လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ICJ နိုင်ငံတကာတရားရုံးတွင် ခုခံချေပရန် ကြိုးစားနေစဉ်အတွင်း ကက်သလစ် သာသနာပိုင် ချားလ်ဘိုက မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဆင်းရဲအပြစ်ကင်းသူများကို အပြစ်မပေးသည့် လုပ်ငန်းများကိုသာ လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
အပြင်းအထန် ဒဏ်ရာရရှိနေသော နိုင်ငံကို ပြန်လည်ကုစားရန်လိုသောကြောင့် လက်နက်နှင့် အကြမ်းဖက်မှုများကို စွန့်လွှတ်ပြီး တရားမျှတမှုနှင့် အမှန်တရားမှတဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်အောင်ကြိုးစားရန် မြန်မာနိုင်ငံမှ ထင်ရှားသော ကက်သလစ်ကျောင်းတော် သာသနာပိုင်က နိုင်ငံ့ခေါင်းဆောင်များကို မေတ္တာရပ်ခံလိုက်သည်။
“မြန်မာနိုင်ငံသည် နှစ်ပေါင်း ၇၀ မျှ စက်စုတ်စရာ သွေးထွက်သံယိုမှုများ၊ သေဆုံးမှုများ၊ အဖျက်လုပ်ရပ်များ၊ ကျေးကျွန်ပြုခြင်း၊ အဓမ္မပြုကျင့်မှု များနှင့် ဒဏ်ရာ အနာတရဖြစ်ခြင်းတို့ဖြစ်စေသော တိုင်းရင်းသား ပဋိပက္ခ၊ အာဏာရှင်စနစ်နှင့် ဘာသာရေး အမျိုးသားရေး ဝါဒတို့ကြောင့် တစစီ စုတ်ပြဲနေသည်” ဟု ရန်ကုန် ဂိုဏ်းချုပ် ကက်သလစ်သာသနာပိုင် ဆရာတော် ချားလ်ဘိုက ဖော်ပြသည်။
“စစ်နှင့် အမုန်းသည် လူသိန်းပေါင်းများစွာကို နေရပ်စွန့်ခွာ ရစေသည်။ မိမိတို့၏ သဘာ၀ ပတ်ဝန်းကျင်သည် ခြိမ်းခြောက်ခံနေရပြီး စီးပွားရေးသည် ပျက်ယွင်းနေကာ ပညာရေးမှာ အစွန့်ပယ်ခံနေရသည်” ဟု ကက်သလစ်သာသနာပိုင် ဆရာတော်က ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့က အများပြည်သူသို့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
“လွန်ခဲ့သော နှစ်များအတွင်း နိုင်ငံမှ အစုလိုက်အပြုံလိုက် စွန့်ခွာရသောကြောင့် မြန်မာ့မြေမှ မိမိတို့ ညီအစ်ကို မောင်နှမမျိုးဆက်များသည် ၎င်းတို့၏ နိုင်ငံမဟုတ်သောနိုင်ငံများ၊ ယဉ်ကျေးမှုများတွင် သွားရောက်ကြီးပြင်း နေရသည်” ဟု ၎င်းက မှတ်ချက်ပြုသည်။
နှစ်ပေါင်းများစွာ အထီးကျန်နေထိုင်ပြီးနောက် လွန်ခဲ့သော ၇ နှစ်က မြန်မာနိုင်ငံ တံခါးဖွင့်လိုက်ချိန်မှ စတင်ပြီး မျှော်လင့်ချက်အလင်းရောင် တချို့ရှိခဲ့သောလည်း မဲနက်သော တိမ်များသာ အစားထိုး ဝင်ရောက်လာကြောင်း အာရှသာသနာပိုင်ဂိုဏ်းချုပ်များ ညီလာခံ အဖွဲ့ချုပ် (FABC) ၏ ဥက္ကဋ္ဌလည်း ဖြစ်သော ဂိုဏ်းချုပ်ဆရာတော်က ပြောသည်။
သူသည် ရှေ့နေနှင့် နိုင်ငံရေးသမားမဟုတ်ကြောင်း အသက် ၇၁ နှစ်ရှိပြီဖြစ်သော ဆရာတော်က မိန့်ကြားသည်။ သို့သော် ကက်သလစ် ဘုန်းတော်ကြီးတပါးအနေဖြင့် ငြိမ်းချမ်းရေးအတွက် တရားမျှတမှုလိုကြောင်း၊ ပြန်လည်သင့်မြတ်ရေးအတွက် အမှန်တရားကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း ပြောသည်ဟု ဆရာတော်က ဆိုသည်။
ထို့ကြောင့် ဆရာတော်က မြန်မာခေါင်းဆောင်များအနေဖြင့် ဆယ်စုနှစ်များစွာကြာသော ပဋိပက္ခကို ငြိမ်းချမ်းသော နိုင်ငံရေးအဖြေရှာရန်နှင့် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်သစ်ကို စတင်ရန် လက်နက်များနှင့် အကြမ်းဖက်မှုများကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံမှ လူမျိုးဘာသာမရွေး လူမှုအသိုင်းအဝန်း အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ဆရာတော်က မေတ္တာရပ်ခံသည်။
တရားမျှတမှုကို ရှာဖွေရန်အတွက် အစီအစဉ်များကို လုပ်ဆောင်ရန် စဉ်းစားရာတွင် မြန်မာပြည်သူများ၏ ဘဝသာယာစိုပြေရေးကိုလည်း ထည့်သွင်းစဉ်းစားရန် ဆရာတော်က နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းလိုက်သည်။
ရိုဟင်ဂျာမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်အတွက် နယ်သာလန်နိုင်ငံ သဟိဂ်ရှိ နိုင်ငံတကာ တရားရုံးတွင် ခုခံချေပရန် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်နေချိန်တွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်က မြန်မာတပ်မတော်က ပြုလုပ်သည့် သွေးထွက်သံယိုများသော စစ်ရေးဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မွတ်စလင် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးသူများက ထိုစစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော စစ်ဆင်ရေးများဖြစ်သည်ဟု ဆိုသည်။ ထိုသို့ထွက်ပြေးသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းအထိရှိလာသည်။
မြန်မာ့တပ်မတော်သည် ကချင်၊ ကယား၊ ကရင်၊ ရခိုင်နှင့်ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ရက်စက်ကြမ်းကြုတ်သော စစ် ဆင်နွှဲနေသည်။ ထိုစစ်ပွဲများကိုလည်း ဆရာတော်ကြီးက ယခင်ကပင် ရှုတ်ချခဲ့ပြီးဖြစ်သည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အပြစ်ပေးရန် အားထုတ်ရာတွင် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် တာဝန်မရှိသူများအား ဒဏ်မခတ်စေရန် ဆရာတော်က နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းသည်။
“လွန်ခဲ့သော ၇ နှစ်အတွင်း ကမ္ဘာသို့ တံခါးဖွင့်လာသော ထိခိုက်လွယ်သည့် မရေရာသော ခြေလှမ်းများလှမ်းနေရသည့် မြန်မာပြည်သူများကို သိမ်းကြုံးဒဏ်မခတ်ရ” ဟု ဆရာတော်ကပြောသည်။
အဆင်းရဲဆုံးသူများကို မထိခိုက်ဘဲ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပြောင်ကျသော မတရားမှု တိုက်ရိုက်ကျူးလွန်သူများကိုသာ ပစ်မှတ်ထားသော အစီအစဉ်များချမှတ်ရန်လည်း ဆရာတော်က တိုက်တွန်းသည်။
တရားမျှတမှုအတွက် ထုတ်ဖော်ပြောဆိုရန် တောင်းဆိုခြင်းကို အလေးနက်ထားသော ကက်သလစ်ကျောင်းတော်၏ ကိုယ်စား ပြောကြားခြင်းဖြစ်ကြောင်းလည်း ဆရာတော်ကပြောသည်။
“ကက်သလစ် ကျောင်းတော်အနေဖြင့် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေပြီး အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးသည် တခရီးတည်း သွားနေသည်” ဟု ဆရာတော်ချားလ်ဘိုက ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား
မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ
စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဆုတောင်း