သတင်း

ကျောက်တော်တွင် ပစ်ခတ်မှုဖြစ်၊ ကျောင်းသားလေး ၁ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ် ပိုက်သည် ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး တတိယတန်း ကျောင်းသားလေး ၁ ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသည့် ကျောင်းသားလေးမှာ အသက် ၉ နှစ်အရွယ် မောင်ကျော်မင်းမြတ် ဖြစ်ပြီး ပေါက်ကွဲသံ တခုကြောင့် စာသင်ကျောင်းကနေ အိမ်သို့ ပြေးလာစဉ် ရွှေကျောင်းဘုန်းတော်ကြီး ကျောင်းအနီး လမ်းပေါ်တွင် ကျည်ဆန် ထိမှန် ခြင်း ဖြစ်ကြောင်း အဒေါ်ဖြစ်သူ ဒေါ်ချိုချိုအေးက ပြောပြသည်။

ဒေါ်ချိုချိုအေးက“ကျမတူလေးက ဒီနေ့မနက် ၉ နာရီလောက်မှာ ကျောင်းတက်ဖို့သွားတာ။ ကျောင်းကို ရောက်တော့ ပေါက်ကွဲသံ ကြားလို့ ကြောက်လန့်ပြီး ကျောင်သားတွေ အားလုံး အိမ်ပြန် ပြေးကြတယ်။ အဲဒီအချိန် ရွှေကျောင်း ဘုန်းကြီးကျောင်း အနီး လမ်းမကနေ စစ်သား သုံးယောက်ကနေ သေနတ်တွေနဲ့ ပစ်ပါတယ်။ အဲဒီမှာ ကျမတူလေး အိမ်ထဲ ပြေးဝင်ဖို့ လုပ်နေတုန်း ပစ်ခတ်ခံလိုက်ရတာ။ ကလေးက ကျမလက်ထဲမှာ သေသွားတယ်။ ကျောင်းသားကို ပစ်တဲ့ကိစ္စ ကျမ လုံးဝ မကျေနပ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ မောင်ကျော်မင်းမြတ်သည် မိဘနှစ်ပါး မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်နေသည့် အတွက် အဒေါ်ဖြစ်သူ ဒေါ်ချိုချိုအေး မိသားစုနှင့်အတူ နေထိုင်ကြောင်းလည်း သိရသည်။

ကျောက်တော်မြို့ခံများကလည်း တပ်မတော်သားများ ယာယီစခန်းချနေသည့် ကျောက်တော်မြို့ ရွှေကျောင်း ဘုန်းတော် ကြီး ကျောင်းအနီးတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲသံတခုကြားရပြီး နောက်ပိုင်း သေနတ် ပစ်ခတ်သံများကို ကြားရ ကြောင်း ပြောဆိုကြသည်။

ကျောက်တော်မြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က“ဒီနေ့ မနက် ၉ နာရီလောက်မှာ ပေါက်ကွဲ သံ တခုကြားရတယ်။ အဲဒီနောက်ပိုင်း သေနတ်ပစ်သံတွေကြားရတယ်။ ပစ်သံကြားတော့ အနီးအနားက ပြည်သူတွေ က ကမန်းကတန်း ထပြေးကြတော့ တိတိကျကျ ဘာဖြစ်တာလဲဆိုတာ ပြောဖို့ခက်တယ်။ ၁၀ နာရီလောက်မှာ ကလေး တယောက် ကျည်ထိတယ်ကြားလို့ ဆေးရုံကို သွားကြည့်လိုက်တော့ ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးသွားတာကို တွေ့ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ရွှေကျောင်း ဘုန်းတော်ကြီးကျောင်း ဝန်းကျင်တွင် လုံခြုံရေး ယူနေသော တပ်မတော်သားများကို AA အဖွဲ့က RPG နှင့် လှမ်း၍ ပစ်ခတ်သည်ဟု ပြောဆို သည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“ကျနော် စုံစမ်းသိရှိသလောက်က ကျနော်တို့ တပ်မတော်က ရွှေကျောင်းဝန်းကျင်မှာ လုံခြုံ ရေး လုပ်ပြီး နေတဲ့အချိန် ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ AA ကနေပြီးတော့ ကုန်သွယ်လယ်ယာ ဘက်ကနေ RPG တလုံး လှမ်းပစ်တယ် ပြောတယ်။ ဘာမှတော့ မဖြစ်ဘူး။ ရွှေကျောင်း ဘုန်းကြီးကျောင်းထဲက အပင်ကြီးတပင်ကို လာ ထိပြီး ပေါက်ကွဲသွားတယ်လို့ ပြောတယ်။ ကျန်တာကတော့ ကျနော်လည်း ခရီးသွားနေလို့ မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ ကမူ ကျောက်တော်မြို့သို့ သွားရောက်ပစ်ခတ်ခြင်း မရှိသလို ထို ရွှေကျောင်း အနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ပြောဆိုသည်။

