လာမည့် နွေရာသီတွင် တနိုင်ငံလုံး လျှပ်စစ်မီး အပြည့်အဝ ရရှိရန် ဓာတ်အားပေး စက်ရုံ အသစ် ၇ ရုံမှ မဂ္ဂါဝပ် ၁၁၀၀ ကျော်ကို တိုးထုတ်နိုင်ရန် စီစဉ်ထားပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) က သိရှိသည်။
MOEE မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက “လာမည့် နွေရာသီ လျှပ်စစ်မီး လိုအပ်တဲ့ ဓာတ်အားကို အပြည့်အဝ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ပြုလုပ်သည့် မြန်မာ တနိုင်ငံလုံး၏ အိမ်ထောင်စုများ၏ ၅၀ ရာ ခိုင်နှုန်းကို ဓာတ်အားစနစ် ဖြန့်ဖြူးနိုင်သည့် အခြေအနေအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်အား ထုတ်လုပ်မည့် စက်ရုံအသစ် ၇ ရုံမှာ ကျွန်းချောင်း ဓာတ်အားပေး စက်ရုံ၊ အလုံ ဓာတ်အားပေး စက်ရုံ၊ ကျောက်ဖြူရှိ သဘာဝဓာတ်ငွေ့ရည် (LNG)သုံး ဓာတ်အားပေးစက်ရုံ၊ သီလဝါရှိ သန်လျင် ဓာတ်အားပေးစက်ရုံ၊ သာကေတ ဓာတ် အားပေးစက်ရုံ (LNG သုံး)၊ မကွေးတွင် ၆၆ မဂ္ဂါဝပ် ထွက်ရှိမည့် ရွှေသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် ရွှေတောင် ဓာတ်အားပေး စက်ရုံတို့ဖြစ်ပြီး ယင်းစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ၁၁၆၅. ၅၄ မဂ္ဂါဝပ်ကို တိုးမြှင့် ထုတ်လုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၃၇၉၈ မဂ္ဂါဝပ် ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်အတွက် လျှပ်စစ် လိုအပ်ချက်မှာ ၄၅၃၁ မဂ္ဂါဝပ် လိုအပ်သဖြင့် နွေရာသီ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကြိုတင် တွက်ချက် ဆောင်ရွက် ခြင်း ဖြစ်ကြောင်း MOEE က ဆိုသည်။
လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “အခုလို အချိန်တောင် ပျက်နေတော့ နွေလည်း မီးပျက်တာတွေ တော့ ရှိနေမယ်လို့ ထင်ပါတယ်။ ပြည်ပမှာဆို မီးပျက်တယ်ဆိုတာ မရှိသလောက်ပဲ။ ဒီမှာကတော့ ဒီအချိန်တောင်မှ မီး ပျက်တာတွေ ရှိနေတယ်လေ။ ဒါက သည်းခံပြီး လုပ်နေရတာပဲ။ ဒါကို အကြာကြီး ပျက်မယ်ဆိုရင်တော့ ဒီဇယ်သုံးရရင် တော့ မကိုက်ဘူးပေါ့” ဟု ပြောသည်။
မြန်မာတနိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အား ရရှိမှု အနေဖြင့် ၂၀၁၅ -၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၆၉၈သန်း (၃၄ ရာခိုင်နှုန်း)၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အိမ်ထောင် စုပေါင်း ၄ ဒသမ ၁၁၁ သန်း (၃၇ ဒသမ ၇၉ ရာခိုင်နှုန်း) ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၄ ဒသမ ၃၃၇ သန်း (၃၉ ဒသမ ၈၈ ရာခိုင်နှုန်း)၊ ၂၀၁၈-၂၀၁၉ ခုနှစ် တွင် အိမ်ထောင်စုပေါင်း ၅ ဒသမ ၁၄သန်း (၄၇ ဒသမ၂၅ ရာခိုင်နှုန်း) နှင့်၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အိမ်ထောင်စု ပေါင်း ၅ ဒသမ ၃၅၆ သန်း (၄၉ ဒသမ၂၄ ရာခိုင်နှုန်း )ကို ဓာတ်အားစနစ်မှ ရရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက သိရ သည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့် ကမ္ဘာ့ဘဏ်က ပိတ်ပင်ထားသော တရုတ်ကုမ္ပဏီ ရ
ယခုနှစ်ကုန် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းထိ ရရှိရေး ကြိုးပမ်းနေ
လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ဖိတ်ခေါ်မည်ဟု MIC ပြော
LNG လျှပ်စစ်မီး စီမံကိန်း တကယ် အလုပ်ဖြစ်မလား