲ ရှိတယ်။ ခုတ်ချိန် နောက်ကျတော့ ကြံရေတွေ အရည်ခမ်းတဲ့အပိုင်း ဖြစ်ပြီး အနှံတွေ ထွက်ကုန်ပြီ” ဟု ပြော သည်။
ကြံဈေးနှုန်း လျှော့ချ ဝယ်ယူမှုနှင့် ပတ်သက်၍ ဒုရင်္ဂဗိုလ် သကြားစက်မှ တာဝန်ရှိသူ စက်ရုံမှုးနှင့် ဒုစက်ရုံမှုး တို့အား ဖုန်း ဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။
ဒုရင်္ဂဗိုလ် သကြားစက်ရုံမှာ ပြည်မြို့နှင့် အောင်လံမြို့ကြားတွင် ရှိပြီး နှစ်စဉ် ကြံတန်ချိန် ၁ သိန်းကျော် သကြားချက်ရသည့် သကြားစက် ဖြစ်သည်။
အဆိုပါ စက်ရုံနှင့် မိုင်၂၀ ခန့်တွင် ပြည်မြို့နယ် မြရွာ နဝဒေး သကြားစက်ရှိပြီး အဆိုပါ သကြားစက်တွင် ကြံ ၁ တန်လျှင် ၄၅၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး ပေါက်ခေါင်းမြို့နယ် အင်ငါးဂွ သကြားစက်ရုံတွင်လည်း ၄၂၀၀၀ နှုန်းဖြင့် လက်ရှိ ဈေး ဖွင့်ထားကြောင်း သိရသည်။
ထိုသို့ ဈေးနှုန်းလျှော့နည်းသဖြင့် အခြား သကြားစက်ကိုသို့ သွားရောင်းမည် ဆိုပါကလည်း ကြိုတင် စာချုပ် ချုပ်ဆိုထား ခြင်း မရှိသဖြင့် အဆင်မပြေကြောင်း တောင်သူများက ဆိုသည်။
တောင်သူ ဦးစိုးတင့်က “စက်ရုံတွေက အစောကြီး စာချုပ်ထားတယ် ခင်ဗျ။ ဥပမာ ဦးဖြူက တန်ဘယ်လောက် ရောင်းမယ် ဆိုရင် ဦးဖြူပဲ ရောင်းရတယ်၊ ဦးနီ ရောင်းလို့ မရဘူး။ ကျနော်တို့ကတော့ စာမချုပ်ဘူး။ ကျနော်တို့က တခြားကို သွား ရောင်းလို့တော့ ရတယ်။ သူတို့စက်ရုံနဲ့ စာချုပ်ထားတဲ့ တောင်သူတွေကို အရင် ဦးစားပေးယူတာပါ။ စာမချုပ်ဘဲ သွား ရောင်းတဲ့လူတွေက စာချုပ်သမားတွေကုန်မှ လိုရင်လည်း ဝယ်ချင် ဝယ်တာမျိုးတော့ ရှိပါတယ်” ဟု ရှင်းပြသည်။