ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် သားသမီး ၂ ဦးကို ထိုင်းနိုင်ငံ မှ တဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းယူရန်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတဦးက အတည်ပြုသည်။
၎င်းးက “ထိုင်းမှာ ဖမ်းမိတာ ဟုတ်ပါတယ်။ ဒီရက်ပိုင်း လွှဲပြောင်းမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူ ကို ယခုလ ၄ ရက်နေ့က ချင်းမိုင်မြို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနက ဗီဇာတိုးရန်လာရောက်စဉ်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ထိန်းသိမ်းထားပြီး လွှဲပြောင်းမည့် အထဲတွင် ၁၁ နှစ် အရွယ် သမီး တဦးနှင့် ၁ နှစ်ကျော် အရွယ် သားတဦးပါ ပါဝင်ကြောင်းသိရသည်။
၎င်းတို့ ၃ ဦးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းရန်အတွက် ချင်းမိုင်မြို့မှတဆင့် ချင်းရိုင်းမြို့သို့ ခေါ်ဆောင်ထားပြီး ထိုမှတဆင့် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းကာ မြန်မာနိုင်ငံ အတွင်းသို့ လွှဲပြောင်း ပို့ဆောင်ရန် ဆောင်ရွက် နေကြောင်း ချင်းမိုင်တွင်ရှိသော သတင်းရင်းမြစ် တဦးက ပြောသည်။
၎င်းက “လောလောဆယ်ကတော့ ချင်းရိုင်းမှာပဲ ရှိသေးတယ်။ မြန်မာပြည်ဘက်က အဖွဲ့တွေကတော့ မယ်ဆိုင်ကနေ တက်လာပြီး ချင်းရိုင်းကို ရောက်နေပြီပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူသည် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ၏ သမီးလည်း ဖြစ်သည်။ သမီးဖြစ်သူ အဖမ်းခံရသည့် သတင်းများကို မီဒီယာများထံမှတဆင့် ကြားသိရကြောင်း ဦးစံကျော်လှ က ဧရာဝတီသို့ ပြောသည်။
ဦးစံကျော်လှ က “သတင်းမှာတွေ့တယ်။ လောလောဆယ် အခြေအနေ အတိအကျ တခုမှ မသိရသေးတော့ ပြောစရာ မရှိသေးပါဘူး” ဟု ဧရာဝတီက ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် သားသမီးများကို ထိန်းသိမ်းထားရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ထိုင်းအစိုးရ ဘက်က အတည်ပြု ထုတ်ပြန်ချက် မရှိသေးသလို မြန်မာအစိုးရဘက်ကလည်း တစုံတရာ ထုတ်ပြန်ချက် မရှိသေးပါ။
ထိုင်းနိုင်ငံတွင် ရှိနေသည့် ရခိုင်တိုင်းရင်းသား အချို့က ဒေါ်နှင်းဇာဖြူနှင့် ကလေး ၂ ဦးမှာ မည်သည့် အပြစ်မှ မရှိကြောင်း ထို့ကြောင့် မြန်မာနိုင်ငံသို့ မလွှဲပြောင်းမီ လွတ်မြောက်ရေး အတွက် ထိုင်းအစိုးရထံ တောင်းဆိုသွားရန် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသား ပါတီ (ANP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က “ထွန်းမြတ်နိုင်ရဲ့ ဆွေးမျိုး ဆိုတာထက် သူတို့ ဘာလုပ်ခဲ့သလဲ ဆိုတဲ့အပေါ်မှာ တရားစွဲခံရနိုင်တယ်။ အစိုးရမှာ ဘယ်လောက် အထောက် အထား ရှိလဲဆိုတာ မပြောတတ်ဘူး” ဟု ဆိုသည်။
အောက်တိုဘာ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှ ရန်ကုန်သို့ လေကြောင်းဖြင့် ပြန်လာသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့် လာကြိုသည့် ဇနီးဖြစ်သူ မယမင်းမြတ်(ခ) မိုးနှင်းဖြူတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးပြီးနောက် သတင်းတပ်ဖွဲ့ (ရန်ကုန်)မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ထို့အတူ ယခုနှစ် ဇူလိုင် ၁၁ ရက်နေ့ကလည်း AA အတွက် ငွေကြေး ကောက်ခံပေးပြီး ထောက်ခံသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရခိုင်အသင်း (စင်ကာပူ) မှ ခေါင်းဆောင်များကို စင်ကာပူနိုင်ငံတွင်း ဖမ်းဆီး စစ်ဆေး၍ ပြည်နှင်ဒဏ် ပေးခံရသည်။ မြန်မာမာနိုင်ငံသို့ ပြန်ရောက်ချိန်တွင် ထိုလူငယ် အဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ထိုအထဲတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ဦးအောင်မြတ်ကျော် အပါအဝင် ဦးထွန်းအေး၊ ဦးဟိန်းဇော်၊ ဦးရဲကျော်ထက်၊ ဦးတင်လှိုင်ဦး၊ ဒေါ်အေးမြတ်မွန်တို့ ပါဝင်သည်။
ဆက်လက်ဖတ်ရှူရန် –
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး အဖမ်းခံရ
AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်
AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖကို တရားစွဲနိုင်ရေး ရဲတပ်ဖွဲ့ ဆက်ကြိုးပမ်းနေ
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