ဦးခိုင်သုခက“ကျနော်တို့ အနေနဲ့ ကျောက်တော်မြို့ကို သွားရောက် ပစ်ခတ်တာလည်း မရှိဘူး။ အဲဒီ ရွှေကျောင်းနားမှာ လည်း တိုက်ပွဲဖြစ်တာ မရှိဘူး။ သူတို့ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်ချင်လို့ ရှိရင် ကျနော်တို့ ပစ်လို့ ပြန်ပစ်ရပါ တယ် ဆိုပြီး အဲဒီလိုတွင်တွင် သုံးပြီး သူတို့ အရင်လည်း ဒီလို လုပ်ခဲ့တာတွေ ရှိတယ်။ ICJ (အပြည်ပြည် ဆိုင်ရာ တရားရုံး) ကိုသွားဖို့ လုပ်နေတဲ့ဆဲဆဲမှာပဲ ဒီလို လက်ရဲဇက်ရဲ လုပ်တယ်ဆိုရင် ဒီမတိုင်ခင် ဘယ်လောက် စစ်ရာဇဝတ်မှု များကို ကျုးလွန်မလဲဆိုတာ အားလုံး စဉ်စားကြည့်ရင် သိနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်တော်မြို့ခံ အများစုကမူ ယနေ့ နံနက်ပိုင်းက အဆိုပါ တပ်မတော်သားများ နေထိုင်ရာ ရွှေကျောင်းအနီး ဝန်းကျင်တွင် ပေါက်ကွဲသံတခုကို ကြားရပြီး AA က လာပစ်ခြင်းလား၊ မိုင်းပေါက်ကွဲခြင်းလား၊ တပ်မတော်သား အချင်း ချင်း အထက်အောက် အဆင်မပြေ၍ ပစ်ခတ်ခြင်းလား ဆိုသည်ကို တိတိကျကျမသိကြောင်း ပြောဆိုသည်။

လက်ရှိအချိန်တွင် သေဆုံးသွားသည့် တတိယတန်း ကျောင်းသားကလေး မောင်ကျော်မင်းမြတ်၏ ရုပ်အလောင်းကို  ဆေးစစ်ချက်များ ရယူရန် ကျောက်တော် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း ယခုလဆန်းပိုင်းတွင်ပင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂ ဦး ရှိသည်။

ဒီဇင်ဘာလ ၁ ရက်နေ့က မြောက်ဦးမြို့နယ် ရှာရှည်ပြင်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ငယ် ၃ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် နလိပ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ထိုနေ့ ညနေပိုင်းတွင် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက် အတွင်း လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်၍ ကလေးငယ် ၂ ဦး နှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ တနှစ်ကျော်အထိ ကြာမြင့်လာပြီ ဖြစ်ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများလည်း အရပ်သား အစိုးရလက်ထက် တိုက်ပွဲဖြစ်ပွားမှုတွင် အများဆုံး တိုက်ပွဲတခုလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နှစ်ဘက် ထိတွေ့ တိုက်ခိုက်မှုများလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက် ရှိပြီး တိုက်ပွဲ အချိန် ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ ဖမ်းဆီးခံရမှုများလည်း တနေ့ထက်တနေ့ များပြားလာမှုနှင့် အတူ စစ်ပွဲ ဧရိယာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

ယင်းသို့ တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနှင့် ပက်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က လွှွတ်တော်တွင် အဆို တရပ် တင်သွင်းခဲ့သည်။

အဆိုအပေါ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ကန့်ကွက်ကြသော်လည်း ပါတီ အသီးသီးမှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည့်အတွက် စက်တင်ဘာလ ၂၃ ရက်နေ့ ကျင်းပသော ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အဆိုအား အတည်ပြုခဲ့သည်။

ထိုသို့ အဆိုအောင်သော်လည်း အစိုးရအနေဖြင့် လက်ရှိအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသလို တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်းလည်း မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ဧရာဝတီသို့ ပြောဆိုထားသည်။

စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ နှင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေကြောင်းလည်း ဦးထွန်သာစိန်က လွှတ်တော်တွင်တင်ပြ ဆွေးနွေးခဲ့သည်။

နေ့စဉ်နှင့်အမျှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီးခံရမှုများ ရှိနေသည့်အတွက် နောက်ထပ်တိုးလာသော သေဆုံးသူ၊ ထိခိုက်သူ အရေအတွက်ကိုမူ စာရင်း မပြုစုနိုင်သေးဟု ဆိုသည်။

You may also like these stories:

မြောက်ဦး ပစ်ခတ်မှု ရွာသား ၅ ဦးထိခိုက်ဒဏ်ရာရ

ကျောက်မဲတွင် ၂ လအတွင်း မိုင်းထိလူနာ ၁၀ ဦး ကျော်ရှိပြီး ၃ ဦး သေဆုံးခဲ့

ဘူးသီးတောင်တွင် နယ်ခြားစောင့် ရဲယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ ၂ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှု စုံစမ်းရေးအဖွဲ့ ဖွဲ့ရန် လွှတ်တော် အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading