နိုင်ငံတော် အကြီးအကဲများ၏ ပြည်တွင်း ခရီးစဉ်များတွင် စီးနင်းနိုင်ရန် အနည်းဆုံး အမေရိကန် ဒေါ်လာ ၇ သိန်းကျော် တန်ဖိုးရှိသော တိုယိုတာ လင့်ခရူဇာ (ကျည်ကာကား) ၆ စီးကို အထူး ကုန်စည်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်များ ရရှိနိုင် ရေး အစိုးရက လွှတ်တော်သို့ တင်ပြတောင်းခံလိုက်သည်။
၎င်းမော်တော်ယာဉ် ၆ စင်းအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁၂၄၉ ဒဿမ ၉၈၈ သန်း ခွင့်ပြုထားရာ ယင်းကား ၆ စီး တင်သွင်းရာ တွင် ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုပေးရန် ယင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခြင်း ဖြစ်သည်။
“ဒီလို ဝယ်ယူခြင်းအားဖြင့် နိုင်ငံတော် အကြီးအကဲတွေရဲ့ ပြည်တွင်း ခရီးစဉ်များ သွားလာရာတွင် လုံခြုံစိတ်ချမှု ရှိစွာနှင့် အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ပြည် တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော် ဧည့်သည်တော်ယာဉ်အဖြစ် အသုံးပြုခြင်းစသည့် အကျိုးကျေးဇူး ရရှိနိုင်မှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။
နိုင်ငံတကာအမြင်အရ အရေးကြီးပုဂ္ဂိုလ်များအတွက် ၎င်းတို့ လုပ်ဆောင်ရသည့် လုပ်ငန်း တာဝန်ပေါ် မူတည်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြင့်တင်ရာတွင် ယခုလို ကားမျိုး လိုအပ်သော်လည်း ယခုအစိုးရသည် သက်တမ်း ပြည့်ကာနီး အချိန်ရောက်မှ ကျည်ကာကား ဝယ်ယူရန် စဉ်းစားသည်မှာ ဝေဖန်စရာ ဖြစ်နေကြောင်း သေနင်္ဂ အင်စတီကျူမှ ဒါရိုက် တာ ဦးသိန်းထွန်းဦးက ပြောသည်။
“လက်ရှိ အခြေအနေအရ ကျနော်တို့နိုင်ငံမှာ အကြီးအကဲတွေကို ကျည်ကာကားနဲ့ Cover ပေးပြီးတော့ သွားရ လောက်တဲ့အထိ အခြေအနေဆိုးနေသလား၊ အဲဒီလိုချည်းတော့ မဟုတ်ဘူး။ လုံခြုံရေးအမြင်အရ ကြည့်ရင် ဒီလောက်အထိ ဆိုးဆိုးဝါးဝါး အခြေအနေကြီး မဟုတ်တဲ့အတွက်ကြောင့် ဘဏ္ဍာရေးဘက်က ကြည့်မယ်ဆိုရင် လော လောဆယ် မလိုသေးဘူး”ဟု ၎င်းက ပြောသည်။
နိုင်ငံတော် အကြီးအကဲများ၏ လုံခြုံရေးသည် အထူး ဂရုစိုက်ရမည့် ကိစ္စတခု ဖြစ်ပြီး နိုင်ငံတော်အဆင့်ရှိ နိုင်ငံတကာမှ ပုဂ္ဂိုလ်များ လာရောက်ပါကလည်း ယင်းပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တတ်နိုင်သလောက် တာဝန်ယူပေးရမည် ဖြစ်၍ ကျည်ကာကားမှာ လိုအပ်ကြောင်း အာဏာရပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။
“လုံခြုံရေးဆိုတာက ဘယ်လိုခေတ်၊ ဘယ်လို အခြေအနေမျိုးမှာ မဆို ရှိကို ရှိရမယ့် ကိစ္စပါ။ နည်းနည်းလေး ပိုဂရုစိုက် ရမှာက ဒီမိုကရေစီ အသွင်ကူးပြောင်းနေစ နိုင်ငံတွေမှာ တခါတခါမှာ အစွန်းရောက် နိုင်ငံရေးကိစ္စမျိုးတွေ ရှိတတ် တယ်။ အစွန်းရောက် လူမျိုးရေးကိစ္စတွေ ခေါင်းထောင်ထတာမျိုးတွေ ရှိတတ်တယ်။ ပြည်သူက ရွေးချယ်ထားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးဟာ ပိုပြီးတော့ ဂရုစိုက်ရမယ်”ဟု ၎င်းက ပြောသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကမူ“အရေးတကြီး အလေးထားရမှာက ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေရဲ့ လုံခြုံရေး ဖြစ်ပါတယ်။ ခေါင်းဆောင်တွေထက် သီးသန့်လုံခြုံရေး ဆိုတာထက် နိုင်ငံ့ လုံခြုံရေးကို ဦးစားပေးပြီးတော့ အဲဒီလိုနေရာတွေမှာ နိုင်ငံ့ဘတ်ဂျက်ကို သုံးတာက ပိုပြီးတော့ ပြည်သူ့ဘက်က ရွေး ချယ်ထားတဲ့ ပြည်သူ့အစိုးရ ပီသမယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။
ရန်ကုန်မြို့မှ ကား Show Room ပိုင်ရှင် ၁ ဦးကမူ ယခုလို ကျည်ကာကားများသည် တန်ဖိုးကြီးလွန်းသဖြင့် အများ ပြည်သူ ဝယ်မစီးကြကြောင်း၊ ထို့ကြောင့် ဈေးကွက်ထဲတွင် အရောင်းအဝယ် မရှိသလောက် ရှားပါးကြောင်း၊ ယခုကား သည် အထူးတလည် ပြုလုပ်ထားသည့် ကားအမျိုးအစား ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီကားက အထူးတလည် ပြုလုပ်ထားတဲ့ ကားမျိုး ဖြစ်နေတယ်။ အားသာချက်ကတော့ လုံခြုံစိတ်ချရတယ်။ အကြမ်း အတမ်းခံတယ်။ အင်ဂျင်ပါဝါရော၊ Body ရော ကြီးတဲ့အတွက်ကြောင့် Speed ရော ဘာရော ပြောစရာ မလိုဘူး။ Safety အရပဲ ပြောပြော၊ Speed အရပဲ ပြောပြော အားသာချက်တွေ မြင့်မားတဲ့ကားပါ”ဟု အဆိုပါ ကားနှင့် ပတ်သက်ပြီး နားလည် ကျွမ်းကျင်သူက ပြောသည်။
ယခု ကျည်ကာမော်တော်ယာဉ် ၆ စီးကို ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုး ဈေးနှုန်းဖြင့် တိုက်ရိုက်မှာယူခြင်း ဖြစ်ကြောင်း၊ ဆိပ်ကမ်းအရောက် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ သိန်းကျော် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ လွှတ်တော်သို့ တင်ပြချက်အရ သိရသည်။
ယင်းကား ၆ စီးအတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ၄.၂၃၁၅ သိန်း ကျသင့်မည် ဖြစ်သဖြင့် ယင်းအခွန်ငွေများကို ကင်းလွတ်ခွင့် ရရှိရန် အစိုးရက လွှတ်တော်သို့ တင်ပြပြီး ခွင့်ပြုချက် တောင်းခံခြင်း ဖြစ်သည်။
အကြီးအကဲများအတွက် ဝယ်ယူမယ့် ကားများမှာ တိုရိုတာ လင့်ခရူဇာ အမျိုးအစားများ ဖြစ်ပြီး ၂၀၁၉ ခုနှစ်ထုတ် မော်ဒယ် ၄ စီးနှင့် ၂၀၂၀ ခုနှစ်ထုတ် မော်ဒယ် ၂ စီး ဖြစ်ကြောင်း သိရသည်။
ယခင် သမ္မတ ဦးသိန်းစိန်း အစိုးရ လက်ထက်က ကျည်ကာကားများ ဝယ်ယူခဲ့ဖူးကြောင်း သိရှိရသော်လည်း ကားအမျိုးအစားနှင့် အသေးစိတ်ကိုမူ မသိရှိရပါ။
“နိုင်ငံတော်က ဝယ်တဲ့ ပစ္စည်းတွေအတွက် ပုံမှန်အားဖြင့် အခွန်ဆောင်ရတယ်။ ဒါကို အခွန်လျော့ဖို့အတွက်ကို အစိုးရ က ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက် တောင်းရတယ်။ လွှတ်တော်က သဘော တူရင် ဆောင်ရွက်လို့ရတဲ့အတွက် ဝန်ကြီးဌာနက အခွန်ကင်းလွတ် ခွင့်တောင်းတာလို့ ထင်ပါတယ်”ဟု သံလျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များ တောင်းခံထားပြီး လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဆွေးနွေးကြမည် ဟု သိရသည်။
You may also like these stories:
နိုင်ငံ့အကြီးအကဲများ နိုင်ငံအပေါ်သစ္စာစောင့်သိရန် ဖွဲ့စည်းပုံတွင် အချက်တချို့ဖြည့်မည်ဟု တပ်မတော်ပြော
လိင်အကြမ်းဖက်ခံရသူ ကလေးငယ်အမှု နိုင်ငံ့အကြီးအကဲများ စောင့်ကြည့်နေ